သဖန်းဆိပ်ရေလှောင်တမံဆည်ရေဖြင့် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါး ၁၄၁၈၉၈ ဧကနှင့် အခြားသီးနှံ ၁၁၃၃၇၃ ဧက စိုက်ပျိုးနိုင်ခဲ့
  • Fri, 17 May 2024

သဖန်းဆိပ်ရေလှောင်တမံဆည်ရေဖြင့် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါး ၁၄၁၈၉၈ ဧကနှင့် အခြားသီးနှံ ၁၁၃၃၇၃ ဧက စိုက်ပျိုးနိုင်ခဲ့


မုံရွာ မေ ၁၇
    နိုင်ငံတော်မှ တည်ဆောက်ထားသည့် ဆည်၊ ကန်၊ ရေလှောင်တမံများအနက် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်း(နယ်စပ်)တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားရှိသည့်  သဖန်းဆိပ် ရေလှောင်တမံမှ အကျိုးပြုဧရိယာ ၅၃၉၃၃၂ ဧကကို သိုလှောင် ထားသည့် ရေပမာဏအရ နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများကို ရာသီအလိုက် စိုက်ပျိုးရေ ပေးဝေလျက်ရှိရာ ယခုနှစ်နွေစပါးရာသီတွင် ဆည်ရေသောက်ဧရိယာအတွင်း ဆီထွက်သီးနှံ(နှမ်း) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။
    သဖန်းဆိပ်ရေလှောင်တမံသည် ရေစတင်ပေးဝေသည့် ဖေဖော်ဝါရီလတွင် တမံအတွင်း ရေအမှတ် အမြင့် ၅၄၄.၁၀ ပေ၊ သိုလှောင်ရေပမာဏ ၂၇၀၇၈၂၂ ဧကပေရှိရာ ယနေ့တွင် ၅၃၁.၂၂ပေ၊ သိုလှောင်ရေပမာဏ ၁၆၂၆၈၆၀ ဧကပေ ရှိပြီး ယခုနှစ် နွေစပါးရာသီတွင် ဆည်ရေသောက်ဧရိယာ များဖြစ်သည့် ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်၊ တန့်ဆည်မြို့များတွင် နွေစပါး ၁၄၁၈၉၈ ဧက၊ အခြားသီးနှံ ၁၁၃၃၇၃ ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်းနှင့် အရာတော်မြို့နယ်တို့တွင် အခြားသီးနှံ နွေနှမ်း ၈၄၉၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ခြင်းကြောင့် အခြားသီးနှံအပေါ် နွေနှမ်းစိုက်ပျိုးမှု ၇၅ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပါသည်။
    ဆီထွက်သီးနှံ(နှမ်း) ပန်းတိုင်အထွက်နှုန်း အောင်မြင်ရေးအတွက် အပင်ဖြစ်ထွန်းမှုအခြေ အနေအရ ရေလိုအပ်ချက်ကို နေရောင်ခြည်သုံး Rain Gun များ (ဖြန်းရေ)ဖြင့် စိုက်ပျိုးရေ ပေးဝေနိုင်ရေး ပံ့ပိုးပေးလျက်ရှိသည့်အတွက် တောင်သူများအနေဖြင့် အဆိုပါ Rain Gun များကို အသုံးပြု၍ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိပါသည်။
    သဖန်းဆိပ်ရေလှောင်တမံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် တွင် တည်ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏ ၂၈၈၀၀၀၀ ဧကပေ ရှိရာ နှစ်စဉ်ပျမ်းမျှ မိုးစပါးဧက ၄၈၃၀၀၀၊ နွေစပါး ဧက ၂၃၅၀၀၀ နှင့် အခြားသီးနှံ ဧက ၃၃၀၀၀ စုစုပေါင်းဧက ၇၅၁၀၀၀ ဧက ခန့်ကို စိုက်ပျိုးရေပေးဝေလျက်ရှိပြီး ပျမ်းမျှ တစ်နှစ်ပတ်လုံး လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၁၂၀.၆၅၉ ခန့် ထုတ်လုပ်ပေးနိုင်သည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် လယ်ယာ စိုက်ပျိုးရေးအတွက် များစွာအကျိုးပြုလျက်ရှိသည့် ရေလှောင်တမံတစ်ခုဖြစ်ပါသည်။