- Wed, 2 October 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတို့သည် တာဝန်ရှိ သူများနှင့် အတူ အောက်တိုဘာလ (၁)ရက်နေ့
နံနက်ပိုင်းက မြစ်သားမြို့နယ် ငပြောင်ဆည်ရေသောက် စနစ်အတွင်းရှိ မိုးစပါးစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ
တာဝန်ရှိသူများက မိုးစပါးအတွက် ရေဆက်လက်ပေးဝေနို်ငရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေကိုတင်ပြသည်။
ထို့နောက် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်
တွေ့ဆုံပြီး ထိခိုက်ပျက်စီးမှုမရှိသော မိုးစပါး စိုက်ခင်းများ အထွက်နှုန်းတိုးတက်ရေး
ပူးပေါင်းဆောင်ရွက်ပေးနေမှု၊ ဆည်ရေသောက်စနစ်များတွင် မိုးစပါးအောင်ရေပေးသွင်းနိုင်ရေး
စီမံဆောင်ရွက်မှုနှင့် စပါးသီးနှံ စိုက်ပျိုးခြင်းအတွက် ရေပေးဝေမည့် အစီအမံများကို
ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် မြစ်သားမြို့နယ် ဒိုင်းကျေးရွာအုပ်စု
နတ်လွှဲရေလွှဲဆည်သို့ ရောက်ရှိကြပြီး ရေကြီးရေလျှံမှု များကြောင့် ထိခိုက်ပျက်စီးခဲ့မှု
အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ပြင်ဆင်ရမည့်
လုပ်ငန်းစဉ် များနှင့် သစ်တောပြုန်းတီးမှု
ကာကွယ်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ
ပူးပေါင်းပါဝင်ပေး ကြရန် ဆွေးနွေးပြောကြားသည်။
နတ်လွှဲရေလွှဲဆည်ကို ရှေးမြန်မာမင်းများလက်ထက်မှ
စတင်တည်ဆောက်အသုံးပြုခဲ့ပြီး ခေတ် အဆက်ဆက်
ပြုပြင်မွမ်းမံတည်ဆောက်ခဲ့ရာ ရေသောက်ဧရိယာဧက ၁၁၉၀၀ ကျော်ရှိသည်။
ဆက်လက်၍ ကင်းတားရေလွှဲဆည်သို့ ရောက်ရှိပြီး
ရှင်းလင်းဆောင်၌ ရေကြီးနစ်မြှပ်မှုဒဏ်ခံခဲ့ကြရ သော ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ရေကြီးနစ်မြှပ်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအပေါ်
ဆောင်ရွက်ပေးမည့် အချက်များ၊ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် အထွက်နှုန်း တိုးတက်ရေးကိစ္စရပ် များ၊ သစ်ပင်သစ်တောများနှင့်
ရာသီဥတုတို့၏ အပြန်အလှန် အကျိုးပြုနေမှု၊ သစ်တောသယံဇာတ များထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းစဉ်များတွင်
ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်ချက်များ ကို ဆွေးနွေးပြီး တောင်သူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ကင်းတားရေလှောင်တမံသို့ ရောက်ရှိပြီး
တမံဝင်ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးကြပြီး ထိန်းသိမ်းထားသော
ဆည်တမံကြီးများ လုံခြုံစိတ်ချမှုရှိစေရန်နှင့် ပြည်သူများ စိုးရိမ်ပူပန်မှုမရှိစေရန်
သက်ဆိုင်ရာ ပညာရှင်များပါဝင်သော အဖွဲ့များ ဖွဲ့စည်း၍ ဦးစားပေး အစီအစဉ် အလိုက် တမံကြံ့ခိုင်မှုများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ စစ်ဆေးချက် ရလဒ်များအပေါ်
မူတည်၍ လိုအပ်သော စီမံဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေ ရရှိရေး
လုပ်ငန်းများ အပါအဝင်လုပ်ငန်းလိုအပ်ချက်အရ ဆောင်ရွက်သည့် ကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်ရန်
ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြစ်သားမြို့နယ် ကံဆည်ကျေးရွာကျေးလက်ကျန်းမာရေးဌာနသို့
ရောက်ရှိကြပြီး ကျေးရွာ နေပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ
တိုးတက်လုပ်ကိုင် နိုင်ရေးနှင့် ရေကြီးရေလျှံမှုများကြောင့်
လမ်းတံတားများ ပျက်စီးမှုများအပေါ် ဆောင်ရွက်ရမည့် ကိစ္စ ရပ်များကို ဆွေးနွေးကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့်
အဖွဲ့သည် သာစည်မြို့နယ် စမုံရေထိန်းတမံအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်စီးခဲ့သည့်
တမံ အဆောက်အအုံ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆွေးနွေးမှာကြားသည်။
ထို့ပြင် နံနက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီးရှိ တိုင်းဒေသကြီးအဆင့်
ဌာနဆိုင်ရာဦးစီးမှူးများ နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာဦးစီးမှူးများနှင့် သီးခြားစီတွေ့ဆုံကာ
ဆောင်ရွက်ရမည့် လုပ်ငန်း များနှင့် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊
လတ်တလော ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ပါသည်။