ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှု ရပ်တန့်သွားပြီဖြစ်
  • Sun, 17 November 2024

ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှု ရပ်တန့်သွားပြီဖြစ်


      မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာလနှင့် အောက်တိုဘာလတို့အတွင်း မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပြည့်မှတ်ဖြစ်သည့် ပေ ၃၄၀ အထက် တမံ ရေပိုလွှဲမှ ၈ ဒသမ ၃ ပေခန့်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှုမရှိတော့သဖြင့် နိုဝင်ဘာ ၁၆ ရက် ယနေ့နံနက်ပိုင်းမှစ၍ တမံရေပိုလွှဲမှ ရေကျော်ကျမှု ရပ်တန့်သွားပြီဖြစ်ပါသည်။
    ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာလနှင့်အောက်တိုဘာလတို့အတွင်း မိုးရွာသွန်းမှုများခဲ့သည့်အတွက် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုများရှိခဲ့ရာ တမံရေပြည့်မှတ်ဖြစ်သည့် ပေ ၃၄၀ အထက် တမံရေပိုလွှဲမှ ၈ ဒသမ ၃ ပေခန့်အထိ ရေကျော်ကျမှုများရှိခဲ့ပြီး တမံရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေအား အစိမ်းရောင်အလံစိုက်ထူ၍ တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရေးအတွက် နေ့စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ မိုးရွာသွန်းမှုများမရှိတော့သဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုမှာ ယနေ့နံနက်ပိုင်းမှစ၍ ရပ်တန့်သွားပြီဖြစ်ပါသည်။
    ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးရွာသွန်းမှုကောင်းခဲ့သဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးရေ မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံအတွင်း မိုးရေများ သိုလှောင်စုဆောင်းနိုင်ခဲ့သဖြင့် တမံအတွင်းရှိ ရေများကို မဲဇလီရေလွှဲဆည်သို့ ပို့လွှတ်၍ ဆောင်းသီးနှံနှင့် နွေသီးနှံအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ဖြန့်ဝေပေးနိုင်တော့မည်ဖြစ်ပါသည်။