စမုံရေထိန်းတမံအခြေအနေတင်ပြခြင်း
  • Sat, 14 September 2024

စမုံရေထိန်းတမံအခြေအနေတင်ပြခြင်း


        စမုံရေထိန်းတမံသည် မန္တလေးတိုင်း သာစည်မြို့နယ်တွင် တည်ရှိပြီး ဝင်ရောက်လာသည့် ရေကို ခေတ္တထိန်းသိမ်းကာ စိုက်ပျိုးရေအတွက် လွှဲပြောင်းဖြန့်ဝေပေးသည့် ရေထိန်းတမံတစ်ခု ဖြစ်ပါသည်။ ရေသိုလှောင်နိုင်သည့် ပမာဏမှာ ၇၉၁၃ ပေဖြစ်ပြီး ရေအနက်မှာ ၂၆ ပေ ဖြစ်ပါသည်။ 

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ ရာဂီမုန်တိုင်း အကြွင်းအကျန် လေပွေလှိုင်း များ၏ အရှိန်ကြောင့် ရှမ်းကုန်းပြင်မြင့်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်း ခဲ့ရာ သာစည်နှင့် ရမည်းသင်းမြို့နယ်များတွင် နှစ် ၅၀ အတွင်း စံချိန်တင်မိုးရွာသွန်းခဲ့ရာ နှစ်ရက် ပေါင်း ၁၇ လက်မကျော်ထိ ရွာသွန်းခဲ့ကြောင်းတိုင်းတာရရှိခဲ့ပါသည်။

ထိုကဲ့သို့ ရှမ်းကုန်းပြင်မြင့်နှင့် ဒေသအတွင်းတွင် အချိန်တိုအတွင်း မိုးရေချိန်လက်မ များစွာ ရွာသွန်းခဲ့သည့်အတွက် ဒေသတွင်းရှိ ချောင်းငယ်၊ မြစ်ငယ်များအတွင်းသို့ သယ်ဆောင်နိုင်သည့် အဆများစွာပိုမိုသည့် ရေများ စီးဆင်းဝင်ရောက်လာခဲ့ပြီး ရုတ်တရက်ရေကြီးရေလျှံမှုများကို ဖြစ် ပေါ်စေခဲ့ပါသည်။ အဆိုပါရေများသည် စမုံရေထိန်းတမံအတွင်းသို့သာမက မန္တလေးတိုင်းဒေသ ကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းသို့ပါ ခွဲဖြန့်၍ စီးဆင်းခဲ့ပါသည်။

စမုံရေထိန်းတမံအတွင်းသို့လည်း သိုလှောင်နိုင်သည့် ပမာဏထက် ခြောက်ဆကျော် ပမာဏအားဖြင့် ဧကပေ ၅၀၀၀၀ ကျော် ရုတ်တရက် ဝင်ရောက်ခဲ့ပါသည်။ မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းများအရှိန်ကြောင့် မိုးရွာသွန်းမှုများ မဖြစ်မီ စမုံရေထိန်းတမံ၏ (၁၀.၉.၂၀၂၄) နေ့ နံနက်ပိုင်းတွင်ရှိသော ရေအနက်မှာ (၂၁.၇) ပေဖြစ်ပြီး ယင်းနေ့ ၂၀၁၅ နာရီတွင် ရေ အနက် (၂၄.၁) ပေ သို့ ရောက်ရှိလာခဲ့သဖြင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများအရ မုန်တိုင်းမိုးကာလအတွင်း တမံ လုံခြုံစိတ်ချမှုရှိစေရန် သဲထုတ်ရေတံခါးမှ ရေလျှော့ချခြင်းကို ဆောင်ရွက်ခဲ့ပြီး ရေမြင့်တက်လာ မှုအပေါ်မူတည်၍ သတ်မှတ်ချက်များအတိုင်း ထပ်တိုးလျှော့ချခဲ့ပါသည်။ 

(၁၁.၉.၂၀၂၄) နေ့ ၀၉၀၀ နာရီတွင် ကန်ရေပြည့် ရေအနက် (၂၆) ပေသို့‌ ရောက်ရှိလာခဲ့ပြီး ရေပိုလွှဲမှ စတင်၍ ရေကျော်စီးဆင်းခဲ့ပါသည်။ စမုံရေထိန်းတမံတွင် ရေပိုလွှဲမှု ရေကျော်စီးဆင်း သည်နှင့် အရေးပေါ်အခြေအနေကြိုတင် စီမံခန့်ခွဲမှုစီမံချက်များအတိုင်း အရေးပေါ်အခြေအနေ အဆင့် (၁) အဖြစ်သတ်မှတ်၍ အလံစိမ်း စိုက်ထူခြင်း၊ တမံအောက်ဘာက်ရှိ သက်ဆိုင်ရာကျေး ရွာများသို့ အသိပေးအကြောင်းကြားခြင်းကိုဆောင်ရွက်ခဲ့ပြီး ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ရေတက်နှုန်းမြန်ဆန်လာခြင်း၊ စမုံချောင်းအတွင်းတွင်လည်း ရေကြီးလာမှုအခြေအနေကြောင့် ချောင်းဘေးဝဲယာတစ်လျှောက်တွင်ရှိသော ကျေးရွာများအား ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်း နိုင်ရေး ထပ်မံအသိပေးအကြောင်းကြားခြင်းကို ဌာနတာဝန်ရှိသူများက အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ 

