ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ငမိုးရိပ်ရေလှောင်တမံနှင့် ရေပိုလွှဲများကြံ့ခိုင်မှု၊ ရေထိန်းညှိလွှတ်ပေးနေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
  • Wed, 7 August 2024

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ငမိုးရိပ်ရေလှောင်တမံနှင့် ရေပိုလွှဲများကြံ့ခိုင်မှု၊ ရေထိန်းညှိလွှတ်ပေးနေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


    ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ သည် ယနေ့နံနက်ပိုင်းက ငမိးရိပ်ရေလှောင်တမံနှင့် ရေပိုလွှဲများ ကြံ့ခိုင်မှုအခြေအနေများနှင့် ရေထိန်းညှိလွှတ်ပေးနေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
        ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငမိုးရိပ်ရေထိန်းမျှော်စင်မှ ငမိုးရိပ် ရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှု၊ ရေထုတ်ပြွန်၊ ကန်ရေပြည့်အမှတ်၊ ရေပိုလွှဲများ ကြံ့ခိုင် မှုရှိ မရှိသွားရောက် ကြည့်ရှုစစ်ဆေးကြရာ ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ငမိုးရိပ်ရေလှောင်တမံ၊ ပေါင်းလင်းရေလှောင်တမံနှင့် မဟူရာရေလှောင်တမံတို့တွင် နှစ်အလိုက် မိုးရွာသွန်းမှု၊ ရေသိုလှောင် ထားရှိမှု၊ ရေလှောင်တမံများ၏ ကြံ့ခိုင်မှုနှင့် ရေလှောင်တမံဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေတက်လာပါက အန္တရာယ်ရှိနိုင်မှုနှင့် ရေအတက်အကျကို အချိန်နှင့်တစ်ပြေးညီ တင်ပြသွားနိုင်ရေးနှင့် လိုအပ်သည် များ မှာကြားသည်။
        ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီး မွေးမြူရေးဇုန်နှင့် ဒေသခံကျေးရွာများအတွက် ရေဂါလန်သန်းတစ်ထောင် ဧကပေ ၁၇၄၀ ဆံ့ သေနပ်ချောင်း ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေများနှင့် ရေပိုလွှဲတည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်၍ ရေမကူးရ၊ ငါးမမျှား ရ၊ သစ်ပင်မခုတ်ရ အသိပေးဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များ မှာကြား သည်။
        ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီးမွေးမြူရေးဇုန်၏ စီမံခန့်ခွဲရေးရုံးနှင့် ရှင်းလင်းဆောင် တည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ အား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။