ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရှိ မိုးစပါးဧက ၄၅၀၀၀ ကျော်အား ဆည်တမံများမှ စိုက်ပျိုးရေမပြတ်ပို့လွှတ်
  • Mon, 15 July 2024

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရှိ မိုးစပါးဧက ၄၅၀၀၀ ကျော်အား ဆည်တမံများမှ စိုက်ပျိုးရေမပြတ်ပို့လွှတ်


     ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ဆန်စပါးကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးရာသီ၌ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရှိ မိုးစပါးစိုက်ခင်းများ လျာ ထားချက် ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရဦ ထိုသို့ဆောင်ရွက်ရာ၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ဧက ၄၅၀၀၀ ကျော်အား စိုက်ပျိုးရေမပြတ် ပို့လွှတ်ပေးလျက်ရှိပါသည်။   

    ပဲခူးတိုင်းဒေသကြီးတွင် ရာသီအလိုက် စိုက်ပျိုးရေပေးဝေနိုင်ရန်နှင့် အကျိုးပြုရေ အသုံးပြုနိုင်ရန် ပဲခူးခရိုင်၌ ဆည်တမံ ရှစ်ခု၊ ညောင်လေးပင်ခရိုင်၌ ငါးခု၊ တောင်ငူခရိုင်၌ ရှစ်ခု၊ နတ်တလင်း ခရိုင်၌ သုံးခု၊ သာယာဝတီခရိုင်၌ ရှစ်ခုနှင့် ပြည်ခရိုင်တွင် ခုနစ်ခုတို့ဖြင့် ဆည်တမံ ၃၉ ခုရှိပြီး ရေလွှဲဆည် ၁၃ ခုနှင့် ရေတံခါး ၁၄ ခုတို့ဖြင့် စုစုပေါင်းဆည်တမံ၊ ရေလွှဲဆည်နှင့် ရေတံခါး ၆၆ခုရှိရာ စိုက်ပျိုးရေပေးဝေခြင်း၊ မိုးရာသီတွင် ရေသိုလှောင်ခြင်း၊ ဆည်တမံကြံ့ခိုင်ရေး ကြပ်မတ် ဆောင်ရွက်ခြင်းနှင့် ရေဘေးကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

            အဓိကတာဝန်
    “ ကျွန်တော်တို့ဌာနရဲ့ အဓိကတာဝန်က စိုက်ပျိုးရေသိုလှောင်မယ်၊ ပေးဝေမယ်၊ ရေဘေးကာကွယ်ရေး ဆောင်ရွက်မယ်၊ ပြီးတော့ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်တာတို့ဖြစ်ပါတယ်။ စိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းအောင် ဆည်ရေပေးဝေမှုအပြင် ရေစီးရေလာရှိတဲ့ချောင်းတွေကို ချောင်းပိတ်မြောင်းပိတ်ပြုလုပ်ပြီး စိုက်ပျိုးရေပေးဝေတာ၊ မိုးရာသီဆိုရင် ရေသိုလှောင်ပြီးတော့ ထိန်းညှိတဲ့ လုပ်ငန်းကိုလည်း လုပ်ဆောင်ရပါတယ်။ ပြည်ခရိုင်ဟာ မိုးခေါင်တာကြောင့် ပျိုးထောင်ဖို့ရေကအစ လိုအပ်တဲ့စိုက်ပျိုးရေကို ဖြည့်ဆည်းဆောင်ရွက်ပေးရပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ နိုင် ငံတော်ရဲ့ လမ်းညွှန်မှုကို အပြည့်အဝ အကောင်အထည်ဖော်ရာမှု စိုက်ပျိုးရေဟာ အဓိက ကဏ္ဍ ဖြစ်တာကြောင့် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် တောင်သူတွေလိုအပ်တဲ့ စိုက်ပျိုးရေကို ပေးဝေနိုင်မှု ဟာ စိုက်ပျိုးတောင်သူတွေရဲ့ လူမှုစီးပွားဘဝကို အထောက်အကူဖြစ်စေတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါ တယ် ” ဟု ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန ညွှန် ကြားရေးမှူး (မြို့ပြ) ဦးကိုကိုဦးမှ မြန်မာ့အလင်းသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
    ယခုမိုးရာသီ၌ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ မိုးစပါးစိုက်ခင်း ၄၅၀၀၀ ကျော်အား ဇွန်လ တတိယပတ်မှစ၍ ဆည်တမံများမှ စိုက်ပျိုးရေ ပို့လွှတ်ပေးလျက်ရှိရာ ဒီဇင်ဘာလအထိ စိုက်ခင်းများ ရေမပြတ်ရရှိနိုင်ရန် စီမံဆောင်ရွက်ပို့လွှတ်လျက်ရှိပါသည်။