- Wed, 5 March 2025
ဆောင်းပါး - အိအိစံ(Sugar Land)
ဓာတ်ပုံ - ကောင်းထွဋ်ဦး/ရေအရင်းအမြစ်
ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်း မတ်လ(၁)ရက်နေ့က (၆၃)ကြိမ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြုလုပ်သည့် မျိုးစေ့ပြပွဲကို သွားရောက်လေ့လာရန်အတွက် ကျွန်မတို့ ကံဦးကျေးရွာမှ တောင်သူလယ်သမားများသည် ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူး၏ စီစဉ်ပေးမှုဖြင့် သွားရောက်လေ့လာခဲ့ကြသည်။
ပြပွဲတွင် နေကြာသီးနှံမျိုးကွဲအမျိုးမျိုး၊ ချည်မျှင်ရှည်ဝါမျိုးကွဲများ၊ နှံစားသီးနှံများ ၊ ဆီထွက် သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်) မျိုးကောင်းမျိုးသန့်စိုက်ခင်းများ၊ စင်တင်သစ်သီးဝလံ (ဘူး၊ ဖရုံ၊ သခွား) အပါအဝင် အမျိုးအစားပေါင်း(၃၉)မျိုး သီးပွင့်ဝေဆာနေသည်ကို တွေ့ခဲ့ရသည်။ ငှက်ပျော၊ မာလကာ၊ ပိန္နဲ၊ စပျစ်၊ သရက်နှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးပြသထားသည်ကိုလည်း လေ့လာ ခွင့်ရခဲ့သည်။
ပြပွဲတွင် မျိုးစေ့ချကိရိယာအမျိုးမျိုး၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ လာရောက်ခင်းကျင်း ပြသ သောမျိုးစေ့များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်လုပ်ဖြန့်ဖြူးသော မျိုးစေ့အမျိုးမျိုးကို လေ့လာ ခွင့်ရခဲ့သည်။ ရွာမှ အတူပါလာကြသော တောင်သူလယ်သမားကြီးတို့ကလည်း သိလိုသည်များကို မေးမြန်းစူးစမ်းနေကြသကဲ့သို့ အနယ်နယ်မှ လာရောက်ကြသော လေ့လာရေး တောင်သူများကလည်း စိုက်ခင်းများထဲသို့တစ်စု၊ ပြခန်းများသို့တစ်သွယ်၊ ဆွေးနွေးပွဲများဆီသို့ တစ်လီ အသီးသီး စည်စည် ဝေဝေဖြင့် မေးမြန်းလေ့လာကြည့်ရှုလျက်ရှိပြီး ပြပွဲတာဝန်ခံများကလည်း အားတက်သရောဆွေးနွေး ဖြေကြားပေးလျက်ရှိကြသည်။
အဆိုပါပြပွဲအတွင်း အဓိကစိတ်ပါဝင်စားစွာ လေ့လာခဲ့သည်မှာ ဆိုလာစနစ်ဖြင့် ရေတင်၍ စိုက်ပျိုးရေပေးဝေခြင်းပင်ဖြစ်သည်။ သရုပ်ပြရေကန်လေးမှ ဆိုလာစနစ်ဖြင့် ရေတင်ပြသနေသည်ကပင်လျှင် မြင်ရသည်မှာ အေးချမ်းလှပေသည်။ ကျွန်မအနေဖြင့် အသေးစိတ်သိလို၍ ဆိုလာစနစ်ဖြင့် ရေတင်မှုပြခန်း၌ တာဝန်ကျသော ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန(ရေအရင်းအမြစ်)မှ တာဝန်ရှိသူများအား လေ့လာခဲ့သည်များကို သိရှိစေရန် ဖောက်သည်ချလိုက်ရပါသည်။
