ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ရေကျော်ကျမှုရှိ၍အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံ စိုက်ထူအသိပေး
  • Mon, 29 July 2024

ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ရေကျော်ကျမှုရှိ၍အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံ စိုက်ထူအသိပေး


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေ အတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသတွင် မိုးရွာသွန်းမှု ကြောင့် ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီက တမံရေပြည့်မှတ်ဖြစ်သည့် ပေ ၃၄၀ အထက် သုည ဒသမ ၁ ပေ ရေပိုလွှဲမှစတင်ရေကျော်ကျလာသဖြင့် တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် သတ်မှတ်ကာ အစိမ်းရောင်အလံများ စိုက်ထူ၍ အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ထားရှိပါသည်။

ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများရှိခဲ့ရာ ယနေ့ နံနက် ၆ နာရီ တိုင်းထွာရာတွင် တမံရေပြည့်မှတ် ဖြစ်သည့် ပေ ၃၄၀ အထက် ၂ ဒသမ ၆ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိပြီး ထိုသို့ တမံရေပိုလွှဲ မှ ရေကျော်ကျသော်လည်း တမံအောက်ဘက်ရှိ ကျေးရွာနေပြည်သူများအတွက် စိုးရိမ်စရာ အခြေအနေမရှိပါ။ တမံ၊ ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိပြီး သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး စီမံချက်အရ အရေးပေါ်အခြေအနေသတ်မှတ်၍ တမံ အတွင်း မိုးရေဝင်ရောက်မှုအခြေအနေအား ပြည်သူများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် အစိမ်းရောင်အလံစိုက်ထူ၍ အသိပေးနှိုးဆော်ထားရှိခြင်းဖြစ်ပါသည်။ တမံအား တာဝန်ခံဦးစီးအရာ ရှိ ဦးထွန်းလွင်နှင့် ဦးစိုးတင့်တို့က အနီးကပ်ကြီးကြပ်၍ ဝန်ထမ်းများက ရေကင်းတာဝန် များကို ၂၄ နာရီ စောင့်ကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုနှင့်ပတ်သက်၍ ပြည်သူများ အား ကြိုတင်အသိပေး နှိုးဆော်ခြင်းကို အပိုင်း သုံးပိုင်းခွဲ၍ ရေပိုလွှဲမှ ရေစတင်ကျော်မှုအား အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံ သတ်မှတ်ထားရှိပါသည်။ရေပိုလွှဲမှ ရေကျော်ကျမှု ဆက်လက်မြင့်တက်လာပြီး မူလဒီဇိုင်းပြု သတ်မှတ်ထားသည့် Maximum High Flood Level သို့ ရောက်ရှိကာ တမံအောက်ဘက်ဒေသများ ရေကြီးမှုဖြစ်ပေါ်နိုင်ခြင်းကို အရေးပေါ် အခြေအနေအဆင့်(၂)အဖြစ် အဝါရောင်အလံ သတ်မှတ်ထားရှိပါသည်။ ရေပိုလွှဲမှ ရေကျော်စီးထွက် နေမှုမှာ Maximum High Flood Level ထက်ကျော်လွန်ပြီး ရေပိုလွှဲအဆောက်အအုံ ကျိုးပေါက် ပျက်စီးစေနိုင်သည့် အခြေအနေဖြစ်ပေါ်နိုင်ခြင်းကို အရေးပေါ်အခြေအနေ အဆင့်(၃)အဖြစ် အနီရောင်အလံ သတ်မှတ်ထားရှိပါသည်။ ပြည်သူများ သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေး အတွက် တမံအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေ ရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။