ကျောက်ဆည်ကန် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် လတ်တလောစိုက်ပျိုးရေပေးဝေရေး ကွင်းဆင်းဆောင်ရွက်
  • Sat, 16 November 2024

ကျောက်ဆည်ကန် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် လတ်တလောစိုက်ပျိုးရေပေးဝေရေး ကွင်းဆင်းဆောင်ရွက်


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ဆည်ကျေးရွာ အနီးရှိ ကျောက်ဆည်ကန်တွင် ရေကျော်ပျက်စီးခဲ့မှုအပေါ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ရေရှည်ဆောင်ရွက်မည့် အခြေအနေများနှင့် လတ်တလောစိုက်ပျိုးရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပြီးစီး မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
        ထိုသို့ စစ်ဆေးစဉ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အသစ် တည်ဆောက်မည့် ရေပိုလွှဲဒီဇိုင်းပုံစံတွက်ချက်မှုများ၊ စက်ယန္တရားလိုအပ်ချက်များ၊ လိုအပ်သည့် Borrow  မြေဧရိယာများ ရရှိရေး စူးစမ်းရှာဖွေခြင်းများ၊ မြေပြင်တိုင်းတာခြင်းလုပ်ငန်းများ၊ ဘူမိဗေဒ စူးစမ်းလေ့လာခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
        ကျောက်ဆည်ကန် လက်ရှိတွင်ရေလှောင်ပမာဏ ဧကပေ ၁၅၉၀ ခန့် ရေသိုလှောင် နိုင်သည့် ယာယီရေတားတမံအား (RL – 576’ ထိ) မြေဖို့ခြင်းလုပ်ငန်းနှင့် အကျယ်ပေ ၈၀ ရှိ ကျောက်ဖြည့်ရေပိုလွှဲကို (RL – 573’ ထိ) ဆောင်ရွက်ထားရှိပြီးဖြစ်၍ စိုက်ပျိုးရေပေးဝေလျက်ရှိ ကြောင်း သိရသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပျော်ဘွယ်မြို့၊ ရွှေညောင်ဖူး ကျေးရွာအုပ်စု၊ တောင်သူဦးထွန်းရွှေ၏ ရေကြီးနစ်မြုပ်ထိခိုက်ခဲ့၍ ပြန်လည်ကုစားဆောင်ရွက်ထားရှိသော မိုးမြေပဲ ဆင်းပဒေသာ - ၁၁၊ သုံးဧကစိုက်ခင်းသို့ ရောက်ရှိပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မြေပဲသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးကြရန်၊ နေကြာသီးနှံနှင့် ပတ်သက်၍ လိုအပ်သည့် မျိုး၊ နည်းပညာများ ဖြန့်ဝေပေးကြရန် ဆွေးနွေးပြောကြားပြီး တောင်သူများ၏ ဆွေးနွေး တင်ပြမှုများကို ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။
        ထိုမှတစ်ဆင့် စိုက်ပျိုးရေးဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံး၌ ဖွင့်လှစ်သည့် ရမည်း သင်း၊ ပျော်ဘွယ်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်အတွင်းမှ ဝန်ထမ်းများကို ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)နှင့် ကြက်သွန်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး သင်တန်းသို့ ရောက်ရှိပြီး သင်တန်းသားများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးက ကျေးရွာအရောက်ကွင်းဆင်းကာ တောင်သူများစိုက်ပျိုးသည့် သီးနှံအလိုက် ထိထိရောက်ရောက် ဆင့်ပွားနည်းပညာများ ဖြန့်ဝေပေး ကြရန်၊ သီးနှံများ ဈေးကောင်းရရှိရေးသည် သီးနှံအရည်အသွေးပေါ်တွင် မူတည်သဖြင့် သင်တန်းသားများအနေဖြင့် နည်းပညာများ ကျွမ်းကျင်စွာ တတ်မြောက်ထားကြရန် လိုအပ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျန်ရှိနေသည့် ခရိုင်များအတွင်း အလားတူ သင်တန်းမျိုး ဆက်လက်ဖွင့်လှစ်ပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။