ရေတင်ဆိုလာပန့် အမျိုးအစားများ
ဆည်မြောင်းနှင့် ရေအရင်းအမြစ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်သက်က ဆွေးနွေးရာ၌ ယခုပြသထားသည်မှာ နေရောင်ခြည်စွမ်းအင်သုံး ရေပေးသွင်းနေသည့် ရေတင်ဆိုလာပန့် အမျိုးအစားများက သုံးလက်မရေမြှုပ်ပန့်၊ ခြောက်လက်မရေမြှုပ်ပန့်နှင့် အသေးစားစိုက်ပျိုးရေးသုံး ဆိုလာပန့်များဖြစ်ကြကြောင်း၊ သုံးလက်မရေတင်ဆိုလာပန့်စနစ် အသုံးဝင်ပုံမှာ တစ်ရက်ရေတင်နိုင်မည့်နာရီမှာ ရှစ်နာရီဖြစ်ပြီး တစ်ရက်ရရှိနိုင်မည့် ရေပမာဏမှာ ဂါလန် ၃၆၀၀၀ ဖြစ်ကြောင်း၊ သီးနှံသက်တမ်းရက် ၁၀၀ အတွက်ရေဂါလန် ၃၆ သိန်း ရရှိမည်ဖြစ်၍ ဆီထွက်သီးနှံနှင့်ပဲမျိုးစုံ (၆)ဧကကို စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်း၊ သီးနှံသက်တမ်း ၁၃၅ ရက် အတွက်ဆိုလျှင် ရေဂါလန် (၄၈)သိန်း ရရှိမည်ဖြစ်၍ နွေစပါး (၃)ဧကကို လုံလောက်စွာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ သုံးလက်မ ရေတင်ဆိုလာပန့်စနစ် ဝယ်ယူတပ်ဆင်ခြင်း ကုန်ကျစရိတ်အနေဖြင့် ဆိုလာရေတင်ပန့်နှင့် မော်တာအတွက်ငွေကျပ်ခြောက်သိန်း၊ (၆၉၀) ဝပ် ဆိုလားပြားနှစ်ချပ်အတွက် ငွေကျပ် ၁၁သိန်း၆သောင်း၊ လျှပ်စစ်မီးကြိုးနဲ့ဆက်စပ်ပစ္စည်းများအတွက် ငွေကျပ်ငါးသောင်း၊ ပန့်အဝင်အထွက်ပိုက်များအတွက် ငွေကျပ် ခြောက်သိန်း၊ ဆိုလာပြားတပ်ဆင်ရန် သံဖရိန်အတွက် ငွေကျပ် နှစ်သိန်းခွဲ စုစုပေါင်းကုန်ကျစရိတ်ခန့်မှန်း နှစ်ဆယ့်ခြောက်သိန်းကျပ်နှင့် သိန်းသုံးဆယ်နီးပါးဖြစ်ကြောင်းသိရသည်။
ခြောက်လက်မ ရေမြှုပ်ပန့် ရေထွက်နှုန်းမှာ တစ်နာရီ ဂါလန် ၁၅၀၀၀၊ ရေတင်အမြင့် (၁၀)ပေ၊ မော်တာအမျိုးအစားသည် ဆိုလာမှလျှပ်စစ်အားတိုက်ရိုက်သုံးမော်တာ (DC)ဖြစ်ပြီး၊ မော်တာအသုံးပြုလျှပ်စစ်ပါဝါမှာ ဝပ် ၈၀၀ (1 Hp)၊ ဆိုလာစနစ်မှာ ဝပ် ၆၉၀၊ ၂ချပ် ဝပ် ၁၃၈၀ ဖြစ်ကြောင်း၊ခြောက်လက်မရေတင်ဆိုလာပန့်စနစ် အသုံးဝင်ပုံမှာ တစ်ရက်ရေတင်နိုင်မည့် အချိန်မှာ (၈)နာရီဖြစ်ကာ တစ်ရက်ရရှိနိုင်မည့် ရေပမာဏမှာ ဂါလန် ၁၂၀၀၀၀ ဖြစ်၍ သီးနှံသက်တမ်း ရက် ၁၀၀ အတွက် ရေဂါလန် သိန်း ၁၂၀ ရရှိမည်ဖြစ်၍ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ၊ ၂၂ ဧက စိုက်ပျိုးနိုင်မည်ဖြစ်ပြီး သီးနှံသက်တမ်းရက် ၁၃၅ အတွက်ဆိုရင် ရေဂါလန် ၁၆၂ သိန်း ရရှိမည် ဖြစ်၍ နွေစပါး ၁၀ ဧက စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ခြောက်လက်မရေတင်ဆိုလာပန့်စနစ် တပ်ဆင်ခြင်းကုန်ကျစရိတ်မှာ မော်တာအတွက် ငွေကျပ် ၁၈ သိန်း၊ ၆၉၀ ဝပ် ဆိုလားပြားနှစ်ချပ်အတွက် ငွေကျပ် ၁၁ သိန်း ၆ သောင်း၊ လျှပ်စစ်မီးကြိုးနဲ့ ဆက်စပ်ပစ္စည်းများအတွက် ငွေကျပ် ငါးသောင်း၊ ပန့်အထွက်ပိုက်နှင့် ပန့်အထိုင် သံခြင်းများအတွက် ငွေကျပ် ခုနစ်သိန်း၊ ဆိုလာပြားတပ်ဆင်ရန်သံဖရိန်အတွက် ငွေကျပ် နှစ်သိန်းခွဲ စုစုပေါင်းကုန်ကျစရိတ်မှာ သုံးဆယ့်ကိုးသိန်းခြောက်သောင်း ဖြစ်ကြောင်းသိရသည်။
နောက် တစ်မျိုးမှာ ၀ ဒသမ ၅ လက်မ ရေမြှုပ်ပန့်ဖြစ်ပြီး ပန့်ရေထွက်နှုန်းကတော့ တစ်နာရီ ဂါလန် ၅၀၀၊ ရေတင်အမြင့်ပေ ၁၁၈ ပေဖြစ်ပြီး အသေးစားရေဖျန်းစနစ်(Mini Sprinkler) တပ်ဆင်အသုံးပြုနိုင်မှုမှာ ၁၅ ခုဖြစ်သည်။ ပိုက်လိုင်းအရှည် ပေ ၁၀၀၊ မော်တာအမျိုးအစားမှာ ဆိုလာမှ လျှပ်စစ်အားတိုက်ရိုက်သုံးမော်တာ (DC)၊ မော်တာအသုံးပြု လျှပ်စစ်ပါဝါက ဝပ် ၃၀၀ (0.4 Hp) ဆိုလာစနစ်မှာ ဝပ် ၆၉၀၊ တစ်ချပ် ဝပ် ၆၉၀ ဖြစ်ကြောင်း သိရသည်။
ဆိုလာပန့်နှင့် Sprinkler စနစ်
သီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူများအတွက် ဆိုလာပန့်နှင့် Sprinkler စနစ် အသုံးပြု ခြင်းဖြင့် တစ်ရက်လျှင်ရေတင်နိုင်မည့်နာရီမှာ ရှစ်နာရီဖြစ်ကြောင်း၊ တစ်ရက်လျှင် ရရှိနိုင်မည့် ရေပမာဏမှာ ဂါလန် ၄၀၀၀ ဖြစ်ပြီး သီးနှံသက်တမ်းရက် ၁၀၀ အတွက် ရေဂါလန် လေးသိန်း ရရှိမည်ဖြစ်၍ ပန်းမျိုးစုံနဲ့ စားဖိုဆောင်သီးနှံများအတွက် သုံးဧက စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ် ဆိုလာရေတင်ပန့်နှင့်မော်တာအတွက် ငွေကျပ် ကိုးသိန်းခွဲ၊ ၆၉၀ ဝပ် ဆိုလာ ပြားတစ်ချပ်အတွက် ငွေကျပ် ငါးသိန်းရှစ်သောင်း၊ လျှပ်စစ်မီးကြိုးနှင့် ဆက်စပ်ပစ္စည်းများအတွက် ငွေကျပ် ငါးသောင်း၊ Sprinkler နဲ့ ပိုက်လိုင်းတပ်ဆင်ခြင်း ၀ ဒသမ ၂၅ ဧက အတွက် ငွေကျပ် ၁၂ သိန်းခြောက်သောင်း၊ ဆိုလာပြားတပ်ဆင်ရန် သံဖရိန်အတွက် ငွေကျပ် တစ်သိန်းခွဲ၊ စုစုပေါင်းကုန်ကျစရိတ် ငွေကျပ် နှစ်ဆယ့်ကိုးသိန်းကိုးသောင်း ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ရေအရင်းအမြစ်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က လေးလက်မ ရေမြှုပ်ပန့်နှင့် Sprinkler (Rain Gun) နှစ်လက်မရေမြှုပ်ပန့်တို့ အကြောင်းရှင်းပြရာတွင် လေးလက်မပန့် ရေထွက်နှုန်းသည် တစ်နာရီ ဂါလန် ၁၂၅၀၀ ရှိပြီး ရေတင်အမြင့် ၁၅ ပေ နှင့် မော်တာအမျိုးအစားမှာ ဆိုလာမှ လျှပ်စစ်အား တိုက်ရိုက်သုံး မော်တာ(DC) ဖြစ်ကြောင်း၊ မော်တာ အသုံးပြုသော လျှပ်စစ်အားမှာ ၁၂၀၀ ဝပ် (1.5 Hp)ဖြစ်ပြီး ဆိုလာစနစ်မှာ ဝပ် ၆၉၀၊ သုံးချပ် ဝပ် ၂၇၀၀ အသုံးပြုထားခြင်းဖြစ်ကြောင်း၊ လေးလက်မ ရေတင်ဆိုလာပန့်စနစ် အသုံးပြုခြင်းအားဖြင့် တစ်ရက်လျှင်ရေတင်နိုင်မည့်နာရီမှာ ရှစ်နာရီ၊ တစ်ရက်ရရှိနိုင်မည့် ရေပမာဏမှာ ဂါလန် တစ်သိန်း၊ သီးနှံသက်တမ်းရက် ၁၀၀ အတွက် ရေဂါလန် သိန်း ၁၀၀ ရရှိမည်ဖြစ်ပြီး ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ ၁၈ ဧက စိုက်ပျိုးနိုင်မည်ဖြစ်ကာ သီးနှံသက်တမ်းရက် ၁၃၅ အတွက်ဆိုလျှင် ရေဂါလန် ၁၃၅ သိန်း ရရှိမည်ဖြစ်၍ နွေစပါးရှစ်ဧက စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
လေးလက်မ ရေတင်ဆိုလာပန့်စနစ် တပ်ဆင်ခြင်း ကုန်ကျစရိတ်မှာ ဆိုလာရေတင်ပန့်နှင့် မော်တာအတွက် ငွေကျပ် တစ်ဆယ့်ငါးသိန်း၊ ၆၉၀ ဝပ် ဆိုလားပြားသုံးချပ်အတွက် ငွေကျပ် ၁၇ သိန်းလေးသောင်း၊ လျှပ်စစ်မီးကြိုးနဲ့ဆက်စပ်ပစ္စည်းများအတွက် ငွေကျပ် ငါးသောင်း၊ ပန့်အဝင်အထွက်ပိုက်များအတွက် ငွေကျပ် ခြောက်သိန်း၊ ဆိုလာပြားတပ်ဆင်ရန် သံဖရိန်အတွက် ငွေကျပ် နှစ်သိန်းခွဲ စုစုပေါင်း ကုန်ကျစရိတ်မှာ ငွေကျပ်လေးဆယ့်တစ်သိန်းလေးသောင်း ဝန်းကျင် ကုန်ကျမည် ဖြစ်ကြောင်းသိရသည်။
Rain Gun စိုက်ပျိုးစနစ်သုံးရေတင်ပန့် ရေထွက်နှုန်းမှာ တစ်နာရီ ဂါလန် ၂၄၀၀၊ ရေတင် အမြင့်ပေ ၁၀၅ ပေ၊ စိုက်ခင်းအတွင်း ရေဖျန်းနိုင်သော အကွာအဝေးမှာ အချင်းပေ ၁၅၀၊ မော်တာအမျိုးအစားမှာ(AC) ဖြစ်၍ အသုံးပြုလျှပ်စစ်အားမှာ ဝပ် ၁၅၀၀ (2 Hp) ဖြစ်ပြီး ဆိုလာ စနစ်မှာ ဝပ် ၅၅၀၊ ခြောက်ချပ် ဝပ် ၃၃၀၀ အသုံးပြုရေပေးသွင်းထားခြင်း ဖြစ်ကြောင်းသိရသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအနေဖြင့် ရေတင်ပန့် (Rain Gun)စနစ်ကို အသုံး ပြုသည့်အတွက် တစ်ရက်လျှင် ရှစ်နာရီ ရေတင်နိုင်မည်ဖြစ်ကြောင်း၊ တစ်ရက်ရရှိနိုင်မည့် ရေပမာဏမှာ ဂါလန် ၁၉၂၀၀ ဖြစ်ပြီး သီးနှံသက်တမ်း ရက် ၁၀၀ အတွက် ရေဂါလန် ၁၉ ဒသမ ၂ သိန်း ရရှိမည်ဖြစ်၍ ကြံ၊ ပြောင်း၊ ဂျုံ၊ ဝါ၊ ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးမည် ဆိုပါကလေးဧက