ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ရှိ ဆည်တမံများ ကြံ့ခိုင်ရေးနှင့် ရေကြီးရေလျှံသည့် နေရာများမှ ရေထုတ်နုတ်မှုမြန်ဆန်စေရေး ကွင်းဆင်းဆောင်ရွက်
  • Mon, 16 September 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ရှိ ဆည်တမံများ ကြံ့ခိုင်ရေးနှင့် ရေကြီးရေလျှံသည့် နေရာများမှ ရေထုတ်နုတ်မှုမြန်ဆန်စေရေး ကွင်းဆင်းဆောင်ရွက်


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် မိုးသီးနှံများထိခိုက်ပျက်စီးခဲ့သည့် ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့မှ တောင်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးထွန်ယက်ခြင်းနှင့် သီးနှံအစားထိုးစိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးသည်။

    ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မတ်ပဲသီးနှံစိုက်ပျိုးမည့် တောင်သူများအနေဖြင့် ဆီထွက်နေကြာသီးနှံကို လျာထားဧကအတိုင်း တွဲဖက်စိုက်ပျိုးရန်လိုအပ်ပြီး နေကြာသီးနှံအစေ့အဆံ အောင်မြင်စေရန် ဝတ်မှုန်ကူးပျား မွေးမြူခြင်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မတ်ပဲနှင့်နေကြာသီးနှံတွဲဖက်စိုက်ပျိုးရာတွင် အဓိက ကြုံတွေ့ရသည့် မတ်ပဲစိုက်ခင်းကို ပိုးသတ်ဆေးသုံးစွဲခြင်းနှင့် နေကြာပန်းပွင့်ချိန် ဝတ်မှုန်ကူးကာလတွင် ပိုးသတ်ဆေးအသုံးမပြုရန်ကိစ္စ အပါအဝင် စိုက်ပျိုးရေးနည်းပညာရပ်များကို စိုက်ပျိုးရေးဦးစီးဌာန ပညာရှင်များက ကွင်းဆင်းဆွေးနွေးကူညီပေးသွားမည်ဖြစ်၍ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းပေးကြရန် တိုက်တွန်းပြောကြားသည်။

    ထို့နောက် ဒုတိယဝန်ကြီးက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရသည့်အခြေအနနှင့် နွေသီးနှံအတွက် နွေစပါး တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်နေမှုကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် ဒေါက်တာ ရဲထွန်းဝင်းတို့က ရာသီချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများ ဖြစ်ထွန်းအောင်မြင်ရေး ပျားမွေးမြူရေး ကိစ္စရပ်များအပါအဝင် ကူညီဆောင်ရွက်ပေးသွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

    နေပြည်တော်ကောင်စီနယ်မြေ၌ စုစုပေါင်းမိုးသီးနှံ ဧက ၃၄၅၀၀၀ စိုက်ပျိုးခဲ့၍ ဧက ၄၇၀၀၀ ကျော်ရေကြီး နစ်မြှပ်ခဲ့ကာ ယနေ့အထိ ဧက၂၈၀၀၀ ပြန်ပေါ်ခဲ့ပြီး ထိခိုက်မှုဧက ၁၇၀၀၀ကျော်တွင် ဧက ၃၉၀၀ကျော် သီးနှံပျက်စီးခဲ့ပြီး ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်ခဲ့သည့် သီးနှံစိုက်ခင်းများကို အထွက်နှုန်းနှင့် သီးနှံအရည်အသွေး ထိခိုက်မှု သက်သာစေရေး၊ ရေကြီးရေလွှမ်းပြီးနောက် သီးနှံစိုက်ခင်းများတွင် ကျရောက်တတ်သည့် သီးနှံပိုးမွှားရောဂါများ ကာကွယ်နှိမ်နှင်းရေးအတွက် နည်းပညာနှင့် အကူအညီများ ပံ့ပိုးပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီဉက္ကဋ္ဌနှင့်အတူ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တမံဘေးကင်းလုံခြုံရေး ဂရုပြုဆောင်ရွက်ရန်နှင့် ဆည်တမံများနှင့် ပတ်သက်သည့် ကောလဟလများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မဖြစ်ပေါ်စေရေးအတွက် လိုအပ်သော အသိပေးထုတ်ပြန်ချက်များ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ပေးရန် မှာကြားသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပေါင်းလောင်းရေလွှဲဆည် (အဝေရာဆည်) သို့ သွားရောက်ပြီး ရေဖြတ်သန်းစီးဆင်းမှုအခြေအနေကိုလည်းကောင်း ဉတ္တရသီရိမြို့နယ်ရှိ ငလိုက်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှု နှင့် ဘဲနှုတ်သီးသဏ္ဍန် ရေပိုလွှဲမှ ရေကျော်မှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

    နိုင်ငံတစ်ဝန်းရှိ ဆည်ရေလှောင်တမံများအားလုံး ကြံ့ခိုင်မှု ကောင်းမွန်ပြီး ရေပိုလွှဲများမှ ရေကျော်ကျနေမှုများအပေါ် စိုးရိမ်ရန်မရှိကြောင်းတင်ပြအပ်ပါသည်။