တောင်ဖျားဆီက မိုးညို့ညို့နှင့် ရေလှောင်တမံ၊ ရေပိုလွှဲများ
  • Sun, 29 September 2024

တောင်ဖျားဆီက မိုးညို့ညို့နှင့် ရေလှောင်တမံ၊ ရေပိုလွှဲများ


        မြစ်ချောင်းဖျား တောင်တန်းများဆီတွင် မိုးတိမ်များမှောင်မည်း ညို့မှိုင်းလာပါက သိပ်မကြာမီတွင် မြစ်ရေချောင်းရေများ တရိပ်ရိပ်တက်လာတော့မည့် လက္ခဏာ ဖြစ်သည်ဟု အဆိုရှိ ပါသည်။
      ယခုအခါတွင် အယ်လ်နီညိုနှင့်လာနီညာကဲ့သို့သော အစွန်းရောက် ရာသီဥတု ပြောင်းလဲမှုများကြောင့် စံချိန်တင်မိုးများရွာသွန်းခြင်း၊ အချိန်အခါမဟုတ် မိုးများ ရွာသွန်းခြင်းကဲ့သို့  ခန့်မှန်းရခက်သည့် မိုးလေဝသအခြေအနေများ တွေ့ကြုံလာရသည်။ တောင်ဖျားဆီတွင် လိုအပ်သည်ထက်ပိုသော မိုးညို့ညို့များ တစ်နှစ်ပြီး တစ်နှစ် တွေ့ကြုံလာနေကြရပါသည်။
        ထိုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည့်အခါ ရေလှောင်တမံများရှိ ရေပိုလွှဲများမှ ရေများဖောက်ချ၍ ရေကြီးရသည်ဟု အချို့က နားလည်မှု လွဲတတ်ကြပါသည်။ ရေလှောင်တမံများ၏ ရေပိုလွှဲမှ ရေများကျော်ကျနေခြင်းသည် ရေကြီးမှုအတွက် စိုးရိမ်စရာဖြစ်သည်ဟုလည်း တွေးထင်မိတတ် ကြပါသည်။ မိမိကိုယ်တိုင်လည်း ရေလှောင်တမံ ရေပိုလွှဲများအကြောင်း သေချာစွာမသိရှိရသေးခင်က ထိုသို့တွေးထင်ခဲ့ဖူးသည်ဖြစ်ရာ ဤဆောင်းပါးတွင် ရေပိုလွှဲများ၏ လုပ်ငန်းဆောင်တာ၊ အသုံးဝင်အကျိုးပြုမှုနှင့် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်းအထိ ရေကျော်ခြင်းသည် စိုးရိမ်စရာအခြေအနေတစ်ခုမဟုတ်ပါကြောင်း နားလည်သိရှိသမျှ မျှဝေဖော်ပြပေးလိုပါသည်။
    ရေလှောင်တမံဆိုသည်မှာ မိုးရာသီတွင် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်အတွင်းသို့ အကျိုးမဲ့စီးဆင်းသွားမည့် မိုးရေများကို စိုက်ပျိုးရေပေးဝေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ မြို့ရွာများ သောက်သုံးရေဖူလုံစေရေး၊ ဒေသတစ်ခွင် စိမ်းလန်းစိုပြည်ရေးတို့အတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရန် လိုအပ်သည့်ပမာဏကို စနစ်တကျ တွက်ချက်သိုလှောင်ထားသော ရေအားအဆောက်အအုံများဖြစ်ပါသည်။ စိုက်ပျိုးရေးကို အခြေခံတည်ဆောက်ထားသော မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်နိုင်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရေလှောင်တမံများ၏ အကျိုးပြုမှုသည် များစွာအရေးပါပါသည်။
        ရေလှောင်တမံတည်ဆောက်ရာတွင် ရေဆင်းဧရိယာတစ်ခုလုံးမှ စီးဝင်ရေအားလုံးကို တမံအတွင်း ထိန်းချုပ်သိုလှောင်မည်ဆိုပါက ကြီးမားသော တမံအရွယ်အစား အတွက် ကုန်ကျစရိတ်များပြားခြင်း၊ အောက်ဘက်မြစ်ချောင်းများအတွင်းသို့ ရေစီဆင်းမှုရပ်တန့်သွားမည်ဖြစ်သဖြင့် မြစ်၏ဂေဟစနစ်ပျက်စီးလာခြင်းများ ဖြစ်ပေါ် လာနိုင်သောကြောင့် ရေပေးဝေမည့် စိုက်ပျိုးဧရိယာ (သို့မဟုတ်) ရေအားလျှပ်စစ်ထုတ်လုပ်မှုအတွက် လိုအပ်သော ရေပမာဏအချို့အား ထိန်းသိမ်းသိုလှောင်ရန်သာ တည်ဆောက်လေ့ရှိကြပါသည်။