စိုက်ပျိုးနိုင်ကြောင်း၊ သီးနှံစိုက်ပျိုး ထုတ်သူများအနေဖြင့် (Rain Gun) စနစ် ဝယ်ယူတပ်ဆင်လျှင် ကုန်ကျစရိတ်အားဖြင့် ရေမြှုပ်ပန့်အတွက် ငွေကျပ် သိန်း ၃၀၊ ၅၅၀ ဝပ် ဆိုလာပြားခြောက်ချပ်အတွက် ငွေကျပ်သိန်း ၃၀၊ Pump Inverter (DC to AC) ငွေကျပ် ၁၆ သိန်း၊ လျှပ်စစ်မီးကြိုးနဲ့ ဆက်စပ်ပစ္စည်းများအတွက် ငွေကျပ် ဆယ်သိန်း၊ Rain Gun နှင့်ဆက်စပ်ပစ္စည်း များအတွက် ငွေကျပ် နှစ်သိန်းခွဲ၊ Solar PV Panels Carrier အတွက် သိန်းငါးဆယ်၊ စုစုပေါင်းကုန်ကျစရိတ်မှာ တစ်ရာ့ခြောက်ဆယ့်တစ်သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ရေအရင်းအမြစ်မှ ဦးစီးအရာရှိ ဦးယဉ်ထွန်းက ၁ ဒသမ ၅ လက်မ ရေမြှုပ်ပန့်ကို အသုံးပြုထားပြီး ရေဖျန်းပန့်ရေထွက်နှုန်းမှာ တစ်နာရီလျှင် ဂါလန် ၁၁၀၀ နှုန်းဖြစ်၍ ရေတက်အမြင့်ပေ ၄၅ နှင့် စိုက်ခင်းအတွင်း ရေဖျန်းနိုင်သော အကွာအဝေး မှာ ၁၀ ပေဖြစ်ကြောင်း၊ မော်တာအမျိုးအစားသည် ဆိုလာမှ လျှပ်စစ်အား တိုက်ရိုက်သုံးမော်တာ (DC)ဖြစ်ပြီး အသုံးပြုလျှပ်စစ်အားမှာ ဝပ် ၃၆၀ (0.5 Hp)နှင့် ဆိုလာစနစ်မှာ ဝပ် ၆၉၀၊ တစ်ချပ်ဝပ် ၆၉၀ ကို အသုံးပြုထားကြောင်း သိရသည်။
ရေဖျန်းစနစ်အတွက် တစ်ရက်လျှင် ရေတင်နိုင်မည့်ကြာချိန်မှာရှစ်နာရီ၊ တစ်ရက်ရရှိနိုင်မည့် ရေပမာဏမှာ ဂါလန် ၈၈၀၀ ဖြစ်ပြီး သီးနှံသက်တမ်းရက် ၁၀၀ အတွက် ရေဂါလန် ၈ ဒသမ ၈ သိန်း၊ ပန်းမျိုးစုံနှင့် စားဖိုဆောင်သီးနှံ သုံးဧကကို စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ဆိုလာအသုံးပြု၍ ရေဖျန်းစိုက်ပျိုးနည်းစနစ်အတွက် ကုန်ကျစရိတ်အနေဖြင့် ဆိုလာရေတင်ပန့်နှင့်မော်တာအတွက် ငွေကျပ် ဆယ်သိန်း၊ ဝပ် ၆၉၀ ဆိုလာပြားတစ်ချပ်အတွက် ငွေကျပ် ငါးသိန်းရှစ်သောင်း၊ လျှပ်စစ်မီးကြိုးနှင့်ဆက်စပ်ပစ္စည်းများအတွက် ငွေကျပ် ငါးသောင်း၊ ရေဖျန်းပိုက်လိုင်းတပ်ဆင်ခြင်း တစ်ဧကအတွက် ငွေကျပ် ကိုးသိန်းခုနစ်သောင်းငါးထောင်၊ ဆိုလာပြား တပ်ဆင်ရန် သံဖရိန်အတွက် ငွေကျပ် တစ်သိန်းခွဲ နှင့် စုစုပေါင်းငွေကျပ် နှစ်ဆယ့်ခုနစ်သိန်းငါးသောင်းငါးထောင်ဝန်းကျင် ဖြစ်ကြောင်း သိရသည်။
ကျွန်မကတော့ မေမေ့ပန်းစိုက်ခင်းနှင့် ငရုတ်၊ ကန်စွန်းစိုက်ခင်းများအတွက် ၁ ဒသမ ၅ လက်မ ဆိုလာရေမြှုပ်ပန့်ကိုဝယ်ရန်ဆုံးဖြတ်လိုက်ပါသည်။ ဈေးနှုန်းလည်းသက်သာပြီး အရည်အသွေးလည်း ကောင်းမွန်သည့်အတွက် သဘောကျမိသည်။ ရေတင်ရန်အတွက် အင်ဂျင်စက်ဖြင့် မောင်းနှင်ရသည့်အတွက် လောင်စာဆီကုန်ကျစရိတ်အပေါ် အမြဲညည်းညူနေသော မေမေလည်း ပျော်သွားမည်ဟု ထင်ပါသည်။
