ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရာဂီမုန်တိုင်းမိုးအရှိန်ကြောင့် ထိခိုက်ခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆည်ကန်တမံများပြုပြင်မှု ကြည့်ရှုစစ်ဆေး
  • Mon, 9 December 2024

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရာဂီမုန်တိုင်းမိုးအရှိန်ကြောင့် ထိခိုက်ခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆည်ကန်တမံများပြုပြင်မှု ကြည့်ရှုစစ်ဆေး


   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကျီးဖြူကန်ရေပိုလွှဲ အစိတ်အပိုင်းအချို့နှင့် ရေပေးအဆောက်အအုံ တံခါးရွက်များ ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဒီဇင်ဘာ ၆ ရက်နေ့က ကြည့်ရှုစစ်ဆေးခဲ့သည်။
   ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရေလှောင်ကန် ဘေးကင်းလုံခြုံရေး အစီအမံများနှင့်အညီ နေ့စဉ်မပြတ်ကြည့်ရှုစစ်ဆေးရေး၊ မိုးစပါးနှင့် ဆောင်းသီးနှံများအတွက် စိုက်ပျိုးရေအလုံအလောက် ပေးဝေနိုင်ရေး၊ သီးထပ်ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
  ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ လှိုင်ဘုံသာ (၂) ရပ်ကွက်ရှိ ကုန်းလှိုင်ကန်အကူရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ညောင်ရွှေမြို့နယ်မှ သက်တမ်းနှစ်ပေါင်း (၁၁၀) ရှိပြီဖြစ်သည့် အင်းတိန်ရေလွှဲဆည်မှ အကျိုးပြုဧက ၄၈၇၇ ဧကကို စိုက်ပျိုးရေပေးဝေနေမှုကိုလည်းကောင်း၊ အင်းတိန်ရေလွှဲဆည် ယာယီပြုပြင်နေမှုလုပ်ငန်းများနှင့် ရွာမချောင်းရေထိန်းနံရံ ရေတိုက်စားခဲ့မှုအား မြေသားရေထိန်း တာပေါင်ဖြင့် ပြန်လည်ကာကွယ် ဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။