ဆည်တာတမံများအတွင်း ရေဝင်ရောက်မှု၊ ကြံ့ခိုင်မှုအခြေအနေများအပေါ် အနီးကပ် စောင့်ကြည့် စီမံမှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းဌာနများ၏ မေးမြန်းခဲ့မှုများအပေါ် ညွှန်ကြားရေးမှူး၊ ဦးကောင်းမြတ်သိန်းမှ ရှင်းလင်းဖြေကြားခဲ့မှုများ တင်ပြခြင်း
  • Fri, 13 September 2024

ဆည်တာတမံများအတွင်း ရေဝင်ရောက်မှု၊ ကြံ့ခိုင်မှုအခြေအနေများအပေါ်  အနီးကပ် စောင့်ကြည့် စီမံမှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းဌာနများ၏ မေးမြန်းခဲ့မှုများအပေါ် ညွှန်ကြားရေးမှူး၊ ဦးကောင်းမြတ်သိန်းမှ ရှင်းလင်းဖြေကြားခဲ့မှုများ တင်ပြခြင်း


မေး။    လက်ရှိမှာ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် နိုင်ငံအတွင်းက အချို့ မြို့/ရွာ တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ရေကြီးရေလျှံမှုတွေနဲ့ ဆက်စပ်ပြီး ဆည်တာတမံ တွေရဲ့အခြေအနေကိုပါ ပြည်သူတွေက စိုးရိမ်နေကြတာရှိပါတယ်။ ဒါကြောင့် လက်ရှိ ရေကြီးရေလျှံ မှုဖြစ်ပေါ်ရာ ဒေသတွေက ဆည်တာတမံ တွေရဲ့ အခြေအနေတွေကို ပြည်သူတွေသိရှိအောင် ပြောပြပေးပါ။
ဖြေ။    ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် မန္တလေးတိုင်းဒေသကြီးနဲ့ အခြား တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေပါတယ်။ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ဒီလ စက်တင်ဘာ ၇ ရက်မှာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ လေပွေလှိုင်း တွေရဲ့ အကျိုးသက်ရောက်မှုနဲ့ မိုးရေချိန်လက်မ များစွာ ရွာသွန်းခဲ့လို့ ဖြစ်ပါတယ်။
    နေပြည်တော်နယ်မြေမှာရှိတဲ့ အဓိကရေလှောင်တမံအကြီးတွေထဲက ပေါင်းလောင်း၊ ငလိုက်စတဲ့ တမံနှစ်ခုဘဲ ရေကျော်တာရှိပါတယ်။ ကျန်တဲ့တမံတွေအနေနဲ့ ကန်ရေပြည့်အမှတ်ကိုတောင် မရောက်သေးတာတွေ့ရပါတယ်။ နေပြည်တော်ဧရိယာအတွင်းက ချောင်းတွေကို ရှမ်းကုန်း ပြင်မြင့်က စပြီးစီးဆင်းတဲ့ ချောင်းတွေနဲ့ အလယ်ရိုးမကို အခြေခံတဲ့ ချောင်းတွေဆိုပြီး ခွဲခြားနိုင်ပါတယ်။ အခုလက်ရှိ မိုးရွာသွန်းခဲ့တာက ရှမ်းကုန်းပြင်မြင့်ကို အခြေခံပြီး စံချိန်တင်မိုးရေချိန်တွေ ရွာသွန်းခဲ့တာ ကြောင့် အဲဒီက စီးဆင်းလာတဲ့ ရေတွေဟာ နဝင်းချောင်း၊ မုန်ချောင်း၊ ကင်းသာချောင်း ကစုစည်းပြီး ဆင်သေချောင်းကတစ်ဆင့် နောက်ဆုံးပေါင်းလောင်းချောင်းထဲကို အရှိန်အဟုန်နဲ့ စီးဆင်းလာခဲ့လို့ ချောင်းရေတွေ ရုတ်တရက်မြင့်တက်ပြီး ရေကြီးရေလျှံတာတွေဖြစ်တာ ဖြစ်ပါတယ်။ အဓိကကတော့ နဝင်းချောင်းနဲ့ ဆင်သေချောင်းက စီးလာတဲ့ရေတွေကြောင့်ပဲဖြစ်ပါတယ်။ ဆင်သေ ချောင်းရေကြီးလို့ တပ်ကုန်းနဲ့နေပြည်တော်ထဲက အချို့ရပ်ကွက်တွေထဲကို ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါ တယ်။
    ဒါပေမယ့် ဆင်သေချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ ဆင်သေဆည်ကတော့ ရေပြည့်ဖို့ ၁၂ ပေ တောင်လိုနေပါသေးတယ်။ အလားတူ ရေဆင်း၊ ချောင်းမငယ်၊ မဒန်းစတဲ့ တမံ တွေဟာလည်း ရေပြည့်ဖို့လိုနေပါသေးတယ်။
    ပေါင်းလောင်းရေလှောင်တမံအနေနဲ့ လက်ရှိမှာ ရေပိုလွှဲက ၁၁ ဒသမ ၅ ပေလောက် ရေကျော်စီးဆင်းနေပြီး ပေါင်းလောင်းချောင်းထဲကို ဝင်ရောက်နေပါတယ်။ ဒါ့အပြင် ဆင်သေချောင်း ရေဟာလည်းပေါင်းလောင်းချောင်းထဲကို စီးဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရေတွေပေါင်းပြီး ပေါင်းလောင်းချောင်းရေမြင့်လာကာ ပေါင်းလောင်းရေလွှဲဆည်မှာ ၁၁ ပေလောက် ရေကျော်စီးဆင်း နေတာဖြစ်ပါတယ်။အဲဒီရေတွေဟာ ဆက်လက်စီးဆင်းပြီး တောင်သူမြို့ကို မကြာခင်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တောင်းမြစ်ရေဟာ မြင့်တက်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေ ကို ကြိုတင်အသိပေးကြေညာထားပြီး ရေဘေးကာကွယ်ရေး လုပ်ငန်းတွေ ကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါတယ်။
    အလားတူပါပဲ နေပြည်တော်နဲ့ ကပ်လျက်ရှိတဲ့ မန္တလေးတိုင်းဒေသကြီးထဲက ရမည်း သင်း၊ ပျော်ဘွယ်စတဲ့ ဒေသတွေမှာလည်း အရှေ့ဘက်မှာရှိတဲ့ ရှမ်းကုန်းပြင်မြင့် ဧရိယာမှာ စံချိန်တင် မိုးရေချိန်တွေရွာခဲ့လို့ ရေတွေအလုံးအရင်းနဲ့ စီးဆင်းလာပြီး ဒေသမှာရှိတဲ့ ဆည်ငယ်၊ ကန်ငယ်တွေ ထဲကို စီးဝင်ပြီး တာပေါင်ပေါ်ရေကျော်တာတွေ၊ ရေတိုက်စားတာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီရေတွေဟာ နေပြည်တော်ထဲကိုစီးတဲ့ နဝင်းချောင်းထဲကို ရောက်တာရှိသလို မိတ္ထီလာလွင်ပြင်ထဲက စမုံမြစ်ထဲကို စီးဆင်း သွားတာရှိပါတယ်။ ဒီဒေသတွေမှာ တစ်နှစ် ပျမ်းမျှရွာတဲ့မိုးရေချိန်က လက်မ ၃၀ ပတ်ဝန်းကျင်ပဲရှိပါတယ်။ အခုလိုမျိုး တစ်ရက်ထဲမှာ ၁၀ လက်မကျော် တစ်ပေနီးပါး လောက်ရွာတဲ့ အခါမှာ ပုံမှန်စီးဆင်းနေတဲ့ချောင်းတွေဟာ ရုတ်တရက်ဝင်လာတဲ့ရေတွေကို ကောင်းကောင်း မသယ် နိုင်တော့ဘဲ ရေကြီးရေလျှံတာတွေ၊ အနိမ့်ပိုင်းနေရာ တွေကို ဝင်တာတွေဖြစ်ပေါ်လာပါတယ်။ ထိခိုက်ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် အဲဒီဒေသတွေမှာ မကြုံစဖူးရုတ်တရက် ရေကြီးတာတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
    အဲဒီလိုပဲ ရှမ်းကုန်းပြင်မြင့်က စီးဆင်းလာတဲ့ ဇော်ဂျီမြစ်ရေဟာ အချိန်တိုအတွင်း မြင့်တက်လာတဲ့အတွက် ကျောက်ဆည်မြို့အပါအဝင် မြစ်ဘေးဝန်းကျင်မှာရှိတဲ့ ဒေသ တွေ ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရပါတယ်။
မေး။    ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ လက်ရှိ ဆည်တွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာတွေကိုလည်း သိပါရစေ။
ဖြေ။    ကျွန်တော်တို့ ဌာနအနေနဲ့ မိုးလေဝသ သတင်းတွေအရ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးများမယ်၊ ရေဝင်ရောက်မှုများမယ်လို့ခန့်မှန်းရရှိတဲ့အတွက် ဌာနဝန်ထမ်း တွေကို ကြိုတင်အသိပေးတာတွေ၊ စဉ်ဆက်မပြတ် စောင့်ကြည့် သတင်းပေးပို့ဖို့၊ ဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဖို့ ညွှန်ကြားတာတွေ ဆောင်ရွက်သလို ရေဝင်ရောက်မှုတွေကို စောင့်ကြည့်စီမံတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ရေလှောင်တမံတွေမှာ လည်း ဝန်ထမ်းတွေကို နေ့ညတာဝန်ချထားတာတွေ ဆောင်ရွက်သလို အရေးပေါ်အခြေအနေ စီမံ ခန့်ခွဲမှုစီမံချက်ပါ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်တာတွေ လုပ်ခဲ့ပါတယ်။
    ကျောက်ဆည်၊ မြစ်သားစတဲ့ ဒေသတွေမှာလည်း ဇော်ဂျီမြစ်ရေ မြင့်တက်လာနိုင်တဲ့ အခြေအနေတွေရှိလို့ သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီတွေနဲ့ ပူးပေါင်းပြီး ဒေသခံတွေကို ကြိုတင်အသိပေးကြေညာတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
မေး။    လက်ရှိမှာ ဆည်တာတမံတွေမှာ ရေသိုလှောင်မှတ်ကျော်လွန်ပြီး သတိပြုရမယ့် အခြေအနေရှိရင်လည်း သိပါရစေ။ ပြီးတော့ တချို့ဆည်တာတမံတွေမှာ ရေပိုလွှဲ က ရေကျတာကို ဆည်ကျိုးတာနဲ့မှားယွင်းပြီး စိုးရိမ်နေတာလည်းရှိပါတယ်။ ဒီအပေါ်မှာလည်း ပြည်သူတွေ သိရှိ အောင်ပြောပြပေးပါ။
ဖြေ။    လက်ရှိမှာ ရေပိုလွှဲက ရေကျော်စီးဆင်းနေတဲ့ ရေလှောင်တမံ ၆၃ ခုရှိပါတယ်။ ဒီနေရာ မှာရှင်းပြချင်တာက ရေလှောင်တမံတွေမှာ ကန်ရေပြည့်အမှတ်ဆိုတာ ရှိပါတယ်။ အဲဒီကန်ရေပြည့် အမှတ်ကိုကျော်ပြီး ရေစီးဝင်လာတဲ့အခါ ရေပိုလွှဲကနေစီးထွက်ပြီး မူလချောင်းထဲကို ပြန်ရောက်သွား တာဖြစ်ပါတယ်။ အဲဒီလို ရေပိုလွှဲက ရေကျော်စီးဆင်းပြီး မူလချောင်းထဲကို ပြန်စီးဝင်နေတဲ့ ရေလှောင်တမံ ၆၃ ခုရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
    အဲဒီလို ရေကျော်စီးဆင်းတဲ့အခါ ကျွန်တော်တို့ရဲ့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုစီမံချက်အရ ရေပိုလွှဲက ရေကျော်တာနဲ့ အရေးပေါ်အခြေအနေ အဆင့်(၁) အဖြစ် သတ်မှတ်ပြီး အစိမ်းရောင်အလံကို ရေလှောင်တမံနဲ့ တမံအောက်က ဆက်စပ်တည်ရှိတဲ့ ကျေးရွာတွေမှာ စိုက်ထူပြီး ဒေသခံပြည်သူများ သိရှိနိုင်အောင် အသိပေးပါတယ်။ ဒီအခြေအနေမှာ ဒေသခံတွေအနေနဲ့ စိုးရိမ်ဖို့မရှိပါဘူး။ ရေပိုလွှဲက ရေကျော်ပြီဆိုတာကို သိရှိနိုင်အောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေကနေ ရေမှတ် ထပ်တက်လာပြီး ရေလှောင်တမံရဲ့ ရေကြီးမှတ်ကိုရောက်တဲ့အခါ အရေးပေါ်အခြေအနေ အဆင့်(၂)အဖြစ် သတ်မှတ်ပြီး အဝါရောင်အလံကို လွှင့်ထူပါတယ်။ ရေကြီးမှတ် ဆိုတာက ရေပိုလွှဲကို တည်ဆောက်စဉ်က အများဆုံးလာနိုင်မယ်လို့ တွက်ချက်ထားတဲ့ ဒီဇိုင်းအရ ရောက်နိုင်တဲ့ ရေအမှတ်ကို ဆိုလိုတာပါ။ ဒီအခြေအနေမှာတော့ ဒေသခံပြည်သူတွေအနေနဲ့ သတိနဲ့ စောင့်ကြည့်ဖို့လိုတဲ့ အခြေအနေဖြစ်ပါတယ်။
    အဲဒီကနေတစ်ဆင့်တက်ပြီး တမံထိပ်ပြင်ကို ရေကျော်နိုင်တဲ့အခြေအနေ ဖြစ်လာတဲ့အခါ တမံကျိုးပေါက်နိုင်တဲ့ အခြေအနေရှိလို့ အရေးပေါ်ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နိုင်အောင် အနီရောင်အလံကို အရေးပေါ်အခြေအနေ အဆင့်(၃)အဖြစ် စိုက်ထူအသိပေးပါတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် အသိပေး ပါတယ်။
    ဒါကြောင့် ရေကျော်စီးဆင်းနေတဲ့တမံတွေမှာ အရေးပေါ်အခြေအနေ အဆင့်(၁) အနေနဲ့ အစိမ်းရောင်အလံများ လွှင့်ထူထားပါကြောင်း အသိပေးလိုပါတယ်။ အဝါရောင်အလံစိုက်ထူ ထားတဲ့ တမံမရှိသေးပါကြောင်းကိုလည်း အသိပေးလိုပါတယ်။
မေး။    ပြည်သူတွေသိရှိအောင် ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောပြပေးပါ။
ဖြေ။    လက်ရှိအခြေအနေမှာ ဇော်ဂျီမြစ်ရဲ့အဖျားပိုင်းမှာ မိုးနည်းလာပြီး မြို့ကြီးရေလွှဲဆည်မှာလည်း ရေလျော့ကျလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် စမုံမြစ်နဲ့ ပန်းလောင်မြစ်ရေတွေက ဇော်ဂျီမြစ်ထဲကို စီးဆင်းနေပြီး ကျောက်ဆည်မြို့အောက်ပိုင်းမှာ ရေတောင့်နေတဲ့အတွက် မြို့ ပတ်ဝန်းကျင်မှာတော့ ရေမလျော့သေးပါဘူး။ မြစ်အထက်ပိုင်းမှာရှိတဲ့ ရေလှောင်တမံတွေကလည်း ရေကျော်စီးဆင်းမှု လျော့ကျလာတဲ့အတွက် တစ်စုံတစ်ရာ စိုးရိမ်ဖို့မရှိကြောင်း ပြောလိုပါတယ်။
    ပေါင်းလောင်းမြစ်အနေနဲ့ကတော့ ဆင်သေချောင်းရေနဲ့ပေါင်းလောင်းချောင်းရေတွေ ပေါင်းပြီး စီးဆင်းနေလို့ ပေါင်းလောင်းရေလွှဲဆည်မှာ စံချိန်တင်ရေအမှတ် ကိုရောက်ခဲ့ပြီး လက်ရှိမှာတော့ ရေပြန်ကျနေပါတယ်။ ဒါပေမယ့် ဒီရေတွေဟာ အောက်ဘက်ကို ဆက်စီးသွားပြီး တောင်ငူမြို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ တောင်ငူမြို့ မှာလည်း စစ်တောင်းမြစ်ရေဟာ မြင့်တက်နေတဲ့အတွက် လတ်တလောအနေနဲ့ ရေလျော့ကျဖို့မရှိသေးကြောင်းနဲ့ ဒေသခံများအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီး လိုက်နာဆောင်ရွက်ကြဖို့ အသိပေးပြောကြားလိုပါတယ်။