မန္တလေးတိုင်းဒေသကြီး၏ သီးထပ်စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေးနှင့် သီးနှံစိုက်ဧရိယာများ စိုက်ပျိုးရေဖူလုံစွာအသုံးပြုနိုင်ရေးစီမံဆောင်ရွက်
  • Mon, 11 March 2024

မန္တလေးတိုင်းဒေသကြီး၏ သီးထပ်စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေးနှင့် သီးနှံစိုက်ဧရိယာများ စိုက်ပျိုးရေဖူလုံစွာအသုံးပြုနိုင်ရေးစီမံဆောင်ရွက်


နေပြည်တော်၊ မတ်လ(၁၁)ရက်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဗိုလ်ဗိုလ်ကျော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၏ သီးထပ်စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေးနှင့် သီးနှံစိုက်ဧရိယာများ စိုက်ပျိုးရေဖူလုံစွာအသုံးပြုနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ မတ်လ(၁၀)ရက်နေ့ မွန်းလွဲပိုင်းတွင် မြစ်သားမြို့နယ်၊ တမာပင် ကျေးရွာ အနီး မကျီးရိုးရေလွှဲဆည်လက်ဝဲမြောင်း ရေသောက်စနစ် နှင့် တောင်သူများ စီးပွားဖြစ်စိုက်ပျိုးထားသော သခွားမွှေးစိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေး အားပေးပြီး ရေပိုရေလျှံများ ပြန်လည်အသုံးချနိုင်ရေး ၊ သီးနှံအလိုက်အချိန်မီ ရေပေးဝေနိုင်ရေး လုပ်ငန်း ဆိုင်ရာများကို တာဝန်ရှိသူများအား မှာကြားသည်။
အလားတူ တမာပင်ကျေးရွာရှိ ပုဂ္ဂလိက ဥစားကြက်မွေးမြူရေးခြံ ကို ကြည့်ရှုစစ် ဆေး အားပေးပြီး ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး အတွက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး အကြံပြုဆွေးနွေးပြီး လိုအပ်ချက်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြစ်သား မြို့နယ် ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြစ်သားမြို့နယ်အတွင်း စိုက်ပျိုးရေ‌ပေးဝေနိုင်ရေးအစီအမံများ၊ သက်တမ်းတိုစပါးမျိုး စိုက်ပျိုး နိုင်ရေး၊ နွေနှမ်းသီးနှံ အချိန်မီ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရာတွင် ဒေသတစ်ခု နှင့်တစ်ခု ရေပေးဝေသည့်စနစ် မတူညီနိုင်သည့်အတွက် စိုက်ပျိုးရာတွင် လွယ်ကူထိရောက်စေရန် တာဝန်ရှိသူများ ကိုယ်တိုင်ကွင်းဆင်း၍ ရေပေးနည်းစနစ်များ၊ စိုက်နည်းစနစ်များ ကို စနစ်တကျလေ့လာဆောင်ရွက်ကြရန်၊ သီးနှံများ စတင်စိုက်ပျိုးသည်မှ  ရိတ်သိမ်းချိန်အထိ စက်ကိရိယာများ သုံးစွဲနိုင်ရေး နှင့် ရေသွင်း ရေထုတ်လွယ်ကူသည့် ပေါင်ကြီးတင် စနစ်ကို အသုံးပြု၍ တစ်ကွင်းတစ်စပ်တည်းစိုက်ပျိုးလုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာဌာနများ နှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
၎င်းနောက် ဒုတိယဝန်ကြီး သည် စဥ့်ကိုင်မြို့နယ် ဆောက်အင်း လျှပ်စစ်မြစ်ရေတင် စီမံကိန်း တွင် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဆီထွက်သီးနှံ နွေနှမ်း တိုးချဲ့စိုက်နိုင်ရေး၊ ရေသောက်ဧရိယာအားလုံး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး ၊ ပန်းတိုင် အထွက်နှုန်း ရရှိရေး နှင့် သီးထပ်စွမ်းအားတိုးမြှင့်နိုင်ရေး စံပြဇုန်တစ်ခုဖြစ်လာရန် အတွက် ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေး ပြောကြားပြီး နွေနှမ်းသီးနှံ ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာ ဦးစီးဌာန က ထွန်ယက်မြေပြင်နေမှုနှင့်  တောင်သူ ဦးကျော်နိုင်ဦး ၏ နွေစပါး ဧရာတိုး(၆)ဧက စမ်းသပ်ကွက် ကို ကြည့်ရှုအားပေးသည်။ ဆောက်အင်းမြစ်ရေတင်စီမံကိန်း ဧရိယာတွင် ဒေသခံတောင်သူများ လက်တွေ့လေ့လာနိုင်ကြရန် ရေအစက်ချစနစ်၊ ရေဖျန်း စနစ် အမျိုးမျိုးဖြင့် ရေချွေတာသုံးစွဲ စိုက်ပျိုးနည်းစနစ်များ၊ ဆည်ရေပေးသွင်းမှု နည်းစနစ် အမျိုးမျိုး၊ နေရောင်ခြည်စွမ်းအင် အသုံးပြု၍ ရေတင်နိုင်သည့် နည်းစနစ်များအား သုတေသန စံပြ စိုက်ခင်း ကဲ့သို့ ဆောင်ရွက်ထားရှိကြောင်း၊ ဆောက်အင်းမြစ်ရေတင်စီမံကိန်းကို ၂၀၂၁-၂၀၂၂ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ခုနှစ်တွင် ၇၁% ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၂၃-၂၀၂၄ခုနှစ်တွင် မိုးသီးနှံဧက(၃၀၀) လျာထားစိုက်ပျိုးနိုင်ခဲ့သည်။ လုပ်ငန်းဆောင်ရွက် ရန် ကျန်ရှိနေသော ၂၉% ကို ၂၀၂၄-၂၀၂၅ခုနှစ်တွင် ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်းဧက(၁၀၀၀) သီးထပ် စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။