လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ(ဆောင်းပါး)
  • Tue, 28 May 2024

လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ(ဆောင်းပါး)


အေးမြင့်ဆွေ(ဆည်/ရေ)
    တမံဟုဆိုလျှင် သဖန်းဆိပ်ရေလှောင်တမံ၊ ငမိုးရိပ်ရေလှောင်တမံစသည်ဖြင့် မြေပေါ်တွင် တည်ဆောက်ထားသည့် မြေသားတမံ၊ ကွန်ကရစ်တမံများကိုသာ ရင်းနှီးကြပြီး မြေအောက်တမံ (Underground  Dam) ဟူသော အသုံးအနှုန်းသည် အများစုအတွက်ရင်းနှီးမှုနည်းပါးသည့် ဝေါဟာရ အသုံးအနှုန်းသစ်တစ်ခု ဖြစ်နေနိုင်ပါသည်။
    ကမ္ဘာပေါ်တွင် ပထမဆုံးမြေအောက်တမံအား တန်ဇန်းနီးယား (Tanzania) နိုင်ငံ၌ ၁၉၀၅ခုနှစ်၌ စတင်တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့တည်ဆောက်လာခဲ့ပါသည်။ အမေရိကန်၊ ဘရာဇီး၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ အီသီယိုပီးယား၊ ဆူဒန်၊ ပါကစ္စတန်စသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် တည်ဆောက်အသုံးပြုလျက်ရှိကြသည်။ မြန်မာ နိုင်ငံတွင် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်(UNDP)မှ ၁၉၉၅ခုနှစ်တွင် မြေအောက်တမံ နည်းပညာမျှဝေခြင်းသင်တန်း ပို့ချခဲ့ဖူးကြောင်းသိရှိရပါသည်။ မြေအောက်တမံတည်ဆောက်မှုအား ‌၂၀၀၈ခုနှစ် တွင် စတင်ခဲ့၍ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျဆောင်ရွက် အကောင်အထည်ဖော်မှု များကိုမူ (၂၀၂၀-၂၀၂၁)ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် အညာဒေသသောက်သုံးရေ ဖူလုံမှု အတွက် များစွာ အကျိုးပြုလျက်ရှိပါသည်။
    ထိုမြေအောက်တမံများနှင့်ပတ်သက်၍ ဆရာ ဦးအေးမြင့်(ညောင်တုန်း) စီစဉ်တင်ပြ ထုတ်ဝေ သည့် ‘ကန်ထဲကရေ၊သဲထဲကရေ’ စာအုပ်တွင် ပညာရှင်ဆရာကြီးများဖြစ်ကြသော ဦးအေးမြင့် (ညောင်တုန်း)၊ ဦးကျော်ဦး၊ ဦးသောင်းစိန်(ဘူမိဗေဒအင်ဂျင်နီယာ)၊ ဦးအေးကို(NEPS)တို့၏ မြေအောက်တမံများအကြောင်း ပြည့်စုံစွာအသေးစိတ်ဖော်ပြထားသော ဆောင်းပါးများအား ဖတ်ရှု လေ့လာပြီး မှတ်သားမိသည်များကို အကျဉ်းချုပ်ထုတ်နုတ် ဖော်ပြပေးလိုပါသည်။ မြန်မာ့ရေ အနာဂတ်အတွက် များစွာအကျိုးပြုသော ပညာရှင်ဆရာကြီးများ၏ စေတနာများကိုလည်း လေးစား ဂါရဝပြုအပ်ပါသည်။
မြေအောက်တမံဆိုသည်မှာ
