ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ရေဘေးကာကွယ်ရေးတာများ (ဆောင်းပါး)
  • Wed, 24 July 2024

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ရေဘေးကာကွယ်ရေးတာများ (ဆောင်းပါး)


    ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဟူသော ဆိုရိုးကဲ့သို့ပင် မုတ်သုံမိုးညို့ညို့နှင့်အတူ မြန်မာ့မြစ်ချောင်းအင်းအိုင်ရေပြင်တို့သည် ပြည့်လျှံဖွေးဖြူလျက်ရှိကြ၏။ မိုးရာသီသည် သစ်ပင်သီးနှံ များ၊ကောက်စိုက်တေးသံများဖြင့် သာယာသောကာလဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ရေလွှမ်းမိုးမှု ဘေးအန္တရာယ်သည် ဤကာလ၏ အလေးထားရမည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်လျက်ရှိနေပါသည်။ ဇူလိုင်လအစတွင် မြစ်ဖျားပိုင်းမှ အစပြုခဲ့သော ဧရာဝတီမြစ်ရေကြီးမှုသည် ယခုအခါတွင်မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်းများသို့ တဖြည်းဖြည်း ပျံ့နှံ့ရောက်ရှိလာလျက် ရှိနေပါသည်။

ရေ၏အကျိုးစီးပွားသည် မကုန်နိုင်များပြားသကဲ့သို့ နူးညံ့ပျော့ပြောင်းသည်ထင်ရသော ရေ၏ အဖျက်စွမ်းအားသည်လည်း လွန်စွာကြီးမားပါသည်။တွေ့ရှိမှုများအရ အလွန်လျင်မြန်စွာ စီးဆင်း လာသော ရေအနက် (၆) လက်မခန့်သည် လူတစ်ဉီးအား လဲကျမျောပါသွားစေနိုင်သကဲ့သို့ ထိုရေအနက်(၂)ပေခန့်သည် ကားတစ်စီးအား မျောပါသွားစေနိုင်ပါသည်။ ရေကြီးမှုဖြစ်ပွားပါက လူ တိရစာ္ဆန်နှင့်အဆောက်အအုံများပျက်စီခြင်း၊ သီးနှံရိက္ခာများပျက်စီးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ အခြေခံစားသောက်ကုန်များ ဈေးတက်ခြင်း၊ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ကူးစက် ရောဂါများ ဖြစ်ပွားခြင်း စသည်ဖြင့် ဆိုးကျိုးများစွာတွေ့ကြုံရပါသည်။

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ်၏ အချက်အလက်များအရ ကမ္ဘာအနှံ့ ရေကြီး ရေလျှံမှုဖြစ်စဉ်များသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်အတွင်း နှစ်ဆခန့် ပိုမိုများပြားလာကြောင်း သိရှိရသည်။ရေကြီးရေလျှံမှုများသည် ရာသီဉတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ချို့ယွင်းလာမှု၊ မြစ်ချောင်းများတိမ်ကောလာမှု စသည့် အကြောင်းတရားများစွာကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန်လာလျက်ရှိသည်။ ထို့ကြောင့် ရေဘေးအန္တရာယ်ကာကွယ်ခြင်း လုပ်ငန်းများနှင့် ရေဘေး အန္တရာယ်ဆိုင်ရာ အသိပညာများမျှဝေခြင်းတို့သည် များစွာအရေးကြီးလာပါသည်။

