ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများအတွင်း ရေဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကမ်းပြိုကမ်းစားခြင်းကြောင့် တာတမံများ ရေတိုက်စားခြင်းကို ကာကွယ်ထိန်းသိမ်းဆောင်ရွက်ရန်များ ဆွေးနွေး
  • Sun, 11 August 2024

ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများအတွင်း ရေဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကမ်းပြိုကမ်းစားခြင်းကြောင့် တာတမံများ ရေတိုက်စားခြင်းကို ကာကွယ်ထိန်းသိမ်းဆောင်ရွက်ရန်များ ဆွေးနွေး


    နေပြည်တော်။        ဩဂုတ်လ ၁၀ ရက်
    ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁နာရီခွဲ အချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် Video Conferencing ဖြင့်ပြုလုပ်သည့် ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများအတွင်း ရေဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကမ်းပြိုကမ်းစားခြင်းကြောင့် တာတမံများရေတိုက်စားခြင်း ကို ကာကွယ်ထိန်းသိမ်းဆောင်ရွက်ရန်များ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မ တီဥက္ကဋ္ဌ ဦးဗစ်တာ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၏ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။
    ဆွေးနွေးပွဲတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခုနှစ် ဇူလိုင်လဆန်းမှစ၍ ဧရာဝတီ မြစ်ရေမြင့်တက်ခြင်း၊ ဒေသတွင်း နေရာအနှံ့ မိုးများစွာ ရွာသွန်းခဲ့ခြင်းကြောင့် မြို့များ၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိခဲ့ပြီး ရေကြီးရေလျှံမှု များ ဖြစ်ပေါ်ခဲ့ခြင်း၊ ရေဘေးကာကွယ်ရေးတာများတွင် ရေကင်းများချထားမှုနှင့် အရေးပေါ် ထိန်းသိမ်း ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ခြင်း၊ တာတမံများကျိုးပေါက်မှုမဖြစ်ပေါ်စေရန် ဆောင်ရွက်ခဲ့သည့် အခြေအနေများ နှင့် လာမည့် မိုးလယ်၊ မိုးနှောင်းနှင့် မိုးလွန်ကာလများတွင် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
    ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးက ဟင်္သာတမြို့နယ်၊ အိပ်ပျက် ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ရွာအနီး ဖြစ်ပေါ်နေသည့် ကမ်းပြိုကမ်းစားမှုဖြစ်စဉ်များ၊ ရေဘေးကာ ကွယ်ရေးအတွက် ဖြတ်တာများ နှစ်အလိုက် ပြောင်းလဲဆောင်ရွက်ခဲ့ရမှုများ၊ ကမ်းပြိုကမ်းစားမှု လျော့နည်းသက်သာစေရေး ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ယခုနှစ် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများအပေါ် အရေးပေါ်ဆောင်ရွက်ခဲ့ရသော လုပ်ငန်းများနှင့် ပြန်လည်ပြင်ဆင် ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
    ဆက်လက်၍ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဦးဗစ်တာက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ရေဘေးကာကွယ်ရေးတာများ တည်ဆောက်ခဲ့မှုများနှင့် မှတ်တမ်းများ၊ လက်ရှိဆောင်ရွက်မှု အခြေ အနေများ၊ ရေဘေးကာကွယ်ရေးတာများ မြှင့်တင် ခြင်း၏ အကျိုးဆက်များ၊ ရေဘေးကာကွယ်ရေးတာများ ရေရှည်တည့်တံ့ရေးအတွက် ဆောင်ရွက် သင့်သည့် လုပ်ငန်းများကို အကြံပြုရှင်းလင်းဆွေးနွေးသည်။
    အဆိုပါ ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးကာကွယ်ရေးတာတမံများ ကြံ့ခိုင်ရေးနှင့် ရေကြီးရေလျှံမှုလျှော့ချနိုင်ရန်အတွက် အရေးပေါ် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ ပြန်လည် ပြင်ဆင်ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၊ တာတမံများအပြင် ရေလှောင်တမံများ ဘေးကင်းလုံခြုံ မှုရှိစေရေး (Dam Safety) စီမံဆောင်ရွက်သွားရန်များ၊ ဟင်္သတာမြို့နယ်၊ အိပ် ပျက် ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီး ရေဘေးကာကွယ်ရေးတာတမံများ၊ ဧရာဝတီမြစ်ကြောင်း ပြောင်းလဲစီးဆင်းမှုကြောင့် မြစ်ကမ်းပါး ရေတိုက်စားမှုအား လျှော့ချနိုင်ရေးအတွက် ဆက်စပ် သည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်မှုအနည်းဆုံးဖြင့် ရေရှည် အကျိုးရှိစေနိုင်ရေး ဆောင်ရွက်သင့်သည့် နည်းလမ်းနှင့် လုပ်ငန်းများ၊ ပွင့်လင်းရာသီတွင် တာတမံများ တောင့်တင်းခိုင်မာအောင် ပြင်ဆင်ဆောင်ရွက်ရန် လို အပ်သော လုပ်ငန်းများကို ဆွေးနွေးမှာကြားခဲ့ပါသည်။
    ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြစ်ကမ်းပါးရေတိုက်စားမှု ကြောင့် ရေဘေးကာကွယ်ရေးတာတမံများ ပျက်စီးကျိုးပေါက်၍ မြို့ရွာများနှင့် စိုက်ပျိုးမြေများ ရေကြီးရေလျှံမှု အန္တရာယ်မဖြစ်စေရန် နှစ်စဉ် မိုးရာသီမတိုင်မီ လိုအပ်သော ဖြတ်တာများ၊ ပန်းတာများကို အချိန်မီ တည်ဆောက်ခြင်း၊ တည်ဆောက်ပြီး တာတမံများ ကြံ့ခိုင်မှုရှိစေမည့် လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသကဲ့သို့ ဧရာဝတီမြစ်ကမ်းပါး ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းများကိုလည်း ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်လျက်ရှိပါသည်။