- Sun, 22 December 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်ရှိ ကန်တော်လေးရေလှောင်ကန် ရေသိုလှောင်ထားရှိမှု အခြေအနေများ၊ ကန်ပေါင်နှင့် ဆက်စပ်အဆောက်အအုံများ နှစ်အလိုက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ ကန်တော်ကြီးရေလှောင်ကန်ပေါင်နှင့် ရေပိုလွှဲကြံ့ခိုင်မှု အတွက် ဝင်ရေ/ထွက်ရေ ထိန်းညှိစီမံဆောင်ရွက်မည့် အခြေအနေများ၊ ရေပိုလွှဲကြံ့ခိုင်မှု အခြေအနေ၊ တည်ဆောက်သင့်သည့် အကူရေပိုလွှဲတည်ဆောက်ရန် လျာထားနေရာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒိုးကွင်ရေလှောင်တမံသို့ ရောက်ရှိရာ ရေလှောင်တမံ၊ ပင်မရေပိုလွှဲ၊ အကူရေပိုလွှဲကြံ့ခိုင်မှုအခြေအနေများ၊ ရေထုတ်ပြွန်၊ ရေပေးမြောင်းမှ သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေမှုကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့် လျှော်မျှင်ထွက် သီးနှံဌာနခွဲ ပိုးချည်စက်ရုံ (ပြင်ဦးလွင်) သို့ရောက်ရှိကာ ပိုးချည် ထုတ်လုပ်ခြင်း၊ ပိုးတန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ၊ နည်းပညာပေးခြင်းများ ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားကာ ပိုးချည်ရစ်စက်များ အသုံးပြု၍ ပိုးချည်ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်နောက် မန္တလေးတူးမြောင်းမကြီး ပေတိုင် ၁၉၉၅၀၀ နှင့် ပေတိုင် ၂၀၆၅၀၀ ကြား သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောက်ဆည်မြို့နယ် နောင်ခမ်းကျေးရွာအနီးရှိ နောင်ခမ်းရေလွှဲဆည်သို့ရောက်ရှိကာ ဒုတိယဝန်ကြီးက ထိခိုက်ပျက်စီးခဲ့မှုများကိုရေပေးရာသီအမီ အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်သွားကြရန်၊ ရေစီမံခန့်ခွဲမှုများကိုလည်း စနစ်တကျထိန်းညှိစီမံဆောင်ရွက်သွားကြရန်၊ ဒေသတွင်း အကျိုးကျေးဇူးများသည့် ရေသောက်စနစ်တစ်ခုဖြစ်သည့်အတွက် နောင်ရေရှည်တည်တံ့အောင် ထိန်းသိမ်းစီမံဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး လုပ်ငန်းခွင်အတွင်း ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကျောက်ဆည်မြို့နယ် သံရွာအနီးရှိ ငပြောင်ရေလွှဲဆည်သို့ရောက်ရှိစဉ် ရေကျော်တိုက်စားပျက်စီးခဲ့သည့် ရေလွှဲဆည်ကြမ်းခင်းများပြန်လည်ပြုပြင်ခြင်း၊ ရေလွှဲဆည်အောက်ပိုင်း လက်ဝဲနှင့် လက်ယာဘက်ခြမ်းတွင် ပျက်စီးနေသောကျောက်ဆလံများ ပြန်လည်ပြုပြင်ခြင်း၊ ငပြောင်မြောင်းထိပ် ရေတံခါးနှင့် ရေတံခါး၏လက်ယာဘက်ခြမ်း ဇော်ဂျီမြစ် မြေသားတာပေါင်အား တောင့်တင်းခိုင်မာအောင် ပြန်လည်ပြုပြင်ခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။