ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေရရှိရေးနှင့် သီးနှံအထွက်နှုန်းကောင်းမွန်ရေး ကွင်းဆင်းဆောင်ရွက်
  • Fri, 6 September 2024

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေရရှိရေးနှင့် သီးနှံအထွက်နှုန်းကောင်းမွန်ရေး ကွင်းဆင်းဆောင်ရွက်


     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ရေလွှဲဆည်နှင့် ရေလှောင်တမံများ၏ အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
   ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ ချောင်းမကြီးရေလှောင်တမံ၏ တောတွင်လှရေလွှဲဆည် ထိန်းသိမ်းထားရှိမှု၊ ချောင်းမကြီး ဆည်ရေသောက်စနစ်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့်မိုးစပါး ရေပေးဝေမှု အခြေအနေများကိုလည်းကောင်း၊ ချောင်းကောက်ရေလှောင်တမံ၏ ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ မိုးစပါးရေပေးဝေနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ရေသောက်ဧရိယာများတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး၊ ရေလွှဲဆည်နှင့် တမံအတွင်း ရေဝင်ရောက်မှုအပေါ် မူတည်၍ စိုက်ဧကတိုးတက် လျာထားနိုင်ရေး၊ မြောင်းရင်းမှ တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးနိုင်ရေး၊ ရေမြေသဘာဝနှင့် ကိုက်ညီသော သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
    ထို့နောက် ချောင်းကောက်ရေလှောင်တမံမှ မိတ္ထီလာကန်သို့ ရေပေးသွင်းသည့် ဆက်သွယ်မြောင်းနှင့် ဆက်သွယ်မြောင်းတစ်လျှောက်ရှိ လွန်ငင်ရေလှောင်တမံ၊ လက်ခုပ်ပင်ရေလှောင်တမံနှင့် ညောင်ကုန်းရေလှောင်တမံတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။