ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရာဂီမုန်တိုင်းမိုးရွာသွန်းမှုကြောင့် သာစည်မြို့နယ်ရှိ ရေလှောင်တမံ၊ ရေထိန်းတမံနှင့် ရေလှောင်ကန် ရေဝင်ရောက်မှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး
  • Fri, 13 September 2024

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရာဂီမုန်တိုင်းမိုးရွာသွန်းမှုကြောင့် သာစည်မြို့နယ်ရှိ ရေလှောင်တမံ၊ ရေထိန်းတမံနှင့် ရေလှောင်ကန် ရေဝင်ရောက်မှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကွင်းဆင်း၍ ရာဂီမုန်တိုင်း အကြွင်းအကျန်များဖြစ်သော လေပွေလှိုင်းအရှိန်ကြောင့် ရှမ်းကုန်းမြေပြင်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး ဒေသအသီးသီး တွင် ထူးကဲရေကြီးရေလျှံမှုများ ကြုံတွေ့နေရခြင်းအပေါ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေလှောင်တမံနှင့် ဆည်ကန်ငယ်များ အန္တရာယ်မဖြစ် စေရေးအတွက် Emergency Preparedness Plan နှင့် Rules and Regulations များဖြင့် အချိန်မီစီမံဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။
    ဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်ရှိ စမုံချောင်းပေါ်ရှိ စမုံရေထိန်းတမံ သို့ သွားရောက်ပြီး တမံအတွင်းရှိ ရေဝင်ရောက်မှု၊ တမံထိပ်မှ ရေကျော်ကျမှု ကြောင့် တမံတွင် ပေ ၂၀၀ ခန့် ရေတိုက်စားထိခိုက်ခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တမံကို ကြီးမားသော ထိခိုက်မှု မဖြစ်ပေါ်စေရေးနှင့် ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့သည့် အပိုင်းကို အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။
    တမံအလျားပေ ၁၄၀၀၀၊ တမံအမြင့် ၃၈ ပေရှိ စမုံရေထိန်းတမံသည် မြေသားတမံ အမျိုးအစားဖြစ်ပြီး ရေသောက်ဧရိယာဧက ၈၇၀၀ ကျော်ကို အကျိုးပြုလျက်ရှိကာ အကျယ်ပေ ၄၀၀ ရှိ ကွန်ကရစ်ရေပိုလွှဲတပ်ဆင်ထားသော်လည်း ယခုရက်ပိုင်းအတွင်း ရေဝေရေလဲဒေသအတွင်း ထူးကဲမိုးရေချိန်ရွာသွန်းမှုကြောင့် တမံရေသိုလှောင်နိုင်မှု ပမာဏထက် ခြောက်ဆကျော် ရေဝင်ရောက်ခဲ့ပြီး တမံထိပ်ပေါ် ကျော်သည်အထိ ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသဖြင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အတွက် ဌာနမှတာဝန်ရှိသူများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
    ထို့နောက် ဒုတိယဝန်ကြီးသည် သာစည်မြို့နယ်၊ ညောင်ရမ်း-မင်းလှကန်သို့ ရောက်ရှိ ပြီး ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှ ရေကျော်ကျမှု၊ ရေလှောင် တမံ ဘေးကင်းလုံခြုံမှုဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မိုးရွာသွန်းမှုကြောင့် ဝင်ရေများပြားလျက်ရှိရာ ရေပေါက် (ထူးပေါက်)များ ဖြစ်ခြင်း၊ ရေစိမ့်ထွက်သည့်နေရာများ စစ်ဆေးတွေ့ရှိပါက ပေါ့ဆမှုမရှိဘဲ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရှိကြရန်၊ အရေးပေါ် ပစ္စည်းများ စုဆောင်းထားရှိမှု နှင့်ပတ်သက်၍ လိုအပ်သည့် နေရာများသို့ အချိန်နှင့်တစ်ပြေးညီ ဖြည့်စွက်ထားရှိ နိုင်ရေး ကြိုတင်စီစဉ်ထားရန်နှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြား၍ ညောင်ရမ်း- မင်းလှကန် ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေတံခါးများ၊ သဲထုတ်ရေတံခါးများ၊ ဆက်စပ်ရေအား အဆောက်အအုံများ၊ တမံကြံ့ခိုင်မှုနှင့် ရေစီးဆင်း ရာလမ်းကြောင်းတစ်လျှောက် အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
    ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မုန်တိုင်ရေလှောင်တမံသို့ ရောက်ရှိပြီး ဝင်ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှ ရေကျော်ကျမှု၊ ရေလှောင်ကန်နှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ပါသည်။