ပဲခူးတိုင်းဒေသကြီးတွင် ဆည်ရေသောက်စနစ် စိုက်ပျိုးမြေများ၌ သုံးသီးစားစနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်သွားမည်
  • Mon, 9 December 2024

ပဲခူးတိုင်းဒေသကြီးတွင် ဆည်ရေသောက်စနစ် စိုက်ပျိုးမြေများ၌ သုံးသီးစားစနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်သွားမည်


    ပဲခူးတိုင်းဒေသကြီး၏ စိုက်ပျိုးရေးကဏ္ဍတွင် ဆည်ရေသောက်စနစ်ရရှိသော စိုက်ပျိုးမြေအားလုံး၌ သုံးသီးစားစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
    ၂၀၂၄ ခုနှစ်၊ နွေစပါးရာသီ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ခင်း ဧက ၄၂၅၇၀၀ ကျော်အား ဆည်တမံ ၃၉ ခုမှ စိုက်ပျိုးရေအပြည့်အဝ ဖြန့်ဝေပေးနိုင်ခဲ့ပြီး ယခုနှစ် နွေစပါး ရာသီတွင်လည်း နွေစပါးစိုက်ခင်းများကို စိုက်ပျိုးရေများ ပို့လွှတ်နိုင်ရန် အသင့်ပြင်ဆင်ထားပါသည်။ တိုင်းဒေသကြီးအတွင်း ပထမ သီးနှံ မိုးစပါး၊ ဒုတိယ သီးနှံ ဆောင်းသီးနှံနှင့် တတိယသီးနှံ နွေစပါး တို့ကို သုံးသီးစားအဖြစ် ၂၀၂၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ခရိုင်ခြောက်ခု ၌ ပဲခူးခရိုင်တွင် နွေစပါးဧက ၁၉၈၆၀ စိုက်ပျိုးနိုင်ခဲ့ကာ ၂၀၂၄ ခုနှစ်တွင် နွေစပါး ၂၆၃၂၅ ဧက တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ပါသည်။
    တိုင်းဒေသကြီးအတွင်း မိုးစပါးရာသီ ပြီးဆုံးပြီးနောက် ဆောင်းသီးနှံများ စိုက်ပျိုး လျက်ရှိပြီး နွေစပါးဖြစ်သော ရက် ၉၀ စပါးကို ဖေဖော်ဝါရီ ၁ ရက်မှ မတ်လအထိ စိုက်ပျိုးလေ့ရှိကာ ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ဧပြီလကုန်ပိုင်းအထိ အောင်ရေပို့လွှတ်ပေးလျက်ရှိပါသည်။ ပဲခူးတိုင်း ဒေသကြီးတွင် ရာသီအလိုက် စိုက်ပျိုးရေပေးဝေ နိုင်ရန်နှင့် အကျိုးပြုရေအသုံးပြုနိုင်ရန် ပဲခူးခရိုင်၌ ဆည်တမံ ရှစ်ခု၊ ညောင်လေးပင်ခရိုင်၌ ငါးခု၊ တောင်ငူခရိုင်၌ ရှစ်ခု၊ နတ်တလင်းခရိုင်၌ သုံးခု၊ သာယာဝတီခရိုင်၌ ရှစ်ခုနှင့် ပြည်ခရိုင်တွင် ခုနှစ်ခုတို့ဖြင့် စုစုပေါင်း ဆည်တမံ ၃၉ ခုရှိပြီး ရေလွှဲဆည် ၁၃ ခုနှင့် ရေတံခါး ၁၄ ခုတို့ဖြင့် စုစုပေါင်း ဆည်၊ တမံ၊ ရေလွှဲဆည်နှင့် ရေတံခါး ၆၆ ခုတို့မှ သုံးသီးစား စိုက်ခင်းများသို့ စိုက်ပျိုးရေများ ပို့လွှတ်လျက်ရှိပါသည်။
