မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းတွင် ထိခိုက်ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ရေး ကွင်းဆင်းဆောင်ရွက်
  • Sun, 17 November 2024

မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းတွင် ထိခိုက်ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ရေး ကွင်းဆင်းဆောင်ရွက်


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် နိုဝင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် စမုံချောင်းအတွင်း ချောင်းရေများ အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး ရေကြီးရေလျှံ၍ ရေတိုက်စား ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကင်းတားဆည်ရေသောက်စနစ်၊ ကင်းတားလက်ဝဲမြောင်းမကြီး၏ စမုံရေငုပ်ပြွန်နှင့် ရေပေးမြောင်းများ၊ မိတ္ထီလာလွင်ပြင်ရေတင်စီမံကိန်း၏ ရေတင်စနစ်များ၊ ရေတင်စက်ရုံများနှင့် ရေပေးမြောင်းများ အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေသောက်ဧရိယာများတွင် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
    ကြည့်ရှုစစ်ဆေးစဉ် မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်း၏ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရေတင်စနစ်၊ ရေယူအဆောက်အအုံ၊ ရေတင်စက်ရုံ၊ ပန့်၊ မော်တာ၊ ထရန်စဖော်မာ၊ ဓာတ်အားလိုင်းများ၊ ဆက်စပ်လျှပ်စစ်ပစ္စည်းများနှင့် ရေပေးမြောင်းများ အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေ၊ မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်း၏ ရေကြီးနစ်မြုပ်သွားသည့် မော်တာ၊ ပန့်နှင့် ဆက်စပ်လျှပ်စစ်ပစ္စည်းများအား အလျင်အမြန်ပြုပြင်ခဲ့၍ မိုးစပါး ၄၀၁၉ ဧက ဆက်လက်ရေပေးဝေမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဒီဇိုင်းပုံစံများရေးဆွဲရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးနှင့် မိုးစပါးစိုက်တောင်သူများအတွက် အောင်ရေရသည်အထိ သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။
    ဆက်လက်၍ စမုံရေငုပ်ပြွန်အသစ်တည်ဆောက်မည့်နေရာ၊ ကင်းတားလက်ဝဲမြောင်း ရေကူရေတင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ Control House Transformer နှင့် လျှပ်စစ်လိုင်းများ ဆောင်ရွက်၍ စမုံရေငုပ်ပြွန်အနီး ယာယီအစီအစဉ်ဖြင့် စိုက်ပျိုးရေပေးဝေမှုအခြေအနေများကိုလည်းကောင်း၊ မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်းမှ ဆက်လက်ရေပေးဝေလျက်ရှိသော မိုးစပါးစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။