မင်းဘူးခရိုင်အတွင်း၌ ဆိုလာစနစ်သုံး စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၁၉ ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးထား
  • Mon, 27 May 2024

မင်းဘူးခရိုင်အတွင်း၌ ဆိုလာစနစ်သုံး စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၁၉ ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးထား


    မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံတောင်သူများ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်း တိုးတက် မြင့်မားရေးတို့အတွက် တိုင်းဒေသကြီး နိုင်ငံ့စီး ပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေဖြင့် မင်းဘူးခရိုင် အတွင်း၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဆိုလာစနစ်သုံး စိုက်ပျိုးရေရရှိရေးလုပ်ငန်း (၁၉) ခုကို အကောင်အထည်ဖော် ဆောင်ရွက် ပေး ထား လျက်ရှိပါသည်။ တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးအတွက် မင်းဘူး(စကု) မြို့နယ် ကဒီးကျေးရွာ၊ ကြီးပင်ကန်ကျေးရွာနှင့် ကဘဲ့မကျီးချောင်းကျေးရွာတို့မှ တောင်သူလေးဦး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ တောင်သူလေးဦးနှင့် စလင်းမြို့နယ် လက်ပံကျင်းကျေးရွာမှ တောင်သူရှစ်ဦးတို့၏ မြေအောက်ရေတွင်းများတွင် ဆိုလာဓာတ်အားစနစ်သုံး ရေတင်စနစ်လုပ်ငန်း ပေါင်း (၁၉) ခုကို ချေးငွေကျပ် ၇၈ ဒသမ ၃၆၅ သန်းဖြင့် ခွင့်ပြုဆောင်ရွက်ပေးထားပါသည်။
ချေးငွေများ ထုတ်ချေးပေး
    “ မြို့နယ်များအလိုက် ဆည်ရေသောက် မြောင်းဖျားဧရိယာနှင့် စိုက်ပျိုးရေရရှိမှု ခက်ခဲသော စိုက်ဧရိယာများ၌ သီးနှံရေလိုအပ်ချိန်တွင် ရေကိုလိုအပ်သလို သွင်းယူနိုင်စေရန် တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဒေသ ခံတောင်သူတစ်ဦးလျှင် ချေးငွေကျပ် ၅၆၂၅၀၀၀ နှုန်းဖြင့် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးထားပါသည်။ ၎င်းချေးငွေကာလမှာ တစ်နှစ်ဖြစ်ပြီး အတိုးနှင့် အရင်းငွေကို သတ်မှတ်ထားသော လအလိုက် ပြန်လည်ပေးဆပ်ရမည် ဖြစ် ကာ ဒေသခံတောင်သူများက မြေအောက်ရေဖြင့် မိုးစပါး၊ ဆောင်းသီးနှံ(နေကြာ၊ ကုလားပဲ၊ ပဲတီစိမ်း)နှင့် နွေသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း)သီးနှံများအပြင် သီးထပ်၊ သီးညှပ်အဖြစ် စားဖိုဆောင် သီးနှံများကို အများဆုံးစိုက်ပျိုးကြပါသည်။
စီစဉ်ဆောင်ရွက်ပေးမည်
    နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများဖြင့် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များ၌ စိုက်ပျိုးရေ ခက်ခဲသောဒေသများတွင် ဆိုလာဓာတ်အားစနစ်သုံး ရေတင်စနစ်များကို ထပ်မံတိုးချဲ့ရန် စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။