ရန်ကုန်တိုင်းဒေသကြီး၌ နွေစပါးစိုက်ဧက လျာထားချက်ထက် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်
  • Tue, 21 May 2024

ရန်ကုန်တိုင်းဒေသကြီး၌ နွေစပါးစိုက်ဧက လျာထားချက်ထက် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်


    စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် မြန်မာနိုင်ငံတွင် နိုင်ငံတော်မှ စိုက်ပျိုးရေး ကဏ္ဍကို ပံ့ပိုးကူညီမှုဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးတောင်သူများအနေဖြင့် စိုက်ဧကများတိုးချဲ့၍ စိုက်ပျိုးခဲ့ကြရာ ရန် ကုန်တိုင်းဒေသကြီးအတွင်းရှိ  ခရိုင်ရှစ်ခရိုင်၌ နွေစပါး ၂၅၀၈၆၉ ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။
    စပါးစိုက်တောင်သူများ အထူးအားထားသည့် နွေစပါးအထွက်နှုန်း အောင်မြင်စေရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လိုအပ်သော စိုက်ပျိုးရေကို ဆည်တမံများနှင့် မြစ်ရေတင်စနစ်တို့ဖြင့် ပို့လွှတ်နိုင်ပြီး နွေစပါးအတွက် အောင်ရေပြည့်မီစွာ ရရှိမှုဖြင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း၌ ခရိုင်ရှစ်ခရိုင်မှ မြို့နယ်ပေါင်း (၁၅)မြို့နယ်၌ နွေစပါးလျာထားချက်ဧက  ၂၀၅၅၅၄ ဧက တွင် ၂၅၀၈၆၉ ဧကအထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ခြင်း ဖြစ်ပါ သည်။
    တောင်သူများ နွေစပါး၊ မိုးစပါး စိုက်ပျိုးနိုင်ရန်နှင့် မျိုးစေ့ထုတ်စိုက်ဧကများအတွက် သွင်းအားစုများ အဆင်ပြေချောမွေ့စေရန် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်လျက်ရှိသော ယူရီးယားဓာတ်မြေဩဇာ ၃၄၄၉ တန် ခွဲတန်းရရှိခဲ့ရာ ဇန်နဝါရီလကုန်ပိုင်းအထိ အားလုံး ဖြန့်ဖြူးထား သည့်အပြင် လယ်ယာသုံး စက်ကိရိယာအပိုင်းတွင်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ ဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မျိုးစေ့ချကိရိယာ ၅၅၀၀ကို စက်မှုလယ်ယာဦးစီးဌာနမှ မှာယူ ဖြန့်ဖြူးခဲ့ရာ (၂၀၂၄-၂၀၂၅)ခုနှစ်အတွက် မျိုးစေ့ချကိရိယာ အလက် ၂၅၀၀ ထပ်မံဖြန့်ဖြူးသွားမည် ဖြစ်ကြောင်းသိရပါသည်။
    “ ဒီနှစ်နွေစပါးကို မြို့နယ်ပေါင်း ၁၅ မြို့နယ်မှာ စိုက်တယ်။ နွေစပါးကို တွံတေးနဲ့ တိုက်ကြီးမှာ တောင်သူတွေက အများဆုံး စိုက်ပျိုးတာပါ။ နွေစပါးထွက်နှုန်း ကောင်းတယ်လို့ ဆိုရမယ်။ ကြံခင်းနေရာမှာ စိုက်ခင်းပြောင်းပြီး စိုက်တာ၊ စက်ပစ္စည်းကိရိယာကို လက်တွေ့ကျကျ အသုံးပြုတာ၊ စနစ်တကျ စိုက်ပျိုးမှု၊ မြေဩဇာကို စနစ်တကျ သုံးစွဲတတ်မှုနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြပ်မတ် ဆောင်ရွက်မှုတို့ကြောင့် နွေစပါးအထွက်နှုန်း ကောင်းလာ တယ်လို့ ဆိုရမှာပါ နွေစပါးပြီးတဲ့ လယ်တွေ ဆိုရင် မိုးစပါးဆက်ပြီးစိုက်ပျိုးနိုင်အောင် လယ်ကို ပြုပြင်ခြင်းနှင့် မိုးစပါးပျိုးခင်းအတွက် လုပ်ဆောင် နေကြပါပြီ ဒီနှစ်နွေစပါးလျာထားချက်ဧကထက် ပိုပြီးစိုက်ပျိုးနိုင်တာကို တွေ့ရ တော့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ အထူးသဖြင့် တောင်သူတွေ နွေစပါးမှာ ဝင်ငွေရသလို တစ်ဆက်တည်း စိုက်ပျိုးတဲ့ မိုးစပါးမှာလည်း ဝင်ငွေရမှာဖြစ်တဲ့အတွက် စိုက်ပျိုးတောင်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေတာကြောင့် ပိုပြီး ဝမ်းသာကြည်နူးဖြစ်ရပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။
    ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် (၂၀၂၂-၂၀၂၃)ခုနှစ်တွင် နွေစပါးသီးနှံနှင့် ပဲတီစိမ်းသီးနှံတို့ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး (၂၀၂၃-၂၀၂၄)ခုနှစ် မိုးစပါးရာသီတွင်လည်း ပိုမိုစိုက်ပျိုး ထွက်ရှိနိုင်ရန် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၍ စီမံကိန်းလုပ်ငန်းစဉ်များကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်းသိရသည်။
    ရန်ကုန်တိုင်းဒေသကြီးအတွင်း (၂၀၂၃-၂၀၂၄)ခုနှစ် နွေစပါးစိုက်ပျိုးမှုတွင် ၂၅၀၈၆၉ ဧကအထိ တိုးချဲ့စိုက်ပျိုးခဲ့ရာ ၂၃၀၆၁၂ ဧက  ရိတ်သိမ်းနိုင်ခဲ့ပြီး စိုက်ပျိုးမှုနောက်ကျသော နွေစပါး ခင်းအချို့မှာလည်း ဆက်လက် ရိတ်သိမ်း လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် မိုးစပါးကို မေလ ကုန်နှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးလေ့ရှိပြီး အောက်တိုဘာလကုန်ပိုင်းမှ ဇန်နဝါရီလဆန်းအထိ ရိတ်သိမ်းလေ့ရှိကာ တောင်သူများ အထူးအားထားသည့် နွေစပါးကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တို့ တွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဧပြီလမှ မေလကုန်အထိ ရိတ်သိမ်းလေ့ရှိပါသည်။