မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ရေစတင်ကျော် အစိမ်းရောင်အလံလွှင့်ထူ၍ အသိပေးနှိုးဆော်ထား
  • Sat, 27 July 2024

မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ရေစတင်ကျော် အစိမ်းရောင်အလံလွှင့်ထူ၍ အသိပေးနှိုးဆော်ထား


                        မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၊ မန်းချောင်းရေလှောင်တမံ၌ ယနေ့နံနက် ၁၀ နာရီ တိုင်းတာချက်အရ တမံအမြင့် ပေ ၆၄၀၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေရှိရာမှ ၆၂၅ ဒသမ ၉ ပေသို့ ရောက်ရှိပြီး   ပင်မရေပိုလွှဲမှ ၀ ဒသမ ၉ ပေအမြင့်အဖြစ် စတင်ရေကျော်လျက်ရှိ၍ အရေးပေါ် အခြေအနေကြိုတင်စီမံခန့်ခွဲမှု စီမံချက်အရ ပြည်သူများ သိရှိနိုင်ရန် တမံ ပင်မရေပိုလွှဲတွင် လည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း အစိမ်းရောင်အလံလွှင့်ထူထား ရှိပါသည်။


                    ယခုလက်ရှိတွင် မန်းချောင်းရေလှောင်တမံအတွင်း ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲ မှ ရေကျော်ကျမှုများ ရှိနေ၍ မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိနိုင်ရန် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအဆင့်(၁)အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင် နေရာများတွင်လည်းကောင်း၊ မန်းချောင်းတမံဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း အစိမ်းရောင်အလံလွှင့်ထူထားပြီး တမံအခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေ ရှိ၊ မရှိ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်သွားမည်ဖြစ်ပါသည်။

                   ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ၌  ဇူလိုင်လစတုတ္ထပတ်အတွင်း မိုးရေချိန် ၀ ဒသမ ၉၀ လက်မ ရွာသွန်းခဲ့သည့်အတွက် ဆည်အတွင်း တောင်ကျချောင်းရေနှင့် မိုးရေများ အဆက်မပြတ် ဝင်ရောက်မှုတို့ကြောင့် ရေပိုလွှဲမှ ရေကျော်ကျခြင်းဖြစ်ပါသည်။ တမံ၊ ရေထုတ်ပြွန် နှင့် ဆက်စပ်အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်မှုရှိပြီး ၂၄ နာရီ ရေကင်းတာဝန် ချထား၍ အနီးကပ်ကြီးကြပ်လျက်ရှိပါသည်။