ငဖဲမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မန်းချောင်းရေလှောင်တမံပင်မရေပိုလွှဲမှ ၃ ဒသမ ၉ ပေ ရေကျော်ကျလျက်ရှိ
  • Fri, 2 August 2024

ငဖဲမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မန်းချောင်းရေလှောင်တမံပင်မရေပိုလွှဲမှ ၃ ဒသမ ၉ ပေ ရေကျော်ကျလျက်ရှိ


    မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ မန်းချောင်းရေလှောင်တမံသည် ဇူလိုင် ၃၀ ရက် တွင် ရေပိုလွှဲမှ ရေကျော်ကျနေမှု ပြန်လည်လျော့နည်းကျဆင်းလာသော်လည်း ဇူလိုင် ၃၁ ရက်နှင့် ဩဂုတ် ၁ ရက်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းလာသည့်အတွက် ဩဂုတ် ၁ ရက် နံနက် ၁၁ နာရီ တိုင်းထွာချက်အရ တမံအမြင့်ပေ ၆၄၀၊ ဆည်ရေပြည့် အမှတ် ၆၂၅ ပေရှိရာမှ ၆၂၈ ဒသမ ၉ပေသို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၃ ဒသမ ၉ပေ အမြင့်အဖြစ် ဆက်လက် ရေကျော်ကျလျက်ရှိပါသည်။
    ငဖဲမြို့နယ်တွင် ဇူလိုင်လ တတိယပတ်မှစတင်၍ မိုးများရွာသွန်းခဲ့ရာ ဇူလိုင် ၂၆ ရက် ကစပြီး မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ၀ ဒသမ ၁ပေအမြင့်နှင့် စတင်ရေကျော်ခဲ့ကာ ဇူလိုင် ၂၇ ရက်အထိ ၃ ဒသမ ၂ပေအထိ ရေကျော်ခဲ့ပြီး တဖြည်းဖြည်းလျော့နည်းကျဆင်းလာခဲ့ရာ ဇူလိုင် ၃၀ ရက်တွင် ၁ ဒသမ ၉ ပေအမြင့်ခန့်သာ ရေကျော်ကျမှုဖြစ်ခဲ့သည်။ သို့သော်လည်း ဇူလိုင် ၃၀ ရက် ညနေပိုင်းမှစ၍ ဩဂုတ် ၁ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းလာသဖြင့် ဆည်အတွင်း ရေဝင်ရောက်မှုများပြားလာကာ ၃ ဒသမ ၉ပေခန့် မြင့်တက်၍ ဆက်လက်ရေကျော်ကျလျက်ရှိကာ မန်းတမံဝန်ထမ်းများအနေဖြင့် တမံရေဝင်ရောက်မှုအခြေအနေကို အမြဲမပြတ် စောင့်ကြည့်လျက် ရှိပြီး ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေကို မန်းတမံအောက်ဘက်ရှိ ကျေးရွာများမှ ပြည်သူများ ကြိုတင်သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်လျက်ရှိပါသည်။