ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးကာကွယ်ရေးတာများနှင့် ရေတံခါးများစစ်ဆေး
  • Wed, 7 August 2024

ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးကာကွယ်ရေးတာများနှင့် ရေတံခါးများစစ်ဆေး


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဇူလိုင် ၁၉ ရက်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်တောင်းမြစ် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဒိုက်ဦး-ညောင်ခါးရှည် ဗျူဟာလမ်းဘေးဝဲယာနှင့် ကောလိယ-နဂါးပေါက် ဆက်သွယ်မြောင်း၊ ခမုံမြစ်ကျိုးဖြတ်မြောင်း၊ ကျိုက်ထော်-ပလိုင်းဖြတ်မြောင်းတို့မှ ရေထုတ်နုတ်နိုင်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
    ယင်းနောက် ဝေါမြို့နယ် ပဲခူး-စစ်တောင်းတူးမြောင်းတွင် တည်ဆောက်ထားသော အကျယ်ပေ ၃၀၊ အမြင့် ၂၂ ပေရှိ မြစ်ကျိုးရေတံခါးကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ပဲခူး-စစ်တောင်းတူးမြောင်း တာကျိုးပေါက်မှုမရှိစေရေးနှင့် ရေလွှမ်းရေမြုပ်မှုများ လျော့ကျသွားပါက သီးနှံများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး၊ အရန်မျိုးစပါး စုဆောင်းထားရှိရေး၊ ပျိုးထောင် စိုက်ပျိုးနိုင်ရေးနှင့် ပြန်လည်စိုက်ပျိုးရန် မြေနေရာများ ကြိုတင်တွက်ချက်ခြင်းကို ဒေသခံတောင်သူ များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
    ဆက်လက်၍ ပဲခူး၊ သနပ်ပင်နှင့် ကဝမြို့နယ်များကို ပြွန်တန်ဆာ-ဒိုက်ဦးလွင်ပြင်မှ စီးဆင်းလာသည့် ချောင်းနှင့် ကွင်းရေများ၏ ရေဘေးအန္တရာယ်နှင့် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကို ကာကွယ်ထားသည့် ပုကိုင်တာကို ကာကွယ်ထိန်းသိမ်းထားရှိမှု၊ ရေကင်းများတာဝန်ချထားမှု၊ အရေးပေါ်ပစ္စည်းများ ကြိုတင်စုဆောင်းမှု၊ စက်ယန္တရားများ အလွယ်တကူရွှေ့ပြောင်းနိုင်ရေး စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာတမံတောင့်တင်းခိုင်မာရေးအတွက် ဆောင်ရွက်ရန် လိုအပ်မည့် လုပ်ငန်းများနှင့် မိုးရာသီကာလပြီးဆုံးပါက ပဲခူးရိုးမအရှေ့ဘက်ခြမ်းရှိ ဘိုင်းဒါးနှင့် ကောလိယတမံများမှ ပိုလျှံရေများကို ပုကိုင်တာရေသွင်းတံခါးမှတစ်ဆင့် ပဲခူး-စစ်တောင်း တူးမြောင်းအတွင်းသို့ စိုက်ပျိုးရေပေးသွင်းရန် ကိစ္စရပ်များ၊ ပုကိုင်တာ ရေရှည်ကြံ့ခိုင်ရေးနှင့် တာတမံများ ကြံ့ခိုင်ရေးအတွက် လိုအပ်ပါက သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနများနှင့် ရပ်ကွက်ကျေးရွာများမှ အစုအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
    ပုကိုင်တာသည် အလျား ၁၇/၄ မိုင်ရှည်လျားပြီး တာထိပ်အမြင့် ပျမ်းမျှ ၁၂ ပေနှင့် ထိပ်မျက်နှာပြင် အကျယ် ပျမ်းမျှ  ၁၀ ပေရှိကာ စစ်တောင်းမြစ်ရေနှင့် ပြွန်တန်ဆာလွင်ပြင်မှ စီးဝင်မြင့်တက်လာသည့်ရေများကို ကာကွယ်ဧရိယာအတွင်း ဝင်ရောက်ခြင်းမရှိစေရန် ကာရံတည်ဆောက်ထားခြင်းဖြစ်ပါသည်။