ကျွန်မတို့ကဲ့သို့ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသော တောင်သူများ၊ လုပ်ကွက်ငယ် တောင်သူလယ်သမားများအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေတင်ပန့်များသည် များစွာ အသုံးဝင်ပေမည်။ သီးထပ်သီးညှပ်များ ရာသီအလိုက်စိုက်ပျိုးနိုင်မည်ဖြစ်သကဲ့သို့ ဝင်ငွေရသီးနှံများ ကိုလည်း မိုးကိုမမျှော်ကိုးရတော့ဘဲ ရာသီချိန်မီစိုက်ချိန်မီ စိုက်ပျိုးနိုင်ကြမည်ဖြစ်သည်။
ဗဟုသုတများစွာရရှိခဲ့
နိုင်ငံတော်အကြီးအကဲမှ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းဟူသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီးဖြစ်ရာ မျိုးကောင်း မျိုးသန့်ရရှိရေးအတွက် ယခုပြပွဲတွင် ပြသထားသော မျိုးစေ့များကို လေ့လာကြည့်ရှုရခြင်းဖြင့် အသိပညာတိုးရသလို မြေပြုပြင်ခြင်း နည်းစနစ်များနှင့် ပတ်သက်၍လည်း လေ့လာခွင့်ရခဲ့သည်။ ရေရရှိရေးနှင့် ပတ်သက်၍လည်း ဆိုလာရေတင်ပန့်များအကြောင်းကို အသေးစိတ်သိရှိခဲ့ရပါသည်။ နည်းပညာများနှင့်ပတ်သက်၍လည်း ပညာရှင်များက ဆွေးနွေးရှင်းလင်းပေးသဖြင့် ဗဟုသုတများစွာ ရရှိခဲ့ပါသည်။
အထူးသဖြင့် လျှပ်စစ်လောင်စာနှင့်ရေချွေတာ၊ ကောင်းသော အလားအလာအနာဂတ်မှာ ဆို သည့်အတိုင်း ဒီဇယ်ဆီ၊ ဓာတ်ဆီလောင်စာဖိုး ကုန်ကျစရိတ်မရှိ၊ လျှပ်စစ်ဓာတ်အား ရရှိမှုအပေါ် မှီခို မှုကင်းပြီး စိုက်ပျိုးရေလိုအပ်သလို ချွေတာသုံးစွဲနိုင်သည့် ရေတင်ပန့်များ သုံးစွဲနိုင်ရေး တိုက်တွန်းအပ်သည်။
ဆိုလာစွမ်းအင်သုံးရေတင်ပန့်များနှင့်ပတ်သက်၍ သိရှိလိုသည်များ တပ်ဆင်အသုံးပြုလို သည့် တောင်သူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများက ဝယ်ယူတပ်ဆင်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး နိုင်ငံ့စီးပွားရန်ပုံငွေရယူပြီး တပ်ဆင်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။ တောင်သူလယ်သမား ဦးကြီးများအနေဖြင့် ဆိုလာရေတင်စနစ်များ တပ်ဆင်၍ စိုက်ပျိုးထုတ်လုပ်မြှင့်တင်ခြင်းအားဖြင့် ဝင်ငွေတိုးတက်ရရှိစေကာ မြေကြီးမှရွှေသီးစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ။
အိအိစံ(Sugar Land)