    မြေအောက်တမံဆိုသည်မှာ ရေရှားပါးသောဒေသရှိ သဲချောင်းများတွင် သဲများအကြား၌ ရေကို သိုလှောင်ထားနိုင်ရန်အတွက် မြေအောက်ရေမစိမ့်နိုင်သည့်ကျောက်လွှာမှ ချောင်းကြမ်းပြင် အမြင့်အထိ ချောင်းကို ကန့်လန့် ဖြတ်တည်ဆောက်ထားသော တမံဖြစ်ပါသည်။တမံထိပ်သည် ချောင်းကြမ်းပြင်နှင့် တစ်ပြေးညီဖြစ်ပြီး တမံကိုယ်ထည်တစ်ခုလုံးမှာ မြေအောက်တွင်ရှိသောကြောင့် မြေအောက်တမံ (Underground Dam) ဟု ခေါ်ကြခြင်း ဖြစ်ပါသည်။
မြေအောက်တမံတည်ဆောက်ခြင်း၏ ရည်ရွယ်ချက်
    မြန်မာနိုင်ငံ မိုးနည်းရေရှားဒေသရှိ သဲချောင်းများသည် မိုးရွာသီတွင် တောင်ကျရေများ တဟုန်ထိုးစီးဆင်းသော်လည်း နွေရာသီတွင် ရေမစီးတော့ဘဲ သဲပြင်များသာကျန်ရှိပါသည်။ ထိုများပြားသော သဲသောင်ပြင်များသည် ရေစုပ်ယူထားနိုင်စွမ်း ၂၀% မှ ၄၀%အထိ ရှိကြသည်ဖြစ်ရာ မြေအောက်တမံများတည်ဆောက်ခြင်းဖြင့် မိုးရေများ အလဟဿစီးဆင်းသွားခြင်းမရှိဘဲ သဲများ အကြားတွင် ရေစုဆောင်းသိုလှောင်ထားနိုင်သည်။မြေအောက်ရေ ကြွယ်ဝလာသည့်အတွက် အနီး ပတ်ဝန်းကျင်ရှိ လက်ယက်တွင်းများ၊ ကျေးရွာသုံးရေတွင်းများတွင် ရေမျက်နှာပြင်မြင့်တက်လာကာ သောက်သုံးရေ ဖူလုံလာမည်ဖြစ်ပါသည်။သဘာဝပတ်ဝန်းကျင် စိုပြေစိမ်းလန်းလာမည် ဖြစ် သည်။
မြေအောက်တမံ တည်ဆောက်ရန်နေရာရွေးချယ်ခြင်း
    တည်ဆောက်ရန်နေရာရွေးချယ်ရာတွင် မိုးရာသီတွင် ရေစီးဆင်း၍ နွေရာသီ၌ ရေခန်းခြောက် သွားသော သဲချောင်းများပေါ်တွင် တည်ဆောက်ကြပါသည်။ တည်ဆောက်မည့်နေရာ၏ အထက်ဘက်တွင် လုံလောက်သော ရေ ဝေရေလဲဧရိယာရှိပြီး မြေအောက်ရေထုတ်ယူရန်အတွက် ရေအောင်းလွှာအတွင်းလုံလောက်သောရေစီးဝင်မှုရှိသင့်ပါသည်။ ရေသိုလှောင်မည့် ရေအောင်းလွှာ မြေထုသည် ရေစိမ့်ဝင်သိုလှောင်နိုင်စွမ်းမြင့်မားသည့် သဲမြေကြမ်း အ မျိုးအစားဖြစ်သင့်ပါသည်။ တမံ အောက်ခြေအား အောက်ခံရေမစိမ့်နိုင်သောအလွှာအထိ တည်ဆောက်ရသောကြောင့် အောက်ခံ အလွှာသည် နက်လွန်းပါကလည်း တမံမြင့်၍ တည်ဆောက်စရိတ်များပြားနိုင်ပါသည်။ ကြီးမား သော ချောင်းများတွင် အောက်ခံမြေသားများ၏ ဘူမိဗေဒစမ်းသပ်ချက်များ လိုအပ်ပါသည်။ ချောင်း၏ ကြမ်းခင်းလျှောစောက်(Bed Slope)သည်လည်း ပြေပြစ်သင့်ပါသည်။ ထို့အတူသိုလှောင်ထားသည့် ရေများအား တိုက်ရိုက် အကျိုးရှိစွာသုံးစွဲနိုင်ရန်အတွက် လူနေကျေးရွာများ၊  စိုက်ပျိုးခင်းများနှင့် အလှမ်းမဝေးလွန်းသည့် တည်နေရာလည်းဖြစ်သင့်ပါသည်။
မြေအောက်တမံများ တည်ဆောက်ခြင်း
