မအူပင်မြို့၌ ထူးပေါက်၍ မြေကျွံကျမှုအား ကြည့်ရှုစစ်ဆေး
  • Mon, 29 July 2024

မအူပင်မြို့၌ ထူးပေါက်၍ မြေကျွံကျမှုအား ကြည့်ရှုစစ်ဆေး


ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာ ရေထိန်းတံခါးဘေး၌ ထူးပေါက်၍ မြေကျွံကျမှုဖြစ်ပွားရာ ဆောင်ရွက်ထားရှိမှုများအား ယနေ့မွန်းလွဲ ၃ နာရီက ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေးသည်။

မအူပင်မြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာ၊ မအူပင်ကျွန်းတာ မြောက်ပိုင်း မိုင်အမှတ် ၄၃/၀ နှင့် ၄၄/၀ ကြားရှိ ညောင်ပင်ဝိုင်း ရေထိန်းတံခါးဘေးတွင် ဇူလိုင် ၂၅ ရက် ည ၁၀ နာရီက ထူးပေါက်၍ မြေကျွံကျမှုဖြစ်ပွားခဲ့ပါသည်။ သို့ဖြစ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ဆည်မြောင်းဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထိုက်တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးခင်မြင့်တို့ ဦးဆောင်၍ ဆည်မြောင်း ဦးစီးဌာန ဝန်ထမ်းများ၊ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မြေအိတ်၊ သဲအိတ်ဖို့ခြင်းဆောင်ရွက်ထားရှိမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ လိုအပ်သည်များအား မှာကြားပြီး ဒေသခံပြည်သူများနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။