ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်ရှိ ရေထိန်းတမံနှင့်ရေလှောင်တမံများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
  • Thu, 19 September 2024

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်ရှိ  ရေထိန်းတမံနှင့်ရေလှောင်တမံများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


   

 စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူစက်တင်ဘာလ၁၈ရက်နေ့တွင်ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များရှိ ရေထိန်းတမံနှင့် ရေလှောင်ကန်များအခြေအနေကို ကွင်းဆင်းစစ်ဆေးသည်။

    ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရမည်းသင်းမြို့နယ်ရှိ အလျားပေ ၃၁၉၀ရှိပြီး ရေလှောင်ပမာဏ ၈၃ ဧကပေ သိုလှောင်နိုင်သည့် လဲဖြူရေထိန်းတမံသို့ ရောက်ရှိပြီး ရေဝင်ရောက်ခဲ့မှု၊ ရေစီးနှင့်အတူ မျှောပါလာသည့် သစ်တုံးကြီးများ၊ အမှိုက်ဒိုက်များနှင့် သဲနှုန်းများကြောင့် ရေထိန်းတမံထိခိုက်ခဲ့မှု၊ တမံထိပ်မှ ရေကျော်ကျခဲ့မှုနှင့် ရေပိုလွှဲမှ ရေကျော်ကျခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သစ်တုံးကြီးများ၊ အမှိုက်ဒိုက်များ ရှင်းလင်းခြင်းနှင့် သဲနှုန်းပို့ချခဲ့ပြီး ရေတိုက်စားပျက်စီးခဲ့သည့် တူးမြောင်းနေရာအချို့ ပြန်လည်ပြုပြင်သွားရန်နှင့် ဆည်ရေသောက်ဧရိယာအတွင်းရှိ ထိခိုက်ပျက်စီးမှုမရှိသည့် လယ်ယာမြေများကို အမြန်ဆုံးစိုက်ပျိုးရေ ပြန်လည်ပေးဝေနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

    လဲဖြူရေထိန်းတမံသည် တမံထိပ်မှ ရေကျော်ကျမှု ဖြစ်ပေါ်ခဲ့သော်လည်း တမံကိုယ်ထည်အပါအဝင် ရေပိုလွှဲနှင့် ရေထုတ်ပြွန် ထိခိုက်ပျက်စီးမှုမရှိခဲ့ပါ။ 

    ထို့နောက် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့နယ်ရှိ၊ အလျားပေ ၁၄၅၀၀ ၊ အမြင့်ပေ ၂၀၊ ရေလှောင်ပမာဏ ၄၂၅၇ ဧကပေ၊ ရေပိုလွှဲအကျယ်ပေ ၂၀၀ရှိသည့် ကျောက်ဆည်ကန်သို့ ရောက်ရှိပြီး ကန်ပေါင်ပေါ် ရေကျော်ကျမှုကြောင့် နေရာအချို့ ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ပေ၄၀ခန့် ဆက်လက်ရေစီးဆင်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ရေလှောင်ကန်မှ မြေသားပေါင် ထိခိုက်ပျက်စီးမှုများကို အသေးစိတ်ကွင်းဆင်းတိုင်းတာပြီး စနစ်တကျ ပြန်လည်ပြုပြင်စီမံဆောင်ရွက်၍ ရေသိုလှောင်ရေးနှင့်  စိုက်ပျိုးရေပြန်လည်ပေးဝေနိုင် ရေးဆောင်ရွက်ကြရန် လိုအပ်ကြောင်းဆွေးနွေးမှာကြားသည်။