နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း ယာယီဖြစ်ပေါ်ခဲ့
  • Sun, 25 August 2024

နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း ယာယီဖြစ်ပေါ်ခဲ့


    နေပြည်တော်ကောင်စီနယ်မြေအတွင်း ဩဂုတ် ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ဒေသအတွင်းရှိ ချောင်းမြောင်းများ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါချောင်းများ ဧရိယာဝန်းကျင်ရှိ လူနေအဆောက်အအုံအချို့ ရေဝင်ရောက် နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ရာ အဆိုပါဒေသများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ကူညီစောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
ကန်ရေပြည့်ရန် နှစ်ပေခန့်လို
    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့တွင်း ငလိုက်ချောင်းနှင့် ဆင်သေချောင်းတစ်လျှောက် ရေစီးဆင်းမှု၊ ချောင်းဧရိယာဝန်းကျင်ရှိ လူနေအဆောက်အအုံအချို့ ရေဝင်ရောက်မှုအအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးမှုများအရ ငလိုက်ရေလှောင်တမံသည် ကန်ရေပြည့်သို့ ရောက်ရှိရန် နှစ်ပေခန့် လိုအပ်နေသေးပါသည်။ ငလိုက်ချောင်းအတွင်း တိုက်ရိုက်စီးဝင်သည့် တောင်ညိုချောင်းနှင့် တံခွန်တိုင်ချောင်းများမှ ရေစီးဆင်းမှု များပြားခြင်းကြောင့် ငလိုက်ချောင်း အောက်ပိုင်းရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ချောင်းဧရိယာအတွင်းရှိ လူနေအိမ်အချို့တွင် ရေဝင်ရောက်နစ်မြုပ်ခြင်းသာဖြစ်သည်။
ရေကျော်စီးဆင်းခြင်းမဟုတ်
    ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း၌ ဆင်သေချောင်းအပါအဝင်  အခြား ချောင်းငယ်များတွင်လည်း ရေစီးဆင်းမှုများပြားခဲ့ရာ အဆိုပါရေစီးဆင်းမှုများမှာ ရေလှောင်တမံ များ၏ ရေပိုလွှဲမှ ရေကျော်စီးဆင်းခြင်းကြောင့် မဟုတ်ဘဲ ဩဂုတ် ၂၃ ရက်၌ ဥတ္တရသီရိမြို့နယ်တွင် ၄ ဒသမ ၈၈ လက်မ၊ ပုဗ္ဗသီရိမြို့နယ်တွင် ၄ ဒသမ ၃၃ လက်မနှင့် အခြားမြို့နယ်များအတွင်း မိုးသည်းထန်ပျံ့နှံ့စွာ ရွာသွန်းခဲ့ခြင်းကြောင့်သာဖြစ်ပါသည်။ နေပြည်တော်ဧရိယာရှိ အဓိက ရေလှောင်တမံများဖြစ်သည့် ငလိုက်ရေလှောင်တမံတွင် ကန်ရေပြည့်ရန် နှစ်ပေခန့်၊ ဆင်သေ ရေလှောင်တမံတွင် ၂၂ ပေခန့်နှင့် ရေဆင်းရေလှောင်တမံတွင် ၁၃ ပေခန့် လိုနေပြီး ပေါင်းလောင်း ရေလှောင်တမံတွင်သာ ရေပိုလွှဲမှ ငါးပေခန့် ရေကျော်စီးဆင်းလျက်ရှိကာ ရေအားလျှပ်စစ် ထုတ်လုပ်လျက်ရှိသည့် ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေကျော် စီးဆင်းလာသော ရေများသည် ပေါင်းလောင်းချောင်းမှ စစ်တောင်းမြစ်အတွင်းသို့ ပုံမှန်စီးဆင်း လျက်ရှိသဖြင့် ဒေသ၏ ရေကြီးရေလျှံမှု ဖြစ်ပေါ်ရန် မရှိပါ။
ယာယီရေကြီးရေလျှံဖြစ်ပေါ်
    နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ယမန်နေ့ညနေပိုင်းနှင့် ညပိုင်းတွင် သည်းထန်ပျံ့နှံ့စွာ ရွာသွန်းခဲ့သည့် မိုးရေများ စီးဝင်မှုမှတစ်ဆင့် ချောင်းမြောင်းများ ယာယီ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်ပြီး ယခုအခါ ရေများ ပြန်လည်လျော့ကျလာလျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေလှောင်တမံများအားလုံးမှာလည်း ကြံ့ခိုင်မှုကောင်းမွန် ပြီး စိုးရိမ်ရန်အခြေအနေမရှိပါ။