- Thu, 6 March 2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ဒေသခံတောင်သူများ၏ လယ်ယာမြေများ ရေလွှမ်းမိုးမှုမှ ကာကွယ်ရန်အတွက် နမ့်မယ်ဟုတ်ချောင်းလက်ဝဲဘက်ရှိ ချောင်းပေါင်ကျိုးပေါက်မှု ပြုပြင်ခြင်းလုပ်ငန်း အပိုင်း (၁) ကို ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ပါသည်။
ချောင်းပေါင်ပြုပြင်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရ အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်သန်း (၅၈) ဒသမ ၈၅၀ ဖြင့်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းဦး၊ ကြီးကြပ်အင်ဂျင်နီယာ ဒုတိယဦးစီးမှူး (မြို့ပြ) ဦးကောင်းမြတ်ဇော်တို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အလျားပေ ၁၀၀၀၊ အောက်ခြေအကျယ်ပေ ၆၀ ၊ အနက် ၆ ပေ အတိုင်းအတာရှိ လုပ်ငန်းအမျိုးအစားဖြစ်သည်။
အဆိုပါ နမ့်မယ်ဟုတ်ချောင်း၊ ချောင်းပေါင် ပြုပြင်ခြင်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလက မိုခါမုန်တိုင်းကြောင့် မြို့နယ်အတွင်းမိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ နမ့်မယ်ဟုတ်ချောင်း တာပေါင်ကျိုးပေါက်၍ လယ်ယာမြေအချို့ရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်၍ ရေလွှမ်းမိုးမှုဘေးမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။