၁၉၀၀ နာရီတွင် တမံထိပ်ပြင်အထက် (၁)ပေအမြင့် ကျော်လွန်စီးဆင်းခဲ့၍ ရေအနက် (၃၈) ပေသို့ အချိန်တိုအတွင်းတက်ရောက်ခဲ့ကာ ရေဖြတ်ကျော်စီးဆင်းခဲ့ပါသည်။ တမံထိပ်ပြင်မှ ရေ စတင်ကျော်လွန်စီးဆင်းပြီးနောက် ၇ နာရီအကြာ (၁၂.၉.၂၀၂၄) နေ့ ၀၂၀၀ နာရီ အရောက်တွင် ရေဖြတ်ကျော်စီးဆင်းမှု အချိန်ကြာမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်း ရေတိုက်စားမှုဒဏ်ကို ခံရခြင်းကြောင့် မြေသားတာပေါင် အလျား ၁၄၀၀၀ ပေရှိသည့်အနက်မှ အလျား ပေ ၂၀၀ ခန့်မှာ ထိခိုက်မှု ဖြစ်ပေါ်ခဲ့ပါသည်။ ထိုကဲ့သို့ ရေတိုက်စားခြင်းကြောင့် တမံတစ်ခုလုံး ရုတ်တရက် ကျိုးပေါက်သွားခြင်းမျိုးမဟုတ်ဘဲ ရေတိုက်စားသည့်နေရာမှ ရေဖြန့်စီးဆင်းနေ ခြင်းဖြစ်ပါသည်။  

လက်ရှိအခြေအနေတွင် စမုံရေထိန်းတမံ၌ ရေသိုလှောင်ထိန်းသိမ်းထားမှုမရှိဘဲ မိုးရွာသွန်း မှုအရှိန်ကြောင့် စီးဝင်လာသောရေများ တိုက်ရိုက်စီးထွက်နေသည့် အနေအထားဖြစ်ပါသည်။ မိုးရွာ သွန်းမှုနည်းပါးသွားသည်နှင့်အမျှ ရေစီးထွက်မှု နည်းပါးလာမည်ဖြစ်ပြီး မိုးရွာသွန်းမှု ရပ်တန့် သွားပြီးနောက် အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရေး ဆာက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

မြစ်များ၊ ချောင်းများပေါ်တွင် ဆည်တမံများကို တည်ဆောက်ခြင်းအားဖြင့် ယခုကဲ့သို့ ရာသီ ဥတုပြောင်းလဲမှုကြောင့် ရွာသွန်းမြဲမဟုတ်သည့် ထူးကဲမိုးရွာသွန်းမှုများ ဖြစ်ပေါ်လာသည့်အခါ စီး ဆင်းလာသည့် ရေများကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းပေးနိုင်ခြင်းကြောင့် ဒေသခံ ပြည်သူများကို ကြိုတင်အသိပေးနိုင်ပြီး ရေဘေးအန္တရာယ်ကို ရှောင်တိမ်းနိုင်ရန် အချိန်ပိုမိုရရှိစေခဲ့ ပါသည်။

အကယ်၍ ရေလှောင်တမံများ မရှိခဲ့ပါက ရုတ်တရက် ဝင်ရောက်လာသည့် များပြားသော ရေများသည် အချိန်တိုအတွင်းရောက်ရှိလာမည်ဖြစ်ပြီး ပိုမိုအန္တရာယ်ဖြစ်စေနိုင်ပါသည်။ ရေလှောင် တမံများ တည်ဆောက်ထားခြင်းသည် ရေကြီးနစ်မြုပ်မှုကို သက်သာစေသည့်အပြင် နိုင်ငံတော် အတွက် အဓီကလိုအပ်သော စိုက်ပျိုးရေ ပေးဝေခြင်း၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းများကို လည်း ဆောင်ရွက်နိုင်သဖြင့် များစွာအကျိုးပြုပါကြောင်း တင်ပြအပ်ပါသည်။

ရေကြီးမှုဖြစ်စဉ်သည် ဆည်တမံများကြောင့် သီးသန့်ရေကြီးခြင်းမဟုတ်ဘဲ မုန်တိုင်းမိုး၊ ထူးကဲမိုးများ ရွာသွန်းခြင်းကြောင့် ရေဆင်းဧရိယာအတွင်းရှိ ချောင်းများမှ အထိန်းအသိမ်းမရှိ စီးဆင််လာပြီး ၎င်း၏ သယ်ဆောင်နိုင်စွမ်းထက်ပိုမိုလာသဖြင့် ရေလျှံပြီး အနိမ့်ပိုင်းနေရာများသို့ ဝင်ရောက်ကာ ရေကြီးနစ်မြုပ်မှုကို ဖြစ်ပေါ်ခြင်းကိုလည်း တွေ့ရှိရပါကြောင်း အသိပေးလိုပါသည်။