ဆည်မြောင်းလုပ်ငန်းများနှင့် ရေဘေးအန္တရာယ်ကာကွယ်ရေး

မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အရ လူဉီးရေထူထပ်သော မြို့ပြအများစုသည် အဓိက မြစ်ကြီး (၄) စင်း၏ မြစ်ချောင်းကမ်းဘေး မြေနိမ့်လွင်ပြင်ဒေသများတွင် တည်ရှိကြခြင်းဖြစ်သည်။ ဧရာဝတီမြစ်သည်လည်း ရေစီးဆင်းမှု ကြီးမားမြန်ဆန်ခြင်း၏ ပထဝီဝင်ဝိသေသများ ဖြစ်ကြသော မြောက်ဘက်ရေခဲတောင်များ၊တောင်ဘက်ဘင်္ဂလားပင်လယ်အော်မုန်တိုင်းများ၊ကြီးမားကျယ်ပြန့်၍ ရေစီးမြန်သောမြင့်မားသည့် ရိုးမတောင်တန်းများအား ပိုင်ဆိုင်ထားလျက် မြန်မာနိုင်ငံမြောက်ဖျားမှ တောင်ဘက်ပင်လယ်ဝအထိ ခက်ဖြာစီးဆင်းနေခြင်းဖြစ်ပါသည်။ ဧရာဝတီမြစ်၏ စုစုပေါင်း ရေဆင်းဧရိယာသည် (၁၅၆၀၀၀) စတုရန်းမိုင် ရှိ၍ မြန်မာတစ်နိုင်လုံး၏ ၆၁% ခန့်ရှိသည်ဖြစ်ရာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြီးနစ်မြုပ်မှုဖြစ်စဉ်များသည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့အပေါ် များစွာ ဆိုးကျိုးသက်ရောက်မှုရှိပါသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ရေလှောင်တမံ (၂၄၆) ခု၊ ရေလွှဲဆည် (၁၄၄) ခု၊ ရေကန် (၇၂) ခု၊ ရေတံခါး (၁၉၉) ခု၊ မြစ်ရေတင်လုပ်ငန်း (၂၁၉) ခု၊ စုစုပေါင်း ရေအားအဆောက်အအုံ (၈၈၀) ခု အား စနစ်တကျ ထိန်းသိမ်းစီမံကာ စိုက်ပျိုးမြေဧရိယာ ဧက(၃၁)သိန်းကျော်အား စိုက်ပျိုးရေပေးဝေခြင်းနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင်မြစ်ရေကြီးခြင်းမှ ကာကွယ်ရန် ရေဘေးကာကွယ်ရေးတာများ တည်ဆောက်ခြင်း၊ ချောင်းရိုးမြောင်းရိုးနှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ရေလှောင်တမံတွင် ရေထိန်း၍ ထိန်းညှိရေလွှတ်ခြင်းများဖြင့်လည်း ရေဘေးအန္တရာယ် လျော့ပါးရန် ဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ရေဘေးကာကွယ်ရေးတာ နှင့် ရေငန်တားတာ (၂၃၁)ခု၊ စုစုပေါင်း အလျား (၂၅၉၄) မိုင်ဖြင့် မြေဧရိယာ ဧက (၂.၇၄)သန်း ကျော်အား ရေကြီးနစ်မြုပ်မှု နှင့် ရေငန် ဝင်ရောက်ခြင်းမှ ကာကွယ်ပေးလျက်ရှိပါသည်။ မြစ်ကမ်းမြို့ရွာအသီးသီးတွင်လည်း ရေဘေး ကာကွယ်ရေးတာများ တည်ဆောက်ထားလျက်ရှိသည့်အနက် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့တွင် ပို၍များပြားစွာ တွေ့ရှိရပါသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ရေဘေးကာကွယ်ရေးတာများ

ဧရာဝတီမြစ်ဝကျွန်းပေါ်ဆိုသည်မှာ မြန်အောင်မြို့အထက်ဘက် ၁၅မိုင်ခန့်အကွာ ဆိပ်သာမြို့မှအစပြု၍ ပင်လယ်ဝအထိ ဧရာဝတီမြစ်အောက်ပိုင်းအား ခေါ်ဆိုခြင်းဖြစ်ပါသည်။ ဧရာဝတီမြစ်၏ အထက်ပိုင်းနှင့်အလယ်ပိုင်းသည် အရှေ့ဘက်နှင့်အနောက်ဘက်ကမ်း နှစ်ဖက်စလုံး ရှိ မြင့်မားသောတောင်တန်းများအကြားမှ ကန့်သတ်လွင်ပြင်တွင်စီးဆင်းရ၍ အောက်ပိုင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင်မူ အထူးညီညာပြန့်ပြူးသော လွင်ပြင်တစ်လျှောက် မြစ်ခွဲများအဖြစ် ခက်ဖြာ စီးဆင်းပါသည်။မြစ်ဝှမ်းတစ်ခုလုံးမှ တိုက်စားလာသော အနည်အနှစ်များ ပို့ချရာ မြေနုလွင်ပြင် ဖြစ်သောကြောင့် မြေဆီမြေနှစ်ကောင်းမွန်၍ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ထွန်းကာ လူနေထိုင်မှု ထူထပ်များပြားသောဒေသဖြစ်ပါသည်။ သို့ရာတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်သည် ဧရာဝတီမြစ် ရေဆင်းဧရိယာအားလုံးမှ ရေများ၏ထွက်ပေါက်ဖြစ်ခြင်း၊ အလွန်ညီညာပြန့်ပြူးခြင်း၊ မြေနုလွင်ပြင် ဖြစ်၍ရေတိုက်စားလွယ်ခြင်း၊ မြစ်ကြောင်းပြောင်းခြင်း၊ အရှေ့တောင်အာရှမြစ်ဝကျွန်းပေါ်များအနက် မိုးအများဆုံးမြစ်ဝကျွန်းပေါ်ဖြစ်ခြင်း၊ ပင်လယ်ဒီရေအတက်အကျနှင့် မုန်တိုင်းများ တွေ့ကြုံရသော ဒေသဖြစ်ခြင်းတို့ကြောင့် ရေဘေးအန္တရာယ်အား အခြားဒေသများထက် ပိုမိုတွေ့ကြုံခံစားရလေ့ ရှိပါသည်။

