ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရေဆင်းရေလှောင်တမံ ရေသိုလှောင်ထားရှိမှုနှင့် တမံကြံ့ခိုင်မှု အခြေအနေကြည့်ရှုစစ်ဆေး
  • Sun, 1 September 2024

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ရေဆင်းရေလှောင်တမံ ရေသိုလှောင်ထားရှိမှုနှင့်  တမံကြံ့ခိုင်မှု အခြေအနေကြည့်ရှုစစ်ဆေး


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ယနေ့ မွန်းလွဲပိုင်းတွင် ရေဆင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု အခြေအနေနှင့် ရေလှောင်တမံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ယခုနှစ်အတွင်း မိုးရွာသွန်းမှု၊ ရေဝင်ရောက်မှု အခြေအနေများနှင့် နွေသီးနှံစိုက်ပျိုးရန် လျာထားဆောင်ရွက်မှု အခြေအနေများ၊ တမံကြံ့ခိုင်မှု အတွက် စောင့်ကြည့်လေ့လာဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ရေဆင်းရေလှောင်တမံတွင် ဩဂုတ် ၃၁ ရက်အထိ မိုးရေချိန် ၄၃ ဒသမ ၈၈ လက်မ ရွာသွန်းခဲ့ပြီး တမံအတွင်း ဧကပေ ၄၉၀၀၀ ခန့်သိုလှောင်ထားရှိကြောင်းနှင့် သိုလှောင်မှုအရ ရေ အနက် ၈၉ ဒသမ ၅၇ ပေ သိုလှောင်ထားရှိပြီး ကန်ရေပြည့်ရောက်ရန် ၉ ဒသမ ၄၃ ပေ လိုအပ်သည်။ ယခင်နှစ် ကာလတူပမာဏထက် မိုးရေချိန် ၂၀ ဒသမ ၈၃ လက်မ၊ စီးဝင်ရေ ၃၀၀၇၁ ဧကပေ၊ ရေ သိုလှောင်မှုဧကပေ ၃၅၀၄၀၊ ရေမှတ်အမြင့် ၂၃ ဒသမ ၃၇ ပေ ပိုမိုသိုလှောင်ထားရှိ၍ ရေဆင်း ရေလှောင်တမံသည် ၂၀၁၇ ခုနှစ်အတွင်း ကန်ရေပြည့် ရေသိုလှောင်နိုင်ခဲ့ပြီး ယင်းနောက်ပိုင်း ပုံမှန် ရေဝင်ရောက်မှုသာရှိခဲ့ရာမှ ယခု ၂၀၂၄ ခုနှစ်အတွင်း ရေဝင်ရောက်မှုများ ပိုမိုကောင်းမွန်မှုရှိကြောင်း သိရပြီး ရေဆင်းရေလှောင်တမံမှ ယခင်နှစ်သိုလှောင်ရေအရ နွေရာသီတွင် နွေစပါး ၁၅၈၃ ဧကနှင့် နွေသီးနှံ (နှမ်း၊ ပဲတီစိမ်း၊ နေကြာ) ဧက ၂၅၈၀ စိုက်ပျိုးခဲ့ကာ တမံအတွင်း လက်ရှိသိုလှောင်ထားရှိမှု အခြေအနေအရ နွေစပါးဧက ၃၀၀၀ ခန့်နှင့် ဆီထွက်သီးနှံဧက ၄၅၀၀ ခန့် စုစုပေါင်းဧက ၇၅၀၀ စိုက်ပျိုးရန် လျာထားစီမံဆောင်ရွက်လျက်ရှိ၍ ယခင်နှစ် စိုက်ပျိုးမှုထက် ၂ ဒသမ ၅ ဆခန့် တိုးတက် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ မိုးနှောင်းကာလ ရေဝင်ရောက်မှုများ ပိုမိုခဲ့ပါက လက်ရှိမျှော်မှန်းထား သည်ထက် ပိုမိုစိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရေဆင်းရေလှောင်တမံ၊ တမံကျောက်စစ်ရိုး Rock Toe ၊ ရေထုတ်ပြွန်၊ ရေပိုလွှဲအဆောက်အအုံတို့၏ ကြံ့ခိုင်မှုအခြေအနေများ၊ ရေစိမ့်နှုန်း တိုင်းတာ သည့် V-Notch  တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံနှင့် ဆက်စပ်အဆောက်အအုံ အားလုံး အစဉ်ကြံ့ခိုင်မှု ကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ အလေးထားဆောင်ရွက် ရန် မှာကြားခဲ့ပါသည်။