        ရေလှောင်တမံများ တည်ဆောက်ထားခြင်းကြောင့် ရေဆင်းဧရိယာမှ စီးဆင်းလာသော ချောင်းရေများကို တမံ၏ ကန်ရေပြည့်ပမာဏအထိ ထိန်းသိမ်းထားနိုင်ပြီး တဖြည်းဖြည်း ထိန်းညှိရေလွှတ်နိုင်မှုကြောင့် တမံအောက်ဘက်ဒေသများတွင် ရေကြီးနစ်မြုပ်ခြင်း လျော့ပါးစေရန်များစွာ အထောက်အကူပြုနိုင်ပါသည်။ သိုလှောင်နိုင် သည့် ပမာဏထက်ကျော်သည့် တမံအတွင်း စီးဝင်ရေများမှာလည်း တမံရေဝပ်ဧရိယာသို့ စုဝင်ပျံ့နှံ့ရစ်ခွေပြီးမှ ရေပိုလွှဲမှတစ်ဆင့် ကျော်ကျစီးဆင်းရသဖြင့် ရေစီးအလျင် လျော့နည်းသွားနိုင်ပါသည်။
       တမံအောက်ဘက် ဒေသများသို့ ရေရောက်ရှိရန် စီးဆင်းရချိန်လည်း ကြာမြင့်သွားမည်ဖြစ်သောကြောင့် ရေဘေးအန္တရာယ်အတွက် အချိန်ယူကြိုတင်ပြင်ဆင်နိုင်ပါ သည်။ ယနေ့ခေတ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးခြင်းများကို ကမ္ဘာတစ်ဝန်းခံစားနေကြရရာ တမံများကို  စိုက်ပျိုးရေးနှင့် ရေအားလျှပ်စစ်အတွက်သာမက ရေဘေးကာကွယ်ရေးအတွက် ရေထိန်းတမံများအဖြစ်လည်း ကျယ်ပြန့်စွာ အသုံးပြုလာကြပါသည်။ မြန်မာနိုင်ငံရှိ ရေလှောင်တမံများသည်လည်း ရေထိန်းတမံများအဖြစ် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့အကျိုးပြုလျက်ရှိပါသည်။
        ရေလှောင်တမံတွင် အဓိကအစိတ်အပိုင်း သုံးမျိုးပါဝင်ပါသည်။ တမံ ကိုယ်ထည် (Dam Body)၊ ရေပိုလွှဲ (Spillway) နှင့် ရေထုတ်ပြွန် (Conduit) တို့ဖြစ်ပါသည်။
     တမံကိုယ်ထည်အမြင့်ကို သတ်မှတ်ရာတွင် ထိုဒေသ၏ စီးဝင်ရေပမာဏ (inflow)၊ ရေဝပ်ဧရိယာ၏ ရေသိုလှောင်နိုင်မှု (Area-Capacity) နှင့် အနည်ကျနှုန်း (Sedimentation Rate) များပေါ် မူတည်၍ မိမိအသုံးပြုလိုသော ရေပမာဏကို သိုလှောင်နိုင်မည့်အနက် (Full Tank Level) အပေါ်တွင် လှိုင်းဒဏ်ခံနိုင်သော ရေလွတ် အမြင့် (Free Board) ထည့်ပေါင်း၍ တမံအမြင့်သို့ သတ်မှတ်ပါသည်။
      သိုလှောင်ထားသည့် အသုံးပြုမည့် ရေများကို တမံကိုယ်ထည်၌ ထည့်သွင်း တည်ဆောက်ထားသော ရေထုတ်ပြွန်(Conduit) မှတစ်ဆင့် ဆည်ရေပေးမြောင်းများ အတွင်းသို့ ထုတ်လွှတ်အသုံးပြုနိုင်ပါသည်။ ရေထုတ်ပြွန်အား ရေထိန်းမျှော်စင် (Control Tower)မှ ဂိတ်တံခါးဖြင့် လိုအပ်သလို ထိန်းချုပ်ဖွင့်ပိတ်နိုင်ပါသည်။ ထို့ကြောင့် ရေထုတ်ပြွန်သည် ရေလှောင်တမံ၏ ထိန်းချုပ်ဖွင့်ပိတ်နိုင်သော ရေအားအဆောက်အအုံဖြစ်ပြီး ၎င်းကိုလည်း စိုက်ပျိုးရေပေးဝေရန်အတွက်သာ ထိန်းချုပ်အသုံးပြုလေ့ ရှိပါသည်။