ထို့ကြောင့် မြို့ရွာများနှင့် လယ်ယာမြေများအား ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် အတွက် ရေဘေးကာကွယ်ရေးတာများအား ရှေးယခင်ခေတ်များမှပင် တောင်သူလယ်သမားများမှ ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့ကြပါသည်။၁၈၆၂ခုနှစ် ဗြိတိသျှအစိုးရလက်ထက်မှစ၍ စနစ်တကျ ရေဘေးကာကွယ်ရေးတာများ စတင်တည်ဆောက်လာခဲ့ပြီး ကြံခင်းမြို့အ‌နောက်ဘက်ကမ်းတာ၊ မြန်အောင်တာ၊ငဝန်တာ၊တဘူးချောင်းဝတာ၊ဟင်္သာတတာစသည်ဖြင့်ရေဘေးကာကွယ်ရေးတာများ တည်ဆောက်ခဲ့ပါသည်။ယခုအခါတွင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတာ၊ ဧရာဝတီဟင်္သာတဘက် ကမ်းတာ၊ ညောင်တုန်းကျွန်းတာ၊ မအူပင်ကျွန်းတာ၊ တာဝ-ပါလှဲ့ ကုက္ကိုဝတာ၊ သုံးခွကျွန်းတာ၊ ရွှေလောင်းကျွန်းတာ၊ လပွတ္တာကျွန်းတာ၊ ကြက်ဖမွေးဇောင်းကျွတ်ပတ်တာများစသည်ဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ရေဘေးကာကွယ် ရေးတာများသည် ရေဘေးကာကွယ်ရေးအတွက် များစွာအကျိုးပြု လျက်ရှိပါသည်။

ရေဘေးကာကွယ်ရေးတာများ တည်ဆောက်ရာတွင် ရေကြီးမှတ်တမ်းနှင့် တွက်ချက်မှုများ အရ ဒီဇိုင်းရေကြီးမှတ်(Design Flood Level) အထက်တွင် ရေလွတ်အမြင့် (Free Board) ပေါင်းထည့်၍ တာထိပ်အမြင့် A.C.L (Authorised Crest Level) အား သတ်မှတ်ပါသည်။ အောက်ခံနှင့် ဖို့မြေ ၂မျိုးစလုံး၏ မြေသားသိပ်သည်းမှု၊ လုံလောက်သော တာဖြတ်ပိုင်း အကျယ်ရှိမှု၊ တာဘောင်ဘေးနှစ်ဖက်လျှောစောက်များ တည်ငြိမ်ခိုင်မြဲမှုတို့သည်လည်း ရေဘေးကာကွယ်ရေး တာများခိုင်ခံ့မှုအတွက် လွန်စွာအရေးကြီးပါသည်။ မြစ်ကြောင်းပြောင်းလဲမှုကြောင့် ရေဉီးထိုးခြင်းမှ ကာကွယ်နိုင်ရန်လည်း စနစ်တကျတွက်ချက်၍ တာအူကြောင်းနေရာ သတ်မှတ်ရန်လိုအပ်ပါသည်။

ရေဘေးကာကွယ်ရေးတာများ ထိန်းသိမ်းခြင်း

တာတမံနိမ့်ကျမှုကြောင့်ရေကျော်ခြင်း၊ သဲဗွက်ထခြင်း၊ တာအိခြင်း၊ ရေပေါက်(ထူးပေါက်) ပေါက်ခြင်း စသည်တို့သည် ရေဘေးကာကွယ်ရေးတာများ ပျက်စီးရခြင်း၏ အ‌ကြောင်းရင်းများ ဖြစ်ကြပါသည်။ရေဘေးကာကွယ်ရေးတာများအားဌာနမှသတ်မှတ်ပြဌာန်းထားသည့်တာတမံဉပဒေ၊တာတမံပြုပြင်ထိန်းသိမ်းခြင်းလုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ကြပါသည်။

မိုးရာသီတွင် တာအလျားအလိုက် တည်နေရာအပေါ်မူတည်၍ ရေကင်းတဲများ တည်ဆောက် ထားရှိပြီး ရေကင်းလှည့်ဇယားကို စနစ်တကျရေးဆွဲ၍ ရေကင်းလှည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြပါသည်။ ရေကင်းအရာရှိများသည် ရေကင်းစခန်းတွင်ရှိနေပြီး အချိန်နှင့်တစ်ပြေးညီ တာတမံ၏ အခြေအနေအား စောင့်ကြည့်စစ်ဆေး သတင်းပို့ကြပါသည်။ ရေမှတ်စခန်းများရှိ ရေမှတ်တိုင်များ၏ ရေအမှတ်တိုင်းတာဖတ်ရှုခြင်းနှင့် မှတ်တမ်းစာအုပ်တွင် ရေးသားခြင်း၊ ရေမှတ်တိုင်များ ခိုင်ခံ့မှုရှိ မရှိနှင့် ရေမှတ်တိုင်ရှိ ရေမှတ်ကိန်းဂဏန်းများ တိကