- Tue, 19 November 2024
မြန်မာဟာ မြေအရင်းအမြစ်၊ ရေအရင်းအမြစ်ပေါတဲ့နိုင်ငံတစ်ခုပါ။ ရှေးက ဘိုးတော် အနော်ရထာမင်းကြီး လက်ထက်ကစလို့ နိုင်ငံတည်ဆောက်ရေး တည်ငြိမ်အေးချမ်းရေးအဖို့ရာမှာ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး အလေးအနက်ထားလုပ်ခဲ့တာပါပဲ။ ငတ်ရင်၊ စားနပ်ရိက္ခာ မလုံလောက်ရင် ပြည်ပျက်မယ်။ ရိုးရိုးလေးပဲ။ ခေတ်အဆက်ဆက် စိုက်ပျိုးရေး၊ ဆည်ဆောက်ရေးကို အလေးထားလုပ်ခဲ့ကြတာကြောင့်လည်း မြန်မာဟာ သမိုင်းမှာ အငတ်ဘေး ဆိုက်ရောက်တဲ့ ဖြစ်ရပ်မျိုး ကြီးကြီးမားမား မကြုံဖူးဘူး။
ခုလက်ရှိ အခြေအနေအထိလည်း မြန်မာဟာ စားနပ်ရိက္ခာမှာ မိမိကိုယ်ကိုဖူလုံမှုအချိုး ၁၄၀ ရာခိုင်နှုန်း ရှိနေတယ်။ အဲဒါဘာကိုပြောတာလဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ စားနပ်ရိက္ခာ မိမိကိုယ်ကိုယ်ဖူလုံမှု အချိုး Food self sufficiency ratio ဆိုတာက ဥပမာ တိုင်းပြည်တစ်ပြည်မှာ လူသန်း ၁၀၀ နေထိုင်တယ်။ အဲ့ဒီတိုင်းပြည်တွင်းက တစ်နှစ်အတွင်း စိုက်ပျိုးထုတ်လုပ်လို့ရတဲ့စားနပ်ရိက္ခာ ထုတ်ကုန်ဟာ သူ့လူသန်း ၁၀၀ ကို တစ်နှစ်အတွင်း ဝအောင်ကျွေးနိုင်ရင် မိမိကိုယ်ကိုယ်ဖူလုံမှုအချိုး ၁၀၀ ရာခိုင်နှုန်း ရှိတယ်ခေါ်တယ်။ နည်းရင် ရာခိုင်နှုန်းလျော့မယ် များရင် ရာခိုင်နှုန်းတိုးမယ်။ မြန်မာက အဲဒီအချိုး ၁၄၀ ရာခိုင်နှုန်း ရှိတယ်ဆိုတာက လက်ရှိမြန်မာ့လူဦးရေ ၅၅ သန်းရှိရာမှာ နှစ်စဉ် ပြည်တွင်းက စိုက်ပျိုးထုတ်ကုန်က လူ ၇၇ သန်း ကျွေးလောက်အောင် ထွက်နေသေးတယ်ဆိုတဲ့သဘော။ ဒါ့ကြောင့်လည်း အခုခေတ် မြန်မာပြည်ကနေ အခြားနိုင်ငံတွေကို ဆန်၊ ပဲ တင်ပို့နေနိုင်သေးတယ်။ ဒါကလည်း အမြော်အမြင်၊လုံ့လ၊ ပညာတွေနဲ့ လုပ်ခဲ့ကြလို့ပါ။
လက်ရှိမှာ မြန်မာ့စိုက်ပျိုးမြေဧက ၃၃ သန်းရှိတယ်။ မြန်မာ့မြစ်ချောင်းတွေပေါ်မှာ တမံကြီးပေါင်း ၂၄၆ ခု တည်ဆောက်ထားပြီး စိုက်ဧက ၃၃ သန်းအနက် ဆည်မြောင်းနည်းပညာတွေဖြစ်တဲ့ တမံပိတ်တာအပြင် ရေလွှဲဆည်ဆောက်၊ချောင်းပိတ် မြောင်းပိတ်စတဲ့ ရေရရှိရေးနည်းလမ်းပေါင်းစုံ နဲ့ ရေပေးတာစုစုပေါင်း စိုက်ဧကရဲ့ ၁၉ ရာခိုင်နှုန်း ရှိတယ်။
ခုလက်ရှိမြန်မာက စားနပ်ရိက္ခာတော့ဟုတ်ပါပြီ။ လူတွေတိုးလာရင်ဘယ်လိုလုပ်မလဲ မေးစရာပါ။ ၁၉၈၈ ခုနှစ်ထက် ကနေ့ လူဦးရေ ၂၂ သန်းတိုးခဲ့ပါပြီ။ ၃၆ နှစ်တာ ကာလအတွင်း တိုးခဲ့တာပါ။ တိုင်းပြည်အငယ် တစ်ပြည်စာလောက်ပေါ့။ နောက်အနှစ် ၄၀ စာလောက်အတွက် လှမ်းမျှော်ကြည့်ပြီး တစ်ဧကအပေါ်က အထွက်တိုးဖို့၊ စိုက်ဧကချဲ့ဖို့၊ အဲဒီအတွက်ဆည်တွေ ထပ်ဆောက်ဖို့ လိုလာမှာပါ။ တိုင်းပြည်တစ်ပြည်အတွက် အနှစ် ၄၀ ဆိုတာ ခဏလေးပါ။ မြန်မာ့ နာမည်ကြီး ဘောဂဗေဒ ပညာရှင်ကြီးတွေ အဆိုအရ မြန်မာ့မိသားစုစီးပွားရေး (family businesses) ဟာ စိုက်ပျိုးထုတ်ကုန်ထုတ်ရောင်း ၊ ရေအားလျှပ်စစ်ထုတ်ရောင်း ၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းလုပ်၊ ဆိပ်ကမ်းမြို့ကြီးတွေဆောက်၊ တရုတ်နဲ့အိန္ဒိယကြား ကုန်သွယ်ခွန်ကောက်စား ဒါလုပ်ရမှာပါ။ (ထိုင်းက ကမ္ဘာလှည့်ခရီးသွား စိုက်ပျိုးရေး၊ ဂျပန်က လျှပ်စစ်ပစ္စည်း ထုတ်ကား ထုတ်တာမျိုးနဲ့ အထာဆင်တူ)။ မြန်မာတွေ ဆိုင်ကယ်၊ ကား၊ တီဗွီ၊ ဖုန်း၊ လေယာဉ်ပျံလုပ်ဖို့ ဘေးနိုင်ငံတွေကို မမီနိုင်တော့ပါ။
ဆည်အပါအဝင် အခြေခံ အဆောက်အဦးတွေ ခင်းထားဖို့လို
မြန်မာတွေလုပ်ရမယ့် မြန်မာ့မိသားစုလုပ်ငန်းတွေအတွက်လည်း ဆည်အပါအဝင် အခြေခံအဆောက်အဦတွေခင်းထားဖို့လိုတယ်။ မော်လမြိုင်ကို ဘန်ကောက်လို အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမြို့ကြီး လုပ်မယ်ဆိုပါစို့။ အခြေခံ ရေဖောဖောသုံးဖို့ ဆည်တွေ၊ ကန်တွေ အရင်ဝိုင်းထားရမှာပေါ့။ တရုတ်နဲ့ အိန္ဒိယ ကုန်သွယ်လမ်း မြန်မာကို ဖြတ်ဖောက်မယ်။ အဲဒီလမ်းကြီးတစ်လျောက် ကုန်လှောင်ရုံတွေ အခွန်ကောက်စခန်းတွေ အပန်းဖြေ ဖျော်ဖြေရေး စခန်းတွေ အရေးပေါ်ဆေးရုံဆေးခန်းတွေကို ရေပေးဝေရေး ဆည်ကန်တွေ ကြိုဆောက်ထား မှရမှာပေါ့။ ဒါမျိုးတွေက လိုလာမှ လုပ်လို့မရဘူး။ ဥပမာ မနှစ်ကထိုင်းကို ကမ္ဘာလှည့်ခရီးသွား ၃၆ သန်းလာလည်တယ်။ မြန်မာ့လူဦးရေ ၅၅ သန်းရဲ့ တစ်ဝက်ကျော်အရေအတွက်ပါ ။ ခုနောက်ပိုင်းနှစ် တွေမှာ ထိုင်းကို ပုံမှန်အဲဒီလို ဧည့်လာနေတာပါ။ ဧည့်သည်ကျမှ ဟိုတယ်တွေ ထဆောက်၊ ခရီးသွားတွေ သွားချင်တဲ့နေရာတွေကို လမ်းတွေထဖောက်တာမဟုတ်ပါ။ ကိုယ်က ဘာနဲ့လုပ်စားမယ်၊ ဘယ်လမ်းလျှောက်မယ်၊ ဘယ်ကိုသွားမယ်ရောက်မယ် ဆိုတာအတွက် တွက်ချက်ကြိုလုပ်ပြုထားရတယ်။
ဘေးကထိုင်းမှာဆည်ပေါင်း ၆၈၂ ခု ရှိပြီး ခုခေတ်စိုက်ပျိုးရေးမှာ တဟုန်ထိုးတက်လာတဲ့ ဗီယက်နမ်မှာ ဆည်ပေါင်း ၇၀၀၀ လောက်ရှိပါတယ်။ ကမ္ဘာမှာ ဆည်အများဆုံး အမေရိက ၉၁၈၄၀၊ တရုတ် ၈၇၀၀၀ ပြီးရင်ဗီယက်နမ်က တတိယဆည်အများဆုံးပါ။ အမေရိကနဲ့ တရုတ်ဟာ မြန်မာ့အကျယ်အဝန်းထက် ၁၅ ဆ ပိုကြီးပြီး ထိုင်းက မြန်မာထက် ယောင်ယောင်သေးတယ်။ ဗီယက်နမ်က မြန်မာ့အကျယ်အဝန်းရဲ့ တစ်ဝက်ပဲရှိတယ်။ ဒါပေမယ့် သူတို့ဘာ့ကြောင့် ဆည်တွေ တွန်းဆောက်ခဲ့ကြတာလည်း။ လေ့လာကြည့်ကြရအောင်ပါ။ အနီးစပ်ဆုံး ထိုင်းရယ်၊ ဗီယက်နမ်ရယ်နဲ့ နှိုင်းကြည့်ကြမယ်။ ကမ္ဘာမှာ အခြေခံအဆောက်အဦး အပြည့်စုံဆုံးအမေရိကတို့၊ တရုတ်တို့က ကိုယ်နဲ့ဝေးတယ်။ ဘေးကထိုင်းတို့၊ ဗီယက်နမ်တို့နဲ့ အဓိကနှိုင်းကြည့်မယ်။
လူတစ်ကိုယ်စာရေအသုံး
လူတစ်ယောက် မနက်မျက်နှာသစ် အိမ်သာတက်တာကနေစလို့ ညအိပ်ယာဝင်သွားတိုက်တဲ့ အထိ နေ့စဉ်ရေဂါလံ ၈၀ အနည်းဆုံး လိုအပ်တယ်။ ထိုင်းနဲ့ဗီယက်နမ်မှာ ရေအရင်းအမြစ် မြန်မာနိုင်ငံလောက်မရှိပေမယ့် ဆည်တွေပိုများ၊ လျှပ်စစ်ပိုသုံးနိုင်၊ ပိုချမ်းသာတော့ လူတစ်ကိုယ်စာ နေ့စဉ် ရေအသုံး တစ်ပြည်လုံးဖူလုံအောင် ပေးနိုင်တယ်။ လျှပ်စစ်ဟာအရာရာပဲ။ အခြားရေအရင်းမြစ်မရှိရင် ဘေးကချောင်း၊ မြစ်ဆီကနေရေစုပ်တင်ကန်နဲ့လှောင်ပြီး သူတို့ဆီမှာ မြို့ရွာတွေကို ရေပေးနိုင်တယ်။ ဒါကလည်း ဆည်မြောင်းလုပ်ငန်း အနွယ်ထဲကတစ်ခုပဲ။
ဧရာဝတီမြစ်ဘေးတင်နေပြီး စိုက်ဖို့၊ ပျိုးဖို့၊ သုံးဖို့ ရေရှားခဲ့ကြသူတွေ
မြန်မာပြည်မှာ ဧရာဝတီမြစ်ဘေးက မြို့အချို့ နွေရာသီဆို ရေပြတ်တယ်။ မြစ်ချောင်းတွေဆီ ရေသွားသယ်ယူ၊ ရေချိုးကြရရှာတယ်။ မြန်မာပြည် အထက်ပိုင်း ကန့်ဘလူကနေ မြန်မာ့အညာက ချောက်မြို့အထိ ဧရာဝတီမြစ်ဘေးတလျှောက် မြို့ရွာတွေ၊ နယ်တွေကို ပညာရှင်တွေက အပူပိုင်းဇုံလို့သတ်မှတ်တယ်။ အဲဒီဇုံအတွင်း လူဦးရေ သန်း ၂၀ နေတယ်။ စိုက်ရေ၊ ပျိုးရေ သောက်သုံးရေရှားပါးခဲ့တယ်။ ဧရာဝတီမြစ်ဘေးတင်နေပြီး စိုက်ဖို့၊ ပျိုးဖို့၊ သုံးဖို့ ရေရှားခဲ့ကြသူတွေပါ။ အပူပိုင်းဇုံရဲ့ ရောဂါပေါင်းစုံနဲ့ လူမှုစီးပွားဘဝ နိမ့်ကျမှု ခံစားခဲ့ကြရရှာသူတွေပေါ့။
၁၉၈၈ ခုနှစ် နောက်ပိုင်း မှာ ဆည်ဆောက်တာအပါအဝင် ဖွံ့ဖြိုးရေးတွေလုပ်ပေးခဲ့ပေမယ့် အဲ့ဒီ အပူပိုင်းဇုံက လူ သန်း ၂၀ အတွက် အခြေခံအကျဆုံး လျှပ်စစ်နဲ့ စိုက်ပျိုးရေ၊ သောက်သုံးရေ လုပ်ပေးဖို့ အများကြီးလိုသေးတယ်။ အခုလက်ရှိ လုပ်ပေးထားတာနဲ့ မလုံလောက်သေးဘူး ။ အဲ့ဒီမှာ လျှပ်စစ် စိုက်ပျိုးရေ သောက်သုံးရေအတွက် ဈေးအပေါဆုံး အဖြစ်နိုင်ဆုံး လုပ်နိုင်တာက ဆည်၊ ကန်ဆောက်ပေးတာပဲ။ အဲဒီ လူ သန်း ၂၀ အတွက် တစ်အိမ်ချင်းရေတွင်း လိုက်တူးပေးဖို့ခက်တယ်။ မြန်မာပြည်အချို့ အရပ်တွေမှာ မသန့်စင်တဲ့ တွေ့ကရာ အိုင်ထဲကရေကို သောက်သုံးရေလုပ်နေရသူ တွေ ရှိသေးတယ်။ အပူပိုင်းဇုန် အပြင်ဘက်က လူတွေမှာလည်း ရေကဖူလုံ လှချည်ရဲ့ မဟုတ်သေးဘူး။ ဥပမာ ဂျပန်မှာ တစ်ပြည်လုံး လမ်းဘေးက ဘယ်ရေခေါင်းဖွင့်ဖွင့် ကျလာတဲ့ရေက ph 7 ရေသန့်ပဲ။ ရေဖူလုံတာအပြင် အရည်အသွေးပါကောင်းတယ်။
ဟုတ်ပြီ။ ဆည်ဆောက်တာ၊ ကန်တူးတာ ကိုက်ရောကိုက်ရဲ့လားမေးကြမယ်။ ဖိုးဝ ဂျပန်ရောက်ခဲ့တဲ့ ၂၀၁၀ မှာ ဂျပန်မှာ နေ့စားတစ်ယောက်လုပ်အားခဟာ (တစ်ပြည်လုံး ဘယ်နေရာဖြစ်ဖြစ်) တစ်ရက်လုပ်ခ မြန်မာငွေနဲ့ကျပ် နှစ်သိန်းရှိတယ်။ ကျောက်သယ်တဲ့သူဖြစ်ဖြစ်၊ မြေတူးတဲ့လူဖြစ်ဖြစ်၊ အမှိုက်လှည်းတဲ့ လူဖြစ်ဖြစ်၊ စားပွဲထိုးတဲ့လူဖြစ်ဖြစ် အဲ့ဒီနှုန်းအတိုင်း ရတယ်။ အဲ့ဒီအချိန်မှာ မြန်မာပြည်မှာ နေ့စားခ လူတစ်ယောက်တစ်ရက် ၈၀၀ ကျပ်ရှိတယ်။ ဂျပန်ဟာမြေရှားလို့ သူ့ဆည်တွေကို ကျောက်တွေ ကွန်ကရစ်တွေနဲ့ ဆောက်တယ်။ မြန်မာက မြေသိပ်ပေါတယ်။ ဆည်တစ်လုံးချင်းတူရင် မြန်မာမှာ ဆည်တစ်လုံးဆောက်တာဟာ ဂျပန်မှာတစ်လုံးဆောက်တာထက် အဆပေါင်းများစွာ သက်သာတယ်။ ပြန်ရတဲ့အမြတ်က ဒေသစိုက်ရေ၊သုံးရေဖူလုံတာ၊ စားနပ်ရိက္ခာထွက်တာ၊ ဝင်ငွေရတာ၊ လူမှုစီးပွားဘဝတိုးတက်တာ ပြောမကုန်ဘူး။
ဂျပန်တွေက မြို့ရွာတွေရေပေးဖို့ စိုက်ခင်းတွေကိုရေပေးဖို့ farm pond “လယ်တောကန်” ဆိုတဲ့ ကွန်ကရစ်ကန်ကြီးတွေကိုလည်း သုံးတယ်။ မြစ်ထဲကရေကိုလျှပ်စစ်နဲ့ အိမ်လောက်ရှိတဲ့ ကွန်ကရစ်ကန်ကြီးတွေဆီ စုပ်တင်၊ အဲဒီကနေ ပိုက်နဲ့ စိုက်ခင်း မြို့ရွာတွေဆီရေပေး ။ ဒီလို။ အဲလိုလုပ်ဖို့မြန်မာမှာ လျှပ်စစ်မရှိ။ ဆည်ဆောက်ဖို့ လိုလာပြန်ရော။ နယူးကလီးယားတို့၊ ကျောက်မီး သွေး လျှပ်စစ်စက်ရုံတို့က မြန်မာအတွက်ဝေးနေဆဲ။ ဆည်နဲ့လျှပ်စစ်ထုတ်တာက လောပိတ၊ ဆည်တော်ကြီး၊ ပေါင်းလောင်း၊ မုန်း၊ ရဲရွာ စသည်ဖြင့် လမ်းကဖုံနေပြီ။ လောက်အောင်သာ မထုတ်နိုင်သေးလို့ စီမံကိန်းသစ် တွေဖော်ဆောင်နေရတာ။
ဂျပန်မှာက Farm pond ကွန်ကရစ်ကန်တွေဆီ မြစ်ရေမရောက်မီ ကြားထဲမှာ ရေသန့်စင် စက်ရုံတွေလည်းရှိသေးတာ။ ဂျပန်က စိုက်ပျိုးရေပေးတာအများစုက မြေကြီးထဲမြှုပ်ထားတဲ့ ပိုက်ကြီးတွေကနေရေပေးတယ်။ မြန်မာ့ကျေးရွာတွေအများစု ရွာထိပ်မှာ ရွာဦးမြေသားကန်ကြီးတွေ ရှိတတ်ကြတယ်။ မိုးရေခံချင်ခံမယ်၊ နီးရာချောင်းကနေ ရေလွှဲယူချင်ယူမယ်။ အဲဒီကန်ရေက သူတို့ သောက်သုံးရေ အရင်းအမြစ်ပဲ။ အဲဒီမယ် ရေယူပုံစံစနစ်မကျတာ၊ ရေသွင်းရေထုတ်ပုံစံနစ်မကျတာ၊ ရေမသန့်နိုင်တာ၊ ရေကကန်အောက်ကစိမ့်ထွက် ကန်ပေါ်က အငွေ့ပျံထွက်တာ စတဲ့ ဇာတ်လမ်းမျိုး စုံနဲ့ ရေရှည်ကြုံ လုံးထွေးနေကြရရှာတယ်။ ဆည်မြောင်းမှာ အဲ့ဒီပြဿနာရှင်းနိုင်တဲ့ ပညာတွေရှိတယ်။ ဥပမာ ဖိုးဝဆို ဂျပန်သင်တန်း ငါးလမှာ မြေသားကန်တွေ အထူးပြုလေ့လာခဲ့တယ်။ ကန်ရေကို အများဆုံး လေလွင့်စေတဲ့ ကန်ခြေကရေစိမ့်ထွက်မှု အတွက် ကန်ခြေတစ်ခုလုံးက မြေ တစ်ပြင်လုံး ကို ခြောက်ပေ အနက်တူးထုတ် မြေဖယောင်း သုံးပေ ဖြန့်ဖို့ကြိတ်၊ သူ့အပေါ်က မြေကောင်းတာသယ်ပြီး သုံးပေဖြန့်ဖို့ကြိတ်။ ဒီလို။ ကန်အခြေက ရေစိမ့်ထွက်တာ percolation ကင်းရော။ နောက်...ကန်ရေသန့်စင်နည်းအမျိုးမျိုး။ ကားနဲ့ရထားနဲ့ ခရီးသွားရင် ရွာထိပ်တွေမှာ ကန်တွေတွေ့ မှာပေါ့ ။ အချို့ကရွှံ့ရေတွေ။ နီရဲလို့။ အချို့ကစိမ်းနေတယ်။ ကန်မမြင်ရဘူး။ မှော်တွေ။ ဆည်မြောင်း က အဲ့ဒီပြဿနာတွေကိုလည်း ရှင်းပေးတယ်။
“စိုက်ပျိုးရေ”
မြန်မာမှာ လက်ရှိစိုက်ဧက ၃၃ သန်း ရှိတယ်။ ထိုင်းက ဧက ၄၂ သန်းရှိတယ်။ စပါးအဓိက အပြင် သီးနှံအစုံစိုက်ကြတယ်။ မြန်မာ့စိုက်ဧကရဲ့ ၁၉ ရာခိုင်နှုန်းကို ရေသွင်းစိုက်ပျိုးနိုင်တယ်။ ထိုင်းကစိုက် ဧက ရဲ့ ၂၈ ရာခိုင်နှိုင်း စိုက်ဧက ၁၂ သန်းကို ဆည်ရေပေးဝေနိုင်တယ်။ ဆည်ရေ မသောက်ရတဲ့ စပါးခင်းက အထွက်မကောင်းပါ။ အခြားသီးနှံ ထို့အတူ။ စိုက်ပျိုးရေးကဏ္ဍဟာ မြန်မာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှိုင်းကို အလုပ်ပေးထားပြီး ထိုင်းလူဦးရေရဲ့ ၃၉ ရာခိုင်နှိုင်း ကိုအလုပ်ပေးထားတယ်။ မြန်မာကလူဦးရေ ၅၅ သန်း ရှိပြီး ထိုင်းက လူဦးရေ ၇၁ သန်းရှိတယ်။ ဒီနားက နိုင်ငံတွေမှာ ဗမာက ပျမ်းမျှစပါး တစ်ဟက်တာ ၂ ဒသမ ၄၇ ဧက စိုက်ရင် ဆန် ၂ ဒသမ ၇ မက်ထရစ်တန် (မက်ထရစ် တစ်တန် ကို ၂၂၀၅ ပေါင် ) ထိုင်းက ၂ ဒသမ ၈ မက်ထရစ်တန်၊ ကမ္ဘောဒီးယားက ၃ ဒသမ ၅ မက်ထရစ်တန်၊ ဖိလစ်ပိုင်က ၄ ဒသမ ၂ မက်ထရစ်တန် ထွက်တယ်။ စိတ်ကူးနဲ့ ဆန်ပေါင်ထုပ်ကလေးတွေ ထုပ်ကြည့်ပါ။ (ကမ္ဘာမှာက ဟက်တာတွေ တန်တွေ သုံးနှုန်းတယ်။ )
ထိုင်းမှာက မြန်မာလို ဧကကွက်မရှိတော့ဘူး။ ဟတ်တာကွက်တွေချည်းပဲ။ ၂၀၂၃ မှာ ထိုင်းက ဆန်မက်ထရစ်တန် ၂၂ သန်း ထုတ်လုပ်တယ်။ မက်ထရစ်တန် ၇ ဒသမ ၇ သန်းကို (အမေရိက၊ တောင်အာဖရိက၊ ဟောင်ကောင်ကိုတင်ပို့တယ်။) ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံရတယ်။ (တစ်ဘီလီယံဆိုတာ ဒေါ်လာသန်း ၁၀၀၀ ပါ။) မြန်မာက ၂၀၂၃ မှာ ဆန်တန်ချိန် ၁၂ သန်းထွက်တယ်။ တန်ချိန် ၂ ဒသမ ၃ သန်း နိုင်ငံခြားကို တင်ပို့တယ်။ ဒေါ်လာ ၈၅၄ သန်းရတယ်။ အဲ့ဒီနှစ်မှာပဲ စပါးအပါအဝင် သီးနှံပေါင်းစုံ ကမ္ဘာကိုတင်ပို့တာကနေ ထိုင်းတွေ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ (တစ်ဘီလီယံ ဒေါ်လာသန်းတစ်ထောင် ) ရတယ်။ မြန်မာက အမေရိကန်ဒေါ်လာ ၄ ဘီလီယံလောက် စပါးအပါအဝင် ကောက်ပဲသီးနှံ တင်ပို့တာကနေရတယ်။ မြန်မာနဲ့ထိုင်းမှာ ထိုင်းတွေဟာ မြန်မာထက် စိုက်ဧကပိုပြီး ရေရတဲ့ဧကလည်း ပိုတယ်။ နှစ်စဉ်ကောက်ပဲသီးနှံ တင်ပို့တဲ့ငွေပမာဏမှာထိုင်းက မြန်မာထက် လေးဆနီးနီးသာနေတယ်။
ထိုင်းဟာ မြန်မာထက်ပိုကျဉ်းတယ်။ သူတို့ပြည်တွင်းဖူလုံတာအပြင် ထိုင်းတွေ နှစ်စဉ် စိုက်ပျိုး ထုတ်ကုန်ကနေ မြန်မာထက် ပိုရနေတဲ့ (မြန်မာထက် ၁၁ ဘီလီယံပို ) အမေရိကန်ဒေါ်လာဘီလီယံတွေ ဆိုတာ ဆေးရုံတွေ၊ လမ်းတွေ၊ ကျောင်းတွေ အများကြီးဆောက် လျှပ်စစ်တွေ အများကြီးထုတ်လို့ရတဲ့ ပမာဏပါ။ သူတို့ပိုမိုတင်ပို့နိုင်တဲ့ တန်ဖိုးအမေရိကန်ဒေါ်လာ သန်းတစ်ထောင် ၁၁ ကြိမ်ကို မြန်မာ ငွေဖြစ်အောင် ကာလပေါက်ဈေးနဲ့မြှောက်ကြည့်ပါ။ မျက်လုံးပြူးသွားမယ်။ ဗီယက်နမ်က မနှစ်က ဒေါ်လာ ၆ ဘီလီယံဖိုးနီးပါး စိုက်ပျိုးသီးနှံထွက်ကုန်တင်ပို့တယ်။ မြန်မာ့အကျယ်အဝန်းရဲ့ တစ်ဝက် လောက်ပဲရှိတဲ့ ဗီယက်နမ်ဟာ မြန်မာထက်တော့သာသေးတာပဲ။ မြန်မာက စိုက်ဧကတွေထပ်ဖော်ဖို့ ဆည် တွေထပ်ဆောက်ဖို့ လိုနေတယ်။ မဟုတ်ရင် ကိုယ့်မှာ မြေရေ ရှိလျက်နဲ့ အရှေ့တောင်အာရှမှာ အင်ဒိုပြီးရင် ဒုတိယမြေဧရိယာအကျယ်ဆုံး မြန်မာဟာ စိုက်ဧက ဆည်အရေအတွက် ရေပေးနိုင်မှု ရေသုံးနိုင်မှု တစ်ဧကအထွက်နဲ့စိုက်ပျိုးရေးကနေဝင်ငွေမှာပါ အာဆီယံညီအစ်ကိုတွေကြား အငယ် တွေအောက်ကဖြစ်နေမယ်။ အကျိုးဆက်အဖြစ် တောင်သူမျိုးဆက်သစ်တွေ ထိုင်း၊ မလေးရှားမှာ အလုပ်ကြမ်းသွားလုပ်နေကြရတာ ရပ်လို့ရမှာမဟုတ်ပါ။
ကန်ထရိုက်လယ်ယာ
၂၀၂၄ မှာ တရုတ်ဟာ အမေရိကကနေ ပဲပိစပ်တန်ချိန် ၁၃၂၀၀၀ အမှာစာပို့ထားတယ်။ တစ်တန်ကို ထွက်တဲ့နေရာတင် ၄၉၀ ဒေါ်လာနဲ့ စာချုပ်တယ်။ (တရုတ်နိုင်ငံကို သယ်ခ တရုတ်တွေကျခံမယ်။ ) အမေရိက အိုင်အိုးဝါးပြည်နယ်က တောင်သူတွေကစိုက်ပေးမယ်။ သူတို့ဆီ မှာစိုက်ရင် ပဲပိစပ်တစ်တန်ထွက်ဖို့ အပြီးအစီး ဒေါ်လာ ၂၈၀ ကျမယ်။ စိုက်နိုင်တာမို့ တရုတ်ကုန် သည်တွေနဲ့ အမေရိကန် အိုင်အိုးဝါးက စိုက်ပေးမယ့်တောင်သူအသင်းစာချုပ်တယ်။
အမေရိကန် တောင်သူတွေက အလုပ်ရပြီ ဆိုတာနဲ့ စာချုပ်ပြပြီး အမေရိကန်ဘဏ်တစ်ခုခုကနေ စိုက်စရိတ် ချေးယူတယ်။ စိုက်လို့ ထွက်ပြီ၊ အမေရိကကနေသယ်သွားတဲ့ပဲပိစပ်တန်ချိန် ၁၃၂၀၀၀ တရုတ်ပြည် ဆိပ်ကမ်း တစ်ခုခုကို ရောက်ပြီဆိုတာနဲ့ တရုတ်ကုန်သည်တွေက စာချုပ်ထားတဲ့ငွေပမာဏကို အမေရိကန်ဘဏ် (အမေရိကန်လယ်သမားတွေငွေချေးထားတဲ့ဘဏ် ) ကိုလှမ်းလွှဲပေးမယ်။ ဘဏ်က သူချေးပေးထားတဲ့ငွေရင်း ဘဏ်ကြေးတောင်သူတွေရဲ့ ရေဖိုး စတာတွေနုတ်ပြီး အမေရိကန် တောင်သူတွေကို တစ်ယောက်ချင်းအထွက် တန်အလိုက်အမြတ်ခွဲပေးလိုက်မယ်။ (ရေဖိုးကို ဆည်ရေပေးတဲ့ကုမ္ပဏီကို ပေးလိုက်မယ်။) ဒါကကန်ထရိုက်လယ်ယာပဲ။ ဒါမျိုးလုပ်ဖို့ ဟက်တာကွက် တွေဖြစ်ရမယ်။ (ဒါမှ စက်မှုလယ်ယာလုပ်ဖို့အဆင်ပြေမယ်။ စက်တွေ လှုပ်ရှားနိုင် မယ်။ အထွက်တိုးမယ်။ အချိန်နဲ့အချိန် ကုန်ထွက် ကုန်အပ်နိုင်မယ်။ )
ဆည်တွေလည်းရှိရမယ်။ ဒါမှရေသေချာမယ်။ ဘဏ်စနစ်ကောင်းရမယ်။ ကမ္ဘာထွက်ဈေးကွက်ရှာနိုင်ရမယ်။ ဒီလိုလုပ်ဖို့လည်း ဆည်တွေလိုတာပဲ။ မြန်မာ့ခုလက်ရှိအနေအထားက အစိတ်စိတ်အမြွှာမြွှာ ဧကကွက်တွေ ၊ ဆည်မပြည့်စုံတာတွေ ၊ ဘဏ်စနစ်မကောင်းတာတွေ ၊ ဈေးကွက်မရှာနိုင်တာတွေနဲ့ အဲ့ဒီစခန်း မရောက်ပါ။ ဒါ့ကြောင့်လည်း ကိုယ့်ထက် အရွယ်သေးတဲ့ ဘေးက ထိုင်းရဲ့ လေးပုံတစ်ပုံလောက်ပဲ ကမ္ဘာကို ကောက်ပဲသီးနှံ တင်ပို့နိုင်တယ်။ တရုတ်က သမုဒ္ဒရာကြီးကျော်ပြီး အမေရိက ကနေ ပဲ ပိစပ်မဝယ်တော့ဘူး။ မြန်မာက နေဝယ်မယ်။ မြန်မာတွေစိုက်ပေးဆိုရင် မြန်မာတွေမလုပ်နိုင်ပါ။
လျှပ်စစ်
ထိုင်းတွေဟာ နှစ်စဉ်တစ်ပြည်လုံး လျှပ်စစ်မဂ္ဂါဝပ် ၃၄၄၄၀ သုံးရာမှာ လျှပ်စစ်ထုတ်တဲ့ ဆည် ၂၆ ခုကနေ မဂ္ဂါဝပ် ၇၀၀၀ ထုတ်တယ်။ ကျန်တာကို သူတို့က သဘာဝဓါတ်ငွေ့တို့ ကျောက်မီးသွေးတို့ကနေ ထုတ်တယ်။ မြန်မာဟာ လက်ရှိ နှစ်စဉ်လျှပ်စစ် ၃၁၈၉ မဂ္ဂါဝပ် သုံးနိုင်တယ်။ အဲ့ဒီ လျှပ်စစ်ရဲ့ ၇၄ ရာခိုင်နှုန်း ကဆည်တွေကနေထုတ်တယ်။ တစ်ပြည်လုံးအမြဲလင်းဖို့အတွက် ၄၅၃၁ မဂ္ဂါဝပ် လိုတယ်။ အဲ့ဒီအတွက် မြန်မာမှာ ရေအားလျှပ်စစ်ထုတ်မယ့်ဆည်တွေ ဆက်ဆောက် နေကြတယ်။ (ထိုင်းဆည် ၂၆ လုံးကထုတ်တဲ့ လျှပ်စစ်ဟာ မြန်မာတစ်ပြည်လုံး မီးလင်းဖို့ လိုအပ်တာထက် မဂ္ဂါဝပ် ၂၅၀၀ လောက်ပိုနေသေးတာတွေ့ရမယ်။) ထိုင်းတွေမဂ္ဂါဝပ် သုံးသောင်းခွဲလောက်သုံးတယ်ဆိုတာ စက်မှုကုန်ထုတ်လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ထွန်းကားလို့ပါ။ မြန်မာလည်း တိုးတက်လာရင်လိုလာမှာပေါ့။ လျှပ်စစ်မရှိရင်တော့ ဘာမှစလို့မရပါ။
လျှပ်စစ်မရှိ၊ ဟိုတယ်မပြည့်စုံရင် ကမ္ဘာလှည့်ခရီးသွားလည်းမလာပါ။ ပညာရှင်တွေ စူးစမ်း တိုင်းထွာထားချက်အရ မြန်မာ့မြစ်ချောင်းတွေကနေ ရေအားလျှပ်စစ် မဂ္ဂါဝပ် ၃၇၀၀၀ ထုတ်လို့ရမယ် ခန့်မှန်းကြတယ်။ အခုလက်ရှိ ထိုင်းတွေသုံးနေတဲ့လျှပ်စစ်ပမာဏသာသာပေါ့။ ဗီယက်နမ်မှာ ဆည်၇၀၀၀ ရှိတယ်စာရင်းပေါက်တယ်။ ဆောက်ပြီး၊ ဆောက်ဆဲလျှပ်စစ်ထုတ်တဲ့ဆည်ပေါင်း ၁၁၀၀ ရှိတယ်။ ၃၇၈ ခုကလည်ပတ်နေပြီဖြစ်ပြီး လျှပ်စစ် ၂၂၆၃၉ မဂ္ဂါဝပ် ထုတ်လုပ်နေပြီဖြစ်ပါတယ်။
ဆည်ဒုက္ခ
အပေါ်မှာ ဆည်တွေ လိုအပ်ပုံ အကျိုး ပြောခဲ့တယ်။ အချို့က ဆည်ကြောင့် သစ်တောပြုန်း တယ်၊ ရေကြီးတယ် ဒုက္ခတွေပြောကြတယ်။ မြန်မာ့ဆည် ၂၄၆ ခုရဲ့ရေဝပ်ဧရိယာဟာ မြန်မာပြည် အကျယ်ရဲ့ လွန်ရောကျွံရော ၁ ရာခိုင်နှုန်းပဲရှိတယ်။ မြန်မာပြည်အကျယ်က စတုရန်းမိုင် ၂၆၁၂၂၈ ရှိတယ်။ ဆည်တစ်ခုစီရဲ့ ရေဝပ်ဧရိယာက ၁၀ မိုင်ပတ်လည်ပဲထားပါ (တကယ်က အဲ့ဒီလောက်မရှိပါ)။ ဆည် ရေဝပ်ဧရိယာက မြန်မာပြည်အကျယ်အဝန်းရဲ့ တစ်ရာပုံတစ်ပုံနီးနီးပဲရှိတယ်။ မိုင်တစ်ရာပတ်လည်ရှိတိုင်း ဆည်ရေဝပ်ဧရိယာ တစ်မိုင်ပတ်လည်နှုန်းပဲ ထားပါ။ ပမာဏ အမှုန်အမွှားလေးပါ။ ဆည်ဆောက်လို့ တောပြုန်းတယ် ဆိုကြတယ် ရေဝပ်ဧရိယာဟာ မြန်မာ့အကျယ်အဝန်းရဲ့ တစ်ရာပုံတစ်ပုံပဲရှိတယ်။ အချက်အလက်တွေ အရ မူလမြန်မာပြည်တောဖုံးဧရိယာ ၁၉၅၀ ပြည့်နှစ်မှာ ဟာမြန်မာနိုင်ငံ အကျယ်အဝန်းရဲ့ ၇၀ရာခိုင်နှုန်း (မလေးရှားနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံပေါင်း အကျယ်လောက်) ရှိခဲ့ပြီး ၂၀၁၄ မှာ မြန်မာပြည်အကျယ်အဝန်းရဲ့ ၄၈ရာခိုင်နှုန်းပဲ တောဖုံးဧရိယာ ကျန်တော့တာ ဖြစ်ပါတယ်။
မြန်မာ့ ဧရိယာအကျယ်ရဲ့ တစ်ရာပုံတစ်ပုံပဲ ဆည်ရေဝပ် ဧရိယာရှိတာ ဂရုပြုကြပါ။ ဆည်ဆိုတာ ရေတား ရေထိန်း ရေလှောင် ပေးတာဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ အသစ်ဆောက်မယ့် ဆည်တွေရဲ့ဒီဇိုင်း၊ ဆည်ရေထိန်းပုံ ရေလွှတ်ပုံ ရေလျော့ ပုံတွေကို စဉ်းစားပုံအသစ်တွေ လုပ်ကြရမှာ တော့မှန်ပါတယ်။
သိသလောက် လေ့လာ ဖတ်မှတ်မိသလောက်ထဲက လူတွေမြင်သာအောင် ထုတ်နုတ်တင်ပြ ပြီးပြီ။ ကျန်တာ ဖြည့်စွက်ဆွေးနွေး သုံးသပ်ဆုံးဖြတ်ကြဖို့ပါပဲ။