ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ရေသောက်စနစ်များ ရာသီချိန်မီအသုံးပြုနိုင်ရေး ဒေသအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိ
  • Fri, 20 September 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ရေသောက်စနစ်များ ရာသီချိန်မီအသုံးပြုနိုင်ရေး ဒေသအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိ


    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာမိုးစပါးစိုက်ကွင်းတွင်  စိုက်ပျိုးရေးဦးစီးဌာနက သက်တမ်းတို စပါးမျိုးများ ပျိုးထောင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးစပါးထိခိုက်ပျက်စီးခဲ့သည့် လုပ်ကွက်ငယ်တောင်သူများ ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတို ရက်(၉၀) မျိုးစပါးများ၊ အသင့်ပျိုးထောင်ပြီး ပျိုးပင်များ ထောက်ပံ့ပေးနိုင်ရေး၊ မိုးစပါး ပြန်လည်စိုက်ပျိုးခြင်းအတွက် စက်မှုလယ်ယာဦးစီးဌာနက ကွန်ယက်ပေးရေး၊ ကောက်စိုက်စက် အသုံးပြုနိုင်ရေးနှင့် လိုအပ်ချက်များ ကူညီပံ့ပိုးနိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

    ထို့နောက် ဇေယျာသီရိမြို့နယ် ရှာစေးဖိုကျေးရွာရှိ ဆင်သေရေတင်စက်ရုံ ပြန်လည်ပြုပြင် အသုံးပြုနိုင်ရေးနှင့် လယ်ယာ(၁)မြောင်းမကြီး ပြုပြင်နေမှုကိုလည်းကောင်း၊ ဇေယျာသီရီမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်များရှိ ရေဆင်းဆည်ရေသောက် မြောင်းများ ပြုပြင်နေမှုကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ်ရှိ ဆိုလာစနစ်မြေအောက်ရေတင်စက်များ ပြန်လည်အသုံးပြုနိုင်ရန် မွမ်းမံပြင်ဆင်မှုလုပ်ငန်းများကို လည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး  ဒေသခံ တောင်သူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

    ထို့အတူ မိတ္ထီလာလွင်ပြင်ရှိ ဆည်တမံများ ရေသောက်စနစ်များ ထိခိုက်ပျက်စီးနေမှုကို အမြန်ဆုံး ပြုပြင်အသုံးပြုနိုင်ရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်ရှိ မင်းသားကြီးကန် မြေသားပေါင် ထိခိုက်ပျက်စီးခဲ့မှုကိုလည်းကောင်း၊ သာစည်မြို့နယ်ရှိ စမုံရေထိန်းတမံတွင် ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးမှုများကို စက်ယန္တရားများ အသုံးပြု၍ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကိုလည်းကောင်း စစ်ဆေးပြီး စနစ်တကျပြန်လည်ပြုပြင်စီမံ၍ ရာသီချိန်အမီ ရေသိုလှောင်နိုင်ရေးနှင့် မူလရေသောက်ဧရိယာ (၂၁၆)ဧက ကို စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

    ယင်းနောက် ဒုတိယဝန်ကြီးနှင့်အ ဖွဲ့သည် မြစ်သားမြို့နယ်ရှိ ကင်းတားလက်ဝဲ မြောင်းမကြီး ရေငုတ်ပြွန်နှင့် စမုံရာဘာတမံရေကျော်၍ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်ရမည့်လုပ်ငန်းစဉ်များ၊ ရေသောက်စနစ်အတွင်း ပုံမှန်ရေပေးဝေနိုင်ရေးအတွက် ရေတင်ပန့်တပ်ဆင်အသုံးပြုနိုင်ရေး နည်းလမ်းများ ရှာဖွေဖော်ထုတ်ဆောင်ရွက်ရန်၊ ကြီးမားသော ထိခိုက်မှု မရှိခဲ့သည့် ဇော်ဂျီရေသောက်၊ ကင်းတားရေသောက် စနစ်များတွင် စိုက်ပျိုးထုတ်လုပ်မှုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းကြိုးပမ်းကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

    ထို့နောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး သီးနှံထိခိုက်ပျက်စီးမှုများအား ပြန်လည်ကုစားနိုင်မည့် နည်းလမ်းများနှင့် လိုအပ်သည့် အကူအညီများကို သက်ဆိုင်ရာ ဌာနများမှ ချိတ်ဆက်ရယူပြီး ဒေသ၏ လယ်ယာကုန်ထုတ်စွမ်းအား ကျဆင်းမသွားစေရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။