     ဤသို့ တမံအတွင်းသို့ စီးဝင်ရေများအနက် အချို့ကိုသာ အသုံးပြုရန် သိုလှောင်ထားနိုင်သည်ဖြစ်သောကြောင့် ထိုလိုအပ်သော ပမာဏထက်ပိုသောရေများ ဖြတ်သန်းစီးဆင်းသွားနိုင်စေ ရန် ရေအားအဆောက်အအုံတစ်ခု တမံကိုယ်ထည်တွင် တပ်ဆင်ရန် လိုအပ်လာပါသည်။ ထိုရေအား အဆောက်အအုံမှာ ရေပိုလွှဲဖြစ်ပါသည်။
      ရေပိုလွှဲအကြောင်း အနက်ဖွင့်ဆိုရာတွင် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ကြေးမုံ သတင်းစာပါ ဆရာဘုန်းတင်လှိုင် ရေးသားခဲ့သော “ရေပိုလွှဲဆိုသည်မှာ ရေဖောက်ချရသည့် အရာမဟုတ်ဘဲ ကန်ရေပြည့် သိုလှောင်ပမာဏထက် ကျော်လွန်ပြီး စီးဝင်လာသော ရေများ မူလမြစ်/ချောင်းများထဲသို့ စီးထွက်သွားစေရန် ထည့်သွင်းတည်ဆောက်ထားသော ရေအားအဆောက်အအုံ ဖြစ်သည်”ဟူသော ရေးသားချက်အား ပြန်လည်မျှဝေချင်ပါသည်။ တစ်နည်းအားဖြင့် လိုအပ်သည် ထက်ပိုလျှံသော ရေပိုများ ရေကျော်ကျစီးဆင်းရန်အတွက် အထူးဒီဇိုင်းပြု တည်ဆောက်ထားရသော ရေအားအဆောက်အအုံဖြစ်ပါသည်။ ထို့ကြောင့် ရေပိုလွှဲမှ ဒီဇိုင်း ရေထုစီးနှုန်းအထိ ရေကျော်ကျနေခြင်းသည် ရေပိုလွှဲ၏ မဖြစ်မနေ ထမ်းဆောင်ရမည့် မူလတာဝန်သာဖြစ်ပြီး ထူးကဲစွာ စိုးရိမ်ရန် မလိုအပ်သော ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါ သည်။
        ထို့ပြင် မြန်မာနိုင်ငံရှိ ရေလှောင်တမံအများစု၏ ရေပိုလွှဲများသည် ကန်ရေပြည့်မှတ်မရောက်ရှိမီတွင် ဖွင့်ချနိုင်သောရေတံခါးများ တပ်ဆင်ထားခြင်းမရှိဘဲ ကန်ရေ ပြည့်မှတ်အထိ ရေအပြည့်သိုလှောင်၍ ထို့ထက်များပြားလာမှသာ သဘာဝအတိုင်း ကျော်ကျစီးဆင်းသွားစေရန် ဒီဇိုင်းရေးဆွဲထားကြခြင်းဖြစ်ပါသည်။ အနည်းစုရေပိုလွှဲ များရှိ ရေပိုမိုလှောင်နိုင်ရန် တပ်ဆင်ထားသည့် ဂိတ်တံခါးများကိုလည်း စီးဝင်ရေအားချင့်ချိန်၍ စနစ်တကျတွက်ချက်ဖွင့်ပိတ်နိုင်ရန် သတ်မှတ်လုပ်ထုံးလုပ်နည်းများ ရေးဆွဲစီမံဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ချောင်းအထက်ပိုင်းတွင် မိုးများ၍ ရေပိုလွှဲမှ ရေကျော်ကျနေခြင်းသည် ဖောက်ချဖန်တီးနိုင်သော (သို့မဟုတ်) တားဆီးပိတ်ပင်နိုင်သော ဖြစ်စဉ်မျိုးမဟုတ်ဘဲ ရေပိုလွှဲ၏သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပါသည်။ ရေလှောင်တမံ/ရေပိုလွှဲများသာမရှိပါက ရေစီးဆင်းမှုသည် ပမာဏ များစွာ ပိုမိုပြင်းထန်မည်ဖြစ်ပါသည်။
        ရေများ ရေတံခွန်ကဲ့သို့ ရေကျော်ဖြာထွက်စီးဆင်းနေသော ရေပိုလွှဲတစ်ခု၏ အလှအပသည် ရေလှောင်တမံတစ်ခု၏ အပေါ်လွင်ဆုံး၊ စိတ်ဝင်စားဖွယ် အကောင်းဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ဖွယ်ရှိပါသည်။ ရေပိုလွှဲသည် တမံကိုယ်ထည်ခိုင်ခံ့မှုအတွက် များစွာအရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါသည်။ ရေပိုလွှဲမှ လုံလောက် သော ရေကျော်ကျစီးဆင်းမှုမရှိပါက သိုလှောင်ပမာဏထက်ကျော်လွန်လာသော ရေများသည်တမံထိပ်မှကျော်ကျခြင်း (Overtopping)အား ဖြစ်စေနိုင်ပြီး တမံကိုယ်ထည် ကြံ့ခိုင်မှုကို ထိခိုက်စေမည်ဖြစ်ပါသည်။    
       ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် အောက်ဘက်မြစ်ချောင်းများ၏ သဘာဝအတိုင်း ရေစီးဆင်းမှုကို ဖြစ်ပေါ်စေသောကြောင့် ထိုမြစ်ချောင်းတို့၏ မူလသွင်ပြင်ပုံစံနှင့် ရေစီးဆင်းမှု အခြေအနေကိုများစွာ အထောက်အပံ့ပေးပါသည်။ မြစ်ချောင်းများ၏ သက်စောင့်ရေ (Enviomental Flow) ကိုလည်း ဖန်တီးပေးပါသည်။ သက်စောင့် ရေဆိုသည်မှာ မြစ်ချောင်းများအတွင်းနှင့် မြစ်ချောင်းများအနီးရှိ သစ်ပင်ပန်းမန်နှင့် ရေနေသတ္တဝါတို့၏ သဘာဝရှင်သန်နေထိုင်မှုဖြစ်စဉ်အတွက် မရှိမဖြစ်လိုအပ်သော အခြေခံသဘာဝရေစီးဆင်းမှုဖြစ်ပါသည်။
     အခြားအကျိုးကျေးဇူးတစ်ခုမှာ ရေလှောင်တမံအထက်ပိုင်းမှ ရေနေသတ္တဝါများသည် ရေပိုလွှဲမှ ရေကျော်ကျစီးဆင်းခြင်းနှင့်အတူ ရေလှောင်တမံ အောက်ဘက် မြစ်ချောင်းများအတွင်းသို့ လွတ်လပ်စွာ ပျံ့နှံ့ရောက်ရှိနေထိုင် ကြီးပြင်းနိုင်ကြခြင်းဖြစ်ပါသည်။ ငါးကဲ့သို့သော ရေနေသတ္တဝါများသည် တမံကိုယ်ထည်အောက်ခြေ ရေထုတ်ပြွန်မှ ဖြတ်သန်းနိုင်သည်ဆိုသော်လည်း တွေ့ရှိချက် များအရ တမံအောက်ခြေရေထု၏ အပူချိန်လျော့ကျမှုနှင့် အောက်ဆီဂျင်နည်းပါးစွာ ပါဝင်မှုကြောင့် ရေပိုလွှဲမှ စီးဆင်းရေနှင့်အတူသာ ပိုမိုရွှေ့ပြောင်းသွားလာကြကြောင်း သိရှိရပါသည်။
       မြန်မာ့ဆည်တာတမံ တည်ဆောက်မှုသမိုင်းသည် ရှေးမြန်မာမင်းများလက်ထက် လယ်တွင်းကိုးခရိုင်မှ အစပြု၍ ကိုလိုနီခေတ်ကို ဖြတ်ကျော်ကာ ယခုလက်ရှိကာလ အထိ ရှည်လျား တည်တံ့ခဲ့ပါသည်။ ရေအားအဆောက်အအုံများ တည်ဆောက်မှုနှင့် ရေအသုံးချမှုနည်းပညာများတွင်လည်း တိုးတက် ဖွံ့ဖြိုးစေရန် အစဉ်အားထုတ် ဆောင်ရွက်လျက်ရှိပါသည် ရှေးနှစ်များစွာကပင်စ၍ ပဲခူး-စစ်တောင်းတူးမြောင်း၊ တွံတေးတူးမြောင်းကဲ့သို့ ရေအသုံးချသွားလာမှုလမ်းကြောင်းသစ်များ၊ မိုးဗြဲ၊ မြစ်ကျိုးနှင့် တာဝကဲ့သို့သော လှေဝင်လှေထွက်လမ်းကြောင်း (Navigation Locks)များ၊ များ စွာသော ရေလှောင်တမံများကို တည်ဆောက်ထိန်းသိမ်း အသုံးပြုလျက်ရှိပါသည်။ ရေလှောင်တမံနှင့် ရေပိုလွှဲများ တည်ဆောက်ရာတွင် စနစ်တကျ စူးစမ်းလေ့လာမှုများ ဆောင်ရွက်၍ ကျွမ်းကျင်နည်းပညာရှင်များနှင့် တွက်ချက်ဆောင်ရွက်လျက်ရှိပါ သည်။
     ရေလှောင်တမံနှင့် ရေပိုလွှဲများ တည်ဆောက်ရာတွင် ထိုဒေသ၏ မိုးလေဝသနှင့် ရာသီဥတုအခြေအနေ၊ ရေကြီးမှုသမိုင်းပေါ်မူတည်၍ ဇလဗေဒပညာရှင်များ တွက်ချက်ရရှိသော ဒီဇိုင်းရေထုစီးနှုန်း အချက်အလက်များ၊ အောက်ခံမြေအမျိုးအစားများ၊ ငလျင်ပြင်းအား စသည့် အချက်အလက်များကို စုစည်း၍ ခေတ်မီနည်းပညာ ဆော့ဖ်ဝဲများ အသုံးပြုတွက်ချက်တည်ဆောက် ထားကြပါသည်။
      ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေပိုလွှဲမှ ရေစတင်ကျော်သည်နှင့် ရေပိုလွှဲမှ ရေစတင်ကျော်သည်နှင့် အလံအစိမ်းရောင်၊ ဒီဇိုင်းရေထု စီးနှုန်းအထိ ရေကျော်ပါက အလံအဝါရောင်၊ ဒီဇိုင်းရေထုစီးနှုန်းအထက် ရေကျော်ပါက အလံအနီရောင်စသည်ဖြင့် ရေပိုလွှဲထိပ်နှင့် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များတွင် အလံစိုက်ထူ၍ အများပြည်သူများအား သိရှိရန် အသိပေးလေ့ရှိပါသည်။ ဤသို့ အလံများစိုက်ထူရာတွင် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်းအထက်အထိ ရေကျော်ကျ လာခြင်းသည်သာ စောင့်ကြည့်ရမည့် စိုးရိမ်သင့်သော အခြေအနေ ဖြစ်ပြီး ကျန်အခြေအနေများတွင် ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် များစွာစိုးရိမ်ဖွယ် အခြေအနေ မဟုတ်ပါ။ ဒီဇိုင်းရေထုစီးနှုန်းအထက်အထိ ရေကျော်ကျလာသည့် အခြေအနေတွင်မူ မိမိဒေသ၏ လက်တွေ့ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ်နှင့် လိုက်လျောညီထွေ သည့် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ အချိန်မီဆောင်ရွက်ရမည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ အချို့ရေလှောင်တမံများ၌ ထူးကဲမိုးများ ရွာသွန်းသောကြောင့် ဒီဇိုင်းရေထုစီးနှုန်းထက် ရေများစွာကျော်ကျခဲ့သော ဖြစ်စဉ်များတွင်မူ ရေပိုလွှဲများသည် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ပါသည်။
    ထို့ကြောင့် အချုပ်အားဖြင့် ရေပိုလွှဲဟူသည်မှာ ရေများကျော်ကျရန် တကူးတက ဒီဇိုင်းရေးဆွဲတည်ဆောက်ထားရသည့် ရေအားအဆောက်အအုံဖြစ်၍ ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် ၎င်း၏ မူလတာဝန်ကို ရိုးစင်းစွာထမ်းဆောင်နေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ရေတံခွန်ကဲ့သို့ ရေများဖြာကျစီးဆင်းနေသော ရေပိုလွှဲများတွေ့ရှိ ပါက စိုးရိမ်စရာအခြေအနေဟု မယူဆသင့်ပါကြောင်း၊ ရေကျော်ကျနေသော ရေပိုလွှဲများသည် ရေလှောင်တမံခိုင်ခံ့မှုနှင့် သဘာဝပတ်ဝန်းကျင်အတွက် သွယ်ဝိုက် အကျိုးပြုလျက်ရှိနေပါကြောင်းနှင့် ရေပိုလွှဲများသည် တောင်ဖျားဆီမှ မိုးညို့ညို့အား တတ်စွမ်းသမျှ အန်တုခုခံလျက်ရှိပါကြောင်း သိရှိသမျှ မျှဝေရေးသားအပ်ပါသည်။  
ကိုးကား    -    ဆည်မြောင်းဦးစီးဌာနမှ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁ ရက် ကြေးမုံသတင်းစာ တွင် ဖော်ပြခဲ့သည့် ဆရာဘုန်းတင်လှိုင်ရေးသားသော “ရေပိုလွှဲဆိုသည်မှာ..”                       ဆောင်းပါး