    “ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ တစ်နှစ်ထက်တစ်နှစ် ဆန်စပါးကို တိုးချဲ့စိုက်ပျိုးဖို့ နိုင်ငံတော်အကြီးအကဲလမ်းညွှန်မှုနဲ့ ၂၀၂၃ ခုနှစ်ကစပြီး စပါးကို တိုးချဲ့စိုက်ပျိုးခဲ့ရာ တိုင်ဒေသကြီး ဝန်ကြီးချုပ်ညွှန်ကြားမှုနဲ့ ဆည်ရေသောက်ရရှိတဲ့နေရာတွေမှာ သုံးသီးစိုက်ပျိုးနေကြပါတယ်။ အခု အချိန်က ဒုတိယသီးနှံဖြစ်တဲ့ ဆောင်းသီးနှံစိုက်ပျိုး နေပြီး တတိယသီးနှံနွေစပါးကို ဖေဖော်ဝါရီ ပထမ ပတ်မှာ စတင်စိုက်ပျိုးမှာဖြစ်တဲ့အတွက် ဆည်ရေလုံလောက်စွာရရှိအောင် ပို့လွှတ်သွားမှာပါ။ ဆည် ရေလုံလောက်စွာ ပို့လွှတ်နိုင်အောင် ရေအသုံးချသူများအဖွဲ့နဲ့ပူးပေါင်းပြီး ရေလွှတ်မြောင်းတွေ ရေစီးရေလာကောင်းအောင် အမြဲဆောင်ရွက်ကြပြီး နွေစပါးအတွက် စိုက်ပျိုးရေပြည့်ဝစွာ ရရှိတဲ့အတွက် တောင်သူတွေလည်း အားရကျေနပ်မှုရှိကြပါတယ်။ ဌာနအနေနဲ့ တောင်သူတွေလိုအပ်တဲ့ စိုက်ပျိုး ရေကို ပို့လွှတ်နိုင်တဲ့အတွက် နွေရာသီမှာ စိမ်းလန်းနေတဲ့ လယ်ကွင်းတွေကို မြင်ရရင်ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟု ပဲခူးခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့ပါသည်။
    ပဲခူးခရိုင်အတွင်းရှိ နွေစပါးစိုက်ခင်းများအာ ကိုဒူကွဲ၊ စလူ၊ ရွှေလောင်း၊ မဇင်း၊ အလိုင်နီ၊ ရွှေပြည်(၃)၊ ဝါးကတုတ်နှင့် ဇလပ်ထော်ရေလှောင်တမံတို့မှ ဆည်ရေများ ပို့လွှတ်ပေးလေ့ရှိပြီး နွေစပါးအပါအဝင် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပဲခူးတိုင်းဒေသကြီး၌ ဆည်ရေသောက်စနစ်သည် တောင်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အပံ့ကောင်းများ ရရှိစေလျက်ရှိသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ဆည်များ၏ ရေလွှဲမြောင်းများမှတစ်ဆင့် လက်တံမြောင်းများသို့ ပို့လွှတ်၍ ဆည်ရေရရှိနိုင် သော စိုက်ပျိုးမြေများအားလုံးတွင် သုံးသီးစားအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
    ပဲခူးတိုင်းဒေသကြီးတွင် တည်ဆောက်ထားသော ဆည်တမံများသည် စိုက်ခင်းများ ရေပေးဝေမှုနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုကို ကာကွယ်ပေးလျက်ရှိပြီး မြို့နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို အသုံးပြုနိုင်ရန် ရေကိုသန့်စင်ပြီး ပို့လွှတ်သောစနစ်ကို ဆည်အချို့၌ အကောင်အထည်ဖော်လျက်ရှိကာ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ဆန်စပါးတိုးချဲ့ စိုက်ပျိုးမှုတွင် ဆည်ရေပို့လွှတ်မှုဖြင့် သုံးသီးစိုက်ပျိုးထုတ်လုပ်မှုကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။