ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ပဲခူးတိုင်းဒေသကြီးအတွင်း ရေလွှဲပေါက်များနှင့် ရေတံခါးများ ကြည့်ရှုစစ်ဆေး
  • Thu, 8 August 2024

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ပဲခူးတိုင်းဒေသကြီးအတွင်း ရေလွှဲပေါက်များနှင့် ရေတံခါးများ ကြည့်ရှုစစ်ဆေး


        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့်  ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ပဲခူး-စစ်တောင်း တူးမြောင်းရှိ ရေလွှဲပေါက်များ မှ ရေထုတ်မှု နှင့် ပဲခူး-စစ်တောင်းတူးမြောင်း၏ အဓိက ရေလွှဲပေါက်ဖြစ်သော တာမိုင် (၆/၂) ရှိ ပုဂံညောင်ပင် ရေလွှဲပေါက် ရေလွှဲထုတ်မှုတို့ကို ဩဂုတ် ၅ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
        အလားတူ ပဲခူး-စစ်တောင်းတူးမြောင်း တာမိုင်(၁/၄)တွင် တည်ဆောက်ထားသော အကျယ် ၅ ဒသမ ၅ ပေရေထွက်ပေါက် ၃၄ ပေါက်ရှိ ကျိုက်ပဒိုင်ရေလွှဲပေါက်ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ နွေစပါးကို နှစ်သီးစိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ကျိုက်ပဒိုင်ကွင်းဒေသ၌ ပထမနွေစပါး စောစောစိုက်နိုင်ရေး အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန တာဝန်ရှိသူများက ရေတံခါးများကို ထိန်းညှိ၍ ရေထုတ်နုတ်ခြင်းအား အချိန်ကိုက် ဆောင်ရွက် နိုင်ရေး၊ ပထမနွေစပါး မရိတ်သိမ်းမီ ကြိုတင်ပျိုးထောင်၍ ဒုတိယနွေစပါး ပျိုးသက်ရရှိရေး ချိန်ဆ စိုက်ပျိုးကြရန် တောင်သူများကို အကြံပြုဆွေးနွေးမှာကြားသည်။
        ကျိုက်ပဒိုက်ရေလွှဲပေါက် လွှဲထုတ်ရေများသည် အောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ပဲခူးမြစ် အရှေ့ဘက်ကမ်းပေါ်တွင် တည်ဆောက်ထားသော အကျယ်ခြောက်ပေ ရေတံခါး ၃၇ ပေါက် ရှိသော ပိုင်ကျုံရေထိန်းတံခါးမှတစ်ဆင့် ပဲခူးမြစ်အတွင်းသို့ တိုက်ရိုက် ရေထုတ်လွှတ်လျက်ရှိသည်။
        ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် သီးနှံများ ထိခိုက်ပျက်စီးမှု သက်သာစေရေးနှင့် ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျခြင်း မဖြစ်ပေါ်စေရေး ကွင်းဆင်းဆောင်ရွက်စဉ် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ပဲခူးမြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးနစ်မြုပ်လျက်ရှိသော စိုက်ပျိုးမြေများ အမြန်ပြန်လည် ပေါ်လာစေရေး၊ ပဲခူး-စစ်တောင်း တူးမြောင်းအဆုံးရှိ တာဝရေတံခါး (Tawa Lock Gate) မှ တူးမြောင်းရေများ လျှော့ချခြင်းကို ဂရုပြုစီမံဆောင်ရွက်ရန်နှင့် လိုအပ်သော ကူညီပံ့ပိုးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးမှာကြားခဲ့ပါသည်။