    မြေအောက်တမံများအား တည်ဆောက်ရာတွင် ချောင်းအနေအထားနှင့် တည်ဆောက်စရိတ် ကုန်ကျခံနိုင်မှုပေါ်တွင် မူတည်၍ Sheet pile များ ရိုက်ခြင်း၊ရေလုံပလတ်စတစ်၊ ရွှံစေးစသည်တို့ဖြင့် လွယ်ကူစွာ တည်ဆောက်နိုင် သကဲ့သို့ အုတ်၊ ကွန်ကရစ်၊ ကျောက်စီကွန်ကရစ် စသည်တို့ဖြင့်လည်း အသုံးပြုနိုင်ပါသည်။မြန်မာနိုင်ငံရှိတည်ဆောက်ပြီး မြေအောက်တမံများမှာ မြေသားတမံ၊ ကွန်ကရစ် နှင့် ကျောက်စီကွန်ကရစ်တမံများ စသည်ဖြင့် အမျိုး အစားစုံလင်စွာ တည်ရှိကြပါသည်။အမြင့် ၁၀ပေခန့်မှ ပေ၆၀ခန့်အထိ အရွယ်အစား အမျိုးမျိုး ရှိကြပါသည်။
    မြေအောက်တမံတည်ဆောက်ရာတွင် မြေသားတမံဖြစ်ပါက အောက်ခြေရေမစိမ့်သောအလွှာ အထိ အပေါ်ယံသဲထုအား တူးဖော်ရှင်းလင်းကာ ၃ပေခန့် သပ်ကျင်းတူး၍ ရေမစိမ့်နိုင်သောမြေသား (Selected Soil)အား တမံဖို့ ခြင်းနည်းစနစ်များနှင့်အညီ တည်ဆောက်နိုင်ပါသည်။ထို့နောက် တမံ အထက်ပိုင်းနှင့်အောက်ပိုင်းတွင် သဲမြေများအား တမံထိပ်အမြင့်အထိ ပြန်လည်ဖုံးအုပ်ပေးရပါမည်။
    ထို့အတူကျောက်စီကွန်ကရစ်ဖြင့် တည်ဆောက်ခြင်းတွင်လည်း အောက်ခြေသပ်ကျင်းတူး၍ တမံကိုယ်ထည်အား ကျောက်စီကွန်ကရစ်များဖြင့် တည်ဆောက်ကြသည်။ အချို့တမံများတွင် ဘေးနံရံနှစ်ဖက်အား ကျောက်စီကွန် ကရစ်နံရံများ တည်ဆောက်၍ အလယ်တွင် ကွန်ကရစ်  သွန်းလောင်းခြင်းနည်းလမ်းဖြင့်လည်း တည်ဆောက်နိုင်ပါသည်။ တမံအမြင့်များပါက အောက်ခြေ အမြင့်တစ်နေရာအထိ ကွန်ကရစ်တမံတည်ဆောက်၍ ကျန်အပေါ်ပိုင်း များအား မြေသားဖြင့် ထပ်ဆင့်၍ မြေသားတမံ ပြုလုပ်ခြင်းဖြင့်လည်း တည်ဆောက်နိုင်ပါသည်။
    မြေအောက်တမံများတည်ဆောက်ရာတွင် တမံအထက်နှင့်အောက်(Upstream and Downstream) နှစ်ဖက်စလုံးသည် သဲမြေအတွင်းနစ်မြုပ်နေသောကြောင့် တမံကိုယ်ထည်ပေါ် ကျရောက်နေသာ ဖိအားများ(Active Pressure and Passive Pressure) များသည် မျှခြေနီးပါး ရှိနေပါသည်။ထို့ကြောင့် တမံကိုယ်ထည်တည်မြဲမှု(Slope Stability) အတွက် များစွာ စိုးရိမ်ဖွယ် မရှိဘဲ မက်စောက်သော ဘေးလျှောစောက် (side slope) များအား လည်း အသုံးပြုနိုင်ပါသည်။ မြေသားတမံများတွင်အပေါ်ဘက်နှင့် အောက်ဘက် နှစ်ခုစလုံး (Upstream and Downstream)တွင် ဘေးလျှောစောက်အနည်းငယ်သာ ထည့်သွင်းတည်ဆောက်ကြပါသည်။ ကျောက်စီကွန်ကရစ် တမံများတွင် တမံအောက်ပိုင်း(Downstream)တွင်သာ ထည့်သွင်းကြပြီး ကျောက်စီနံရံနှင့် အတွင်းဘက်ကွန်ကရစ်လောင်းသည့်တမံများတွင်မူ လျှောစောက်များ(side slope) မထည့်တော့ဘဲ ဒေါင်လိုက်(vertical) အနေ အထား အတိုင်း တည်ဆောက်နိုင်ပါသည်။
    ရွှံစေးများပေါ်တွင်ပလတ်စတစ်၊တာလပတ်စသည်တို့ ဖုံးအုပ်အသုံးပြုတည်ဆောက်ကြသော တမံငယ်များတွင် ပလတ်စတစ်၊ တာလပတ်တို့အား ချောင်းရေတွင်မျောလာသော သစ်ကိုင်း သစ်ချောင်းများထိုးမိခြင်းနှင့် ဆွေးမြေ့ခြင်းမှ ကာကွယ်ရန်အတွက် ယင်းတို့အပေါ်တွင် မြေစေးလွှာ တစ်ထပ် ထပ်မံဖုံးအုပ်ပေးသင့်ပါသည်။
မြေအောက်တမံ၏ အားသာချက်၊အားနည်းချက်များ
မြေအောက်တမံ၏ တည်ဆောက်မှုအားသာချက်များမှာ-
•    တည်ဆောက်မှု နည်းပညာလွယ်ကူခြင်း
•    တည်ဆောက်ရေးပစ္စည်းရရှိနိုင်မှု လွယ်ကူခြင်း
•    တည်ဆောက်မှု ကုန်ကျစရိတ် သက်သာခြင်း
•    ထိန်းသိမ်းသန့်ရှင်းမှုလုပ်ငန်းများ ရှင်းလင်းလွယ်ကူခြင်း
•    ပြန်လည်ပြုပြင်ရန်လည်း လွယ်ကူခြင်း
•    တမံခိုင်မြဲမှု၊တမံကျိုးပေါက်မှုတို့အတွက် စိုးရိမ်ဖွယ်မရှိခြင်း
မြေအောက်တမံ၏ ရေသိုလှောင်မှုအားသာချက်များမှာ-
•    မြေပေါ်တမံများကဲ့သို့ အငွေ့ပျံဆုံးရှုံးမှု မရှိခြင်း
•    သဲကြားတွင် သိုလှောင်ထားသောကြောင့် ရေစစ်ထားသကဲ့သို့ဖြစ်ကာ ရေထု ညစ်ညမ်းမှု လျော့နည်းခြင်း နှင့် ကျန်းမာရေးအတွက် သင့်တော်သောရေများဖြစ်ခြင်း
•    ရေစိမ့်ယိုဆုံးရှုံးမှုနည်းပါးခြင်း နှင့် ရေအနည်းငယ်ယိုစိမ့်ခြင်းကြောင့် ထိခိုက်မှုမရှိခြင်း
•    နုန်းတင်မှု နည်းပါးခြင်း
မြေအောက်တမံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအားသာချက်များမှာ-
•    မြေပေါ်တမံများကဲ့သို့ တမံအတွင်းနစ်မြုပ်ဧရိယာ (Basin Area)မရှိခြင်း
•    မြေပေါ်စီးဆင်းရေအား ထိခိုက်မှုမရှိသဖြင့် အောက်ဘက် မြစ်ချောင်းများအတွင်းသို့ စီးဝင်ရေ (Inflow) လျော့နည်းမှုမရှိခြင်း
•    မြစ်ချောင်းများ၏သက်စောင့်ရေ(Ecological Flow)အား ထိခိုက်လျော့နည်းမှုမရှိခြင်း
•    သဲချောင်းကြမ်းပြင်အထိသာ ပိတ်ထားခြင်းဖြစ်၍ ရေနေသတ္တဝါများ၏ ရွှေ့ပြောင်း လမ်းကြောင်း(Migration Route)များအား ထိခိုက်မှုမရှိခြင်းနှင့် ဇီဝမျိုးကွဲများ    (Bio diversity) ဆုံးရှုံးမှုမရှိခြင်း
•    မြေအောက်ရေမျက်နှာပြင်မြင့်လာခြင်းကြောင့် ပတ်ဝန်းကျင်အား စိမ်းလန်းစိုပြေ၍ စိုက်ပျိူးဖြစ်ထွန်းစေခြင်း
    အားနည်းချက်များတွင်မူ ရေသီးသန့်သိုလှောင်ခြင်းမဟုတ်ဘဲ သဲထုအတွင်း ၂၀% မှ ၄၀% အထိပျော်ဝင်ရေအားသာ ထိန်းသိမ်းရမှုကြောင့် မြေပေါ်တမံများနှင့်နှိုင်းယှဉ်လျှင် သိုလှောင်ပမာဏ လျော့နည်းမည်ဖြစ်သည်။မြောင်း များဖြင့် ရေသွယ်ယူရန် ခက်ခဲမှုကြောင့် တမံမှ အနည်းငယ် အလှမ်းဝေးသောနေရာများသို့ရေကူနိုင်ရန်ခက်ခဲပါသည်။ထိုအခက်အခဲအား သဲချောင်းတစ်လျှောက် မြေအောက်တမံအဆင့်ဆင့်တည်ဆောက်ခြင်း (Cascade of Underground Dam) ဖြင့် ဖြေရှင်း နိုင်မည်ဖြစ်ပါသည်။
    ယခုအခါ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အညာဒေသ ရေသယံဇာတ ဖူလုံရေးအတွက် မြေအောက်တမံတည်ဆောက်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ နတ်မောက် မြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်များအတွင်းရှိ သဲ ချောင်းများတွင် စုစုပေါင်း မြေအောက်တမံ(၂၁)ခု တည်ဆောက်ပြီးစီး၍ ကျေးရွာ(၆၆)ရွာမှ ဒေသခံပြည်သူ (၄၇၆၃၂)ဦးခန့်၏ နွေရာသီရေရှားပါးမှု အခက်အခဲများအား ဖြေရှင်းပေးလျက်ရှိပါသည်။
    တည်ဆောက်ပြီးမြေအောက်တမံများအနီးတွင်လည်း ရေတွင်းများတူး၍ ရေသိုလှောင် ထွက်ရှိမှုအားမှတ်တမ်းတင်ခြင်း၊ရေအရည်အသွေးစမ်းသပ်လေ့လာခြင်းနှင့်သဲထုအတွင်း ရေစီးဆင်း သိုလှောင်မှုလေ့လာခြင်းများဆောင် ရွက်ခဲ့ရာ အောင်မြင်တိုးတက်မှုများအား တွေ့ရှိခဲ့ရပါသည်။ အချို့သဲချောင်းများတွင် နွေရာသီ စိမ့်စမ်းရေထွက်ရှိမှုများအားပင် ထိန်းသိမ်းသိုလှောင်ထားနိုင်ကြောင်း  သိရှိရပါသည်။
    ကျယ်ပြန့်ကြီးမားသောချောင်းများတွင် ဌာနမှဆောင်ရွက်သကဲ့သို့ ချောင်းငယ်မြောင်းငယ် များတွင် ကျေးရွာအဖွဲ့အစည်းများမှလည်း တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်သော နည်းပညာ ဖြစ် ပါသည်။ အားသာချက် အားနည်း ချက်များအတွက် ဌာနမှကျွမ်းကျင်ပညာရှင်များ၏ ကွင်းဆင်း အကြံပေးချက်နှင့်နည်းပညာအကူအညီများအား ရယူဆောင်ရွက်ပါက ပိုမိုထိရောက် အကျိုးရှိနိုင် မည် ဖြစ်ပါသည်။
    အချုပ်အားဖြင့် မြေအောက်တမံနည်းပညာသည် ကမ္ဘာ့နိုင်ငံများတွင် အောင်မြင်သော ရေသိုလှောင်မှုနည်းပညာဖြစ်ပြီး မြန်မာ့အပူပိုင်းဒေသ သဲချောင်းများနှင့် အလွန်သင့်တော်ပါသည်။                                            ထို့ကြောင့် အပူပိုင်းရပ်ဝန်းဒေသတစ်ခုလုံးအား ရေတိုရေရှည် လွှမ်းမိုးခြုံငုံသည့် စီမံကိန်းအဖြစ် အကောင်အထည်ဖော်တည်ဆောက်ခြင်း၊ အားသာချက်အားနည်းချက်များအား စောင့်ကြည့် မှတ်တမ်းတင်ခြင်းတို့ စနစ်တကျ ဆောင်ရွက်လျက်ရှိခြင်းသည် မြန်မာ့ရေသယံဇာတ စီမံထိန်းသိမ်း ခြင်းအတွက် များစွာအကျိုးပြုသည့်လုပ်ငန်း ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။