- Tue, 22 October 2024
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ မြစ်ရေတင်လုပ်ငန်းများမှ ရာသီလိုက်သီးနှံများ စိုက်ပျိုးနိုင်ရန် လိုအပ်သော စိုက်ပျိုးရေကို ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေ ၂၄၅၁၈ ဧကအား မြစ်ရေတင်လုပ်ငန်း ၂၅ ခုမှ အကျိုးပြုလျက်ရှိသည်။
ဆန်စပါးနှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးလာသည့် ရန်ကုန်တိုင်းဒေသကြီးတွင် မိုးစပါးစိုက်ပျိုးရာသီ၌ သဘာဝဘေးအန္တရာယ် ရေကြီးနစ်မြုပ်မှုကို ဖြတ်သန်း ကျော်လွှား၍ စိုက်ပျိုးနိုင်ခဲ့ကြပြီး နိုင်ငံတော်၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် လျာထားဧကများ ပြည့်မီရန် စိုက်ပျိုးရေးဦးစီးဌာနက စပါးစိုက်တောင်သူများနှင့် လက်တွဲ၍ ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများနေရာ၌ အချိန်မီအစားထိုး ပြန်လည်စိုက်ပျိုးနိုင်ခဲ့သည်။
တောင်သူများအနေဖြင့် မြစ်ရေတင်ရေသောက်စနစ်ကို နွေစပါးကာလ၌ အထူးအားကိုးအားထားပြုကြလေ့ရှိပြီး လိုအပ်သောရေကို ထောက်ပံ့ပို့လွှတ်နိုင်ခြင်း ကြောင့် နွေစပါး နှင့်နေကြာအပါအဝင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလိုသော တောင်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး မှုကို အထောက်အပံ့ဖြစ်စေလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံစိုက်ပျိုးကြသည့် တိုက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ခရမ်းမြို့နယ်တို့တွင် ဆိုလာ၊ လျှပ်စစ်ဖြင့် မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့် အိုင်ကလောင်၊ အလဘုတ်၊ သပြေတန်း၊ တော်လတီ၊ တောင်ရပ် ဇီးကုန်း၊ ရေပေါ်သောင်၊ ကြို့ကုန်း၊ ဂွေးတန်းရှည်၊ ကျွန်းငူ၊ ကန်ကလေး၊ မြောင်းတကာ၊ စမ်းကြီး ဝ၊ ဘားလား(၁)၊ ဘားလား(၂)၊ မလစ်၊ ရေကျော်၊ စစ်ပင်၊ ဆင်ဖုန်၊ ငွေနံ့သာ၊ ငမိုးရိပ်၊ လက်ပံ၊ ရဲမွန်၊ ခရမ်းချောင်း၊ ကမာကလူနှင့် ကျုံတုစသည့် မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးမြေဧက ၂၄၅၁၈ ဧကအား အချိန်အခါမရွေး ရေပို့လွှတ်မှုဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ အောင်မြင် ဖြစ်ထွန်းစေရန် အကျိုးပြုလျက်ရှိပါသည်။