ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလှောင်တမံများတွင် ရေဝင်ရောက်မှုနှင့်ချောင်းများ၏ ရေစီးဆင်းမှုအခြေအနေ ကွင်းဆင်းစီမံဆောင်ရွက်
  • Thu, 12 September 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလှောင်တမံများတွင် ရေဝင်ရောက်မှုနှင့်ချောင်းများ၏ ရေစီးဆင်းမှုအခြေအနေ ကွင်းဆင်းစီမံဆောင်ရွက်


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရေဆင်းနှင့် ပေါင်းလောင်းရေလှောင်တမံများ၊ ပင်လောင်းလမ်းဆုံနေရာ၊ ဆင်သေချောင်းနှင့် ငလိုက်ချောင်းများသို့ သွားရောက်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေမှုကို ထိန်းသိမ်းစီမံဆောင်ရွက်နေမှု၊ တမံများ၏ ကြံ့ခိုင်မှု အခြေအနေ စောင့်ကြည့်စီမံနေမှုနှင့် ချောင်းများ၏ရေစီးဆင်းမှုအခြေအနေတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ချောင်းရေမြင့်တင်လာမှုကြောင့် ချောင်းဧရိယာအတွင်း နှင့် အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများရှိနိုင်ပါက ကြိုတင်အသိပေးကြေညာမှုများ ဆောင်ရွက်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်စပ်ဌာနအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။        
        ယနေ့နံနက် ၆ နာရီ ရေမှတ်တိုင်းတာမှုများအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရေလှောင်တမံများအနက် ပေါင်းလောင်းရေလှောင်တမံတစ်ခုသာ ရေပိုလွှဲမှ ၆ ဒသမ ၀၆ ပေ ရေကျော်စီးဆင်းနေပြီး အဓိကရေလှောင်တမံများဖြစ်သောဆင်သေရေလှောင်တမံတွင် ကန်ရေပြည့် ရေမှတ်သို့ ရောက်ရှိရန် ၁၉ ပေခန့် လိုအပ်နေပြီး ၊ ချောင်းမငယ်ရေလှောင်တမံတွင် ၅ ပေခန့်၊ မဒန်းရေလှောင်တမံတွင် ၁၁ ပေခန့်နှင့် ရေဆင်းရေလှောင်တမံတွင် ၈ ပေခန့် လိုအပ်နေကာ ငလိုက်တမံတွင် ကန်ရေပြည့် အမှတ်သို့ ရောက်ရှိနေပါသည်။
    ပြည်ထောင်စုဝန်ကြီးက ယခုရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျရေများ စီးဝင်လာနိုင်ခြင်းတို့ကြောင့် ရေလှောင်ပမာဏသေးငယ်သော တမံငယ် များတွင် ရုတ်တရက်ရေအလုံးအရင်းဖြင့် ဝင်ရောက်မှုများ ဖြစ်လာနိုင်သဖြင့် တာဝန်ရှိသူများက အနီးကပ် စဉ်ဆက်မပြတ် စောင့်ကြည့်စီမံမှုများဆောင်ရွက်ရန်နှင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုကို အချိန်နာရီစဉ်အလိုက် ရုံးချုပ်သို့ တင်ပြရန်မှာကြားခဲ့ပါသည်။
    အလားတူ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ရှမ်းကုန်းပြင်မြင့်နှင့် ဆက်စပ်တည်ရှိနေသော ရမည်းသင်းခရိုင်ရှိ ကျီးနီကန်နှင့်ကတင်ကန်တို့၏ ရေဝင်ရောက်မှုများ၊ မိတ္ထီလာခရိုင်အတွင်းရှိ ဆည်ကန်များ၏ ရေဝင်ရောက်မှုများ၊ ဆည်ကန်များတွင် ထိန်းသိမ်းစီမံဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးပြီး ဆည်တမံများအလိုက်၊ တူးမြောင်းများအလိုက် တာဝန်ရှိသူ အဆင့်ဆင့်ကို စောင့်ကြည့်တာဝန်ပေးအပ်ထားခဲ့ပါသည်။
    လတ်တလောဖြစ်ပေါ်နေသည့် လေပွေလှိုင်းများ ဖြတ်သန်းရာဒေသများနှင့် မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်များ၊ ချောင်းများ တွင် ရေစီးဆင်းမှုများပြားခြင်း၊ ရေလှောင်တမံများတွင်ရေဝင်ရောက်မှုများလာခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်ခြင်းအပေါ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက အနီးကပ် စောင့်ကြည့်စီမံမှုများ ဆောင်ရွက်လျက်ရှိပြီး ရေကြီးရေလျှံမှုအခြေအနေများဖြစ်ပေါ်နိုင်သည့် ဒေသ များ၌ ဒေသခံပြည်သူများသို့ ကြိုတင်အသိပေးကြေညာခြင်း၊ ရေဘေးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။