- Thu, 13 March 2025
မြန်မာနိုင်ငံသည် ရေသယံဇာတပေါကြွယ်ဝပြီး နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းကို ကျယ်ပြန့်သောမြစ်ချောင်းများ၏ ရေဝေရေလဲဧရိယာများဖြင့် လွှမ်းမိုးထားသည့်အပြင် နိုင်ငံ၏ ပြည်သူအများစုသည်လည်းလယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်ဆက်စပ်၍ အသက်မွေးဝမ်းကျောင်းပြုနေသူများဖြစ်ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်များတွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ကိုလည်းချမှတ်ဆောင်ရွက်လျက်ရှိသည်။
အထက်ပါ ဦးတည်ချက်နှင့်အညီ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် “ရေ” လုံလောက်စွာရရှိရေးမှာအဓိကကျသဖြင့် ရေရရှိရေးအတွက် ဆိုလာစနစ်ကိုအဓိကထား၍ နည်းလမ်းမျိုးစုံဖြင့် ကြံဆစီမံဆောင်ရွက်ပြီး သီးနှံများကို သီးထပ်စိုက်ပျိုးရေး၊ အထွက်နှုန်းကို သတ်မှတ်ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက်ဆောင်ရွက်ရမည်ဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင်လုပ်ငန်း ၂၂၇ ခုတို့မှ စိုက်ပျိုးရေ၊ သောက်သုံးရေ ပေးဝေခြင်းဆောင်ရွက်လျက်ရှိရာ လက်ရှိဆောင်ရွက်ပြီး လျှပ်စစ်ရေတင်လုပ်ငန်းများတွင် ဆိုလာစနစ်တိုးချဲ့ပြောင်းလဲတပ်ဆင်ခြင်းနှင့် ဆိုလာစနစ်ရေတင်စီမံကိန်းအသစ်များ တိုးချဲ့ဆောင်ရွက်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ စိုက်ပျိုးမြေ ၆၀၈၀၆ ဧကအတွက် ရေတင်လုပ်ငန်း ၄၇ ခုတွင် ဆိုလာကီလိုဝပ် ၉၀၉၂ ဒသမ ၄၇၊ စိုက်ပျိုးမြေ ၂၈၉၈ ဧကအတွက် စက်ရေတွင်း ၂၂၄ တွင် ဆိုလာကီလိုဝပ် ၁၂၉၇ ဒသမ ၆၁ စုစုပေါင်း လုပ်ငန်း ၂၇၁ ခုတွင် ဆိုလာကီလိုဝပ် ၁၀၃၉၀ ဒသမ ၀၈ တပ်ဆင်၍ စိုက်ပျိုးမြေ ၆၃၇၀၄ ဧကအား စိုက်ပျိုးရေပေးဝေလျက်ရှိသည်။ ထို့ပြင် ရေတင်လုပ်ငန်းများမှ အသုံးပြုနေသော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ပြီး လျှပ်စစ်ရေတင်လုပ်ငန်းများတွင် ဆိုလာစနစ်ပူးတွဲတပ်ဆင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျပြီး မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုးရေရရှိရေးအတွက် နိုင်ငံတော်မှ နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ကိုသာ အဓိကအားကိုးမနေဘဲ တောင်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုအပ်သည်။ နိုင်ငံတော်ကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်မှသာ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများအတွက် လျင်မြန်သော အကျိုးပြုမှုကို ရရှိနိုင်မည့်ဖြစ်သည်။
နိုင်ငံတော်မှလည်း တောင်သူများ စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာစနစ် စိုက်ပျိုးရေ စက်ရေတွင်းများ တူးဖော်ခြင်း၊ လက်ရှိအသုံးပြုနေသော စိုက်ပျိုးရေ စက်ရေတွင်းများတွင် ဆိုလာစနစ်တပ်ဆင်ခြင်း၊ မြစ်/ချောင်း/ကန်/မြောင်းများမှ ရေကိုဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ လွန်စွာသက်သာသော အတိုးနှုန်းထား (တစ်နှစ်လျှင်၂ရာခိုင်နှုန်း) ဖြင့် ချေးငွေကာလ တစ်နှစ်ခြောက်လသက်မှတ်ပြီး ထုတ်ချေးပေးလျက်ရှိသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၆၀၄ ဒသမ ၂၀ သန်းဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၉ မြို့နယ်၊ တောင်သူ ၁၃၂ ဦး၊ လုပ်ငန်း ၁၆၅ ခု မှ စိုက်ပျိုးမြေ ၁၃၉၂ ဒသမ ၃၃ ဧက အတွက်စိုက်ပျိုးရေရရှိရေး ပထမအကြိမ်အနေဖြင့် ထုတ်ချေးပေးပြီးဖြစ်သည်။ ဒုတိယ အကြိမ်အနေဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့နယ် ၁၃ မြို့နယ်၊ တောင်သူ ၇၉ ဦး၊ လုပ်ငန်း ၇၉ ခုမှ စိုက်ပျိုးမြေ ၅၂၂ ဒသမ ၇၁ ဧက စိုက်ပျိုးရေရှိရေးအတွက် ရန်ပုံငွေကျပ် ၃၉၀ ဒသမ ၆ သန်း၊ တတိယ အကြိမ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်တို့အတွင်းရှိ ဒေသခံတောင်သူ ၁၅၂ ဦး၊ လုပ်ငန်း ၁၅၂ ခုမှ စိုက်ပျိုးမြေ ၉၁၂ ဧက စိုက်ပျိုးရေရရှိရေးအတွက် ရန်ပုံငွေကျပ်သန်း ၁၀၀၀ ထပ်မံထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်ရှိ ဝမ်းပြည့်လျှပ်စစ်ရေတင်လုပ်ငန်းတွင် ၁၆၅ ကီလိုဝပ် ဆိုလာစနစ်တွဲဖက်တပ်ဆင်ခြင်းနှင့် ရေသောက်စနစ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်၍ စိုက်ပျိုးမြေ ဧက ၄၅၀ ပြည့် စိုက်ပျိုးရေပေးဝေနိုင်ရေးဆောင်ရွက်ခြင်းနှင့် အလျင်အမြန် အကျိုးရလဒ် (Quick Win) ရရှိနိုင်မည့် ရေတင်စီမံကိန်း ၅၉ ခုအနက်မှ တစ်နှစ်ခန့်အတွင်းပြီးစီးနိုင်မည့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ ကျွန်းဦးဆိုလာစနစ် ရေတင်စီမံကိန်း (အကျိုးပြုဧက-၅၀၀)၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ဆိပ်သာဆိုလာစနစ် ရေတင်စီမံကိန်း (အကျိုးပြုဧက-၂၀၀)၊ ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်ရှိ သာယာကုန်း ဆိုလာစနစ်ရေတင်စီမံကိန်း (အကျိုးပြုဧက-၄၅၀) များအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် GRF ရန်ပုံငွေဖြင့် လုပ်ငန်းများ ချက်ချင်းစတင်ပြီး စိုက်ပျိုးရေရရှိရေးအတွက် အလျင်အမြန် အကျိုးပြုစေရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားကို ကုန်ထုတ်စွမ်းအားတိုးတက်မြင့်မားစေရေးအတွက် အဓိကထား၍ ဖြန့်ဝေပေးနေသည့်အချိန်တွင် စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာစနစ်သုံး ရေတင်လုပ်ငန်းများအား အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ ဒေသနေပြည်သူများ၏ လူမှုစီးပွားတိုးတက်လာခြင်းနှင့်အတူ နိုင်ငံတော်၏ စားရေရိက္ခာဖူလုံမှုနှင့် စိုက်ပျိုးစီးပွားကဏ္ဍတိုးတက်မြင့်မားလာမည်ဖြစ်ကြောင်းတင်ပြအပ်ပါသည်။ ။
ဦးရဲဝင်းထွန်း(ဆည်/ရေ)