ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့မှုဖြစ်ပေါ်ခဲ့သည့် စမုံရာဘာဆည်နှင့် ရေတင်အဆောက်အအုံများ ကြည့်ရှုစစ်ဆေး
  • Tue, 1 October 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့မှုဖြစ်ပေါ်ခဲ့သည့်  စမုံရာဘာဆည်နှင့် ရေတင်အဆောက်အအုံများ ကြည့်ရှုစစ်ဆေး


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး ဌာန ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ညနေပိုင်းက မန္တလေးတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စမုံရာဘာ ရေလွှဲဆည်နှင့် ရေတင်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးကြသည်။

    ထိုသို့ကြည့်ရှုစဉ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုများကြောင့် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ကင်းတား ရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံများ၏ ရေဆင်းဧရိယာ နေရာအနှံ့အပြားမှ ရေများအလုံးအရင်းဖြင့် စီးဆင်းဝင်ရောက်လာခဲ့ပြီး မြို့ကြီးရေလွှဲဆည်၊ မြို့ကြီးမြောင်းမတော် အမှတ် (၁)နှင့် စမုံရေထိန်းတမံ၊ စမုံရာဘာတမံများ၊ ရေတင်စက်များ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေ၊ ကင်းတား လက်ယာ ရေသောက်စနစ်ရှိ စိုက်ပျိုးမြေဧရိယာ ၃၈၄၂၈ ဧက ကို ရေကူဖြည့်တင်းပေးဝေလျက်ရှိသည့် မြို့ကြီးရေလွှဲဆည်၏ မြေကာနံရံများ၊ ကျောက်ကွက်များ ပြိုကျပျက်စီးခဲ့မှုနှင့် မြို့ကြီး မြောင်းမတော် အမှတ်(၁) ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်ရန် လိုအပ်ချက်များ၊ ဆက်စပ်အဆောက်အအုံများ၊ ရှင်းလင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ၊ ရေနစ်မြှပ်ခဲ့မှု၊ ရေပြန်ကျပြီးနောက်  စမုံရာဘာတမံ ဝဲ၊ယာရှိ မြေကာနံရံများပြိုကျပျက်စီးပြီး ရေတင်စက်ရုံ  Pump House  အဆောက်အအုံရေစီးနှင့်အတူ မျောပါသွားခဲ့မှု၊ စမုံရာဘာတမံ ထိခိုက်ပျက်စီးခဲ့သဖြင့် မိတ္ထီလာ လွင်ပြင်ဒေသရှိ စိုက်ပျိုးမြေဧရိယာ ဧက ၈၀၀၀ သို့ စိုက်ပျိုးရေ ပုံမှန်ပြန်လည်ပေးဝေနိုင်ရေးအ တွက် အချိန်မီ ပြန်လည်ပြုပြင်ရန် လိုအပ်ချက်များ၊ ထိခိုက်ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့သည့် ကင်းတား လက်ဝဲမြောင်းမကြီး၊ စမုံရေငုပ်ပြွန်အဆောက်အအုံ၏ အထက်ပိုင်း တွင် ပြင်ဆင်၍ မိုးသီးနှံရေ ပေးဝေနိုင်ရေး အမြန်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

    ထို့နောက် ဒုတိယဝန်ကြီး  ဦးဗိုလ်ဗိုလ်ကျော်က ကင်းတား လက်ဝဲမြောင်းမကြီး၏ စမုံမြစ်ဖြတ် နေရာတွင် ရေငုပ်ပြွန်အသစ်တစ်ခုဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်နေမှု၊ စမုံရေငုပ်ပြွန် အောက်ပိုင်းရှိ လက်တံ(၉)ခုနှင့် လက်တံ(၁၀)တို့ရှိ  မိုးသီးနှံ လျာထားဧက ၂၅၀၀ခန့်ကို စမုံမြစ်မှ ရေတင်စနစ်ဖြင့် ကင်းတား လက်ဝဲမြောင်းသို့ ရေပေးဝေနိုင်မည့် နည်းလမ်းရှာဖွေ၍ အမြန်ဆုံး ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

    တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများက ဦးစားပေး လုပ်ငန်းများသတ်မှတ်ပြီး ရာသီအချိန်မီ အကောင်အထည်ဖော်ဆောင်ရွက်ရန်  လိုအပ်ချက်များ၊ ဘဏ္ဍာရေးဆိုင်ရာနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများကို  သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရနှင့် ပြည်ထောင်စုဝန်ကြီးဌာနတို့ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးမှာကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေး ရေတင ်အဆောက်အအုံ အမြင့်ပေ ၁၄ပေခန့်အထိ ရေကြီးနစ်မြှပ်ခဲ့မှု၊ ထိခိုက်ပျက်စီးခဲ့သည့် ၄၀ ကျူ့ဆက်ပန့်လေးလုံးပြုပြင်ပြီးစီးမှု၊ ၂၈၀ ကီလိုဝပ် ရေတင်မော်တာလေးလုံးပြုပြင်နေမှု၊ ကွန်ထရိုး ပန်နယ် ပြန်လည်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ထရန်စဖော်မာများ ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဝဲယာစိမ်းလန်းစိုပြည်ရေး အတွက် ဒေသမျိုးရင်းသစ်မျိုးများဖြင့် ၂၀၂၄ မိုးရာသီတွင် တည်ထောင်စိုက်ပျိုးခဲ့သော  လမ်းဘေး ဝဲယာတစ်အုပ်တစ်မစိုက်ခင်း အပင် ၁၅၀၀နှင့် တစ်အုပ်တစ်မ စိုက်ခင်း အပင် ၁၀၀၀တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေကို  ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စိုက်ပျိုးထားသော အပင်များ  ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ်ရှိ မြို့မ သစ်တောပျိုးဥယျာဉ်၌ သစ်မျိုး ၁၁မျိုးဖြင့် ပျိုးပင် ၁၂၀၀၀၀ ကျော် ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။