ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကျီးနီကန် ဆည်ရေသောက်စနစ် ပြုပြင်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
  • Tue, 24 September 2024

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကျီးနီကန် ဆည်ရေသောက်စနစ် ပြုပြင်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်စက်တင်ဘာလ ၂၃ရက်နေ့ နံနက်ပိုင်းက ကျီးနီကန် ဆည်ရေသောက်စနစ် ရေပေးတူးမြောင်းအချို့ ရေတိုက်စားသဖြင့်  ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စက်ယန္တရားကြီးများ အသုံးပြု၍ ပြန်လည်ဆောင်ရွက်နေမှု၊ တမံနှင့် ရေတံခါးကြံ့ခိုင်မှု၊ အရန်ရေပိုလွှဲနေရာကို ယာယီဆောင်ရွက်ထားရှိမှုနှင့် ရေလှောင်ကန်အတွင်း သဲနှုန်းပို့ချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ထိခိုက်ပျက်စီးခဲ့သည့် တူးမြောင်းအပိုင်းများကို မိုးစပါးစိုက်ပျိုးရေးပေးဝေနိုင်ရေးအတွက် အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန် ၊ နွေစပါးနှင့် နွေသီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရေပိုမိုသိုလှောင်နိုင်ရေးစီမံထားရှိရန်၊ စိုက်ပျိုးရေပေးဝေရာတွင် အလေအလွင့် နည်းပါးစွာဖြင့် ရေထိန်းညှိ၍ စနစ်တကျစီမံခန့်ခွဲရန် ရေလှောင်ကန်အထက်ပိုင်းရှိ နုန်းတားနှစ်ခုကို ပြန်လည်စစ်ဆေးရန်၊ ရေလှောင်ကန်အတွင်း သဲနှုန်းတူးဖော်နိုင်ရေး တွက်ချက်တင်ပြရန် ဆွေးနွေးမှာကြားခဲ့သည်။

ရာဂီမုန်တိုင်းဖြစ်စဉ်ကြောင့် စက်တင်ဘာလ ဒုတိယပတ်တွင် ကျီးနီကန်သို့ ဝင်ရေ ဧကပေ ၂၆၀၀၀ ခန့် ရုတ်တရက်ဝင်ရောက်ခဲ့သော်လည်း ကန်သိုလှောင်နိုင်သည့် ပမာဏထက် ပိုလျှံရေများကို ပင်မရေပိုလွှဲ ရေတံခါးတပ် သဲထုတ်ရေတံခါးနှင့် အရန် ရေပိုလွှဲတို့မှ ဧကပေ ၁၈၇၀၀ခန့် ပုံမှန်အတိုင်း စီးဆင်းစေနိုင်ရေး ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က အချိန်မီ စီမံဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရေဆင်းငါးလုပ်ငန်းစခန်းရှိ ငါးမွေးကန်အချို့ ရေလွှမ်းမိုးမှုများ  ဖြစ်ပေါ်ခဲ့သဖြင့် ရေနုတ်မြောင်း ပြန်လည်တူးဖော်နေမှုနှင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရေဆင်းဆည်ရေသောက်စနစ် ရေပေးတူးမြောင်း အချို့ရေတိုက်စားမှုဖြစ်ပေါ်သဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စက်ယန္တရားကြီးများအသုံးပြု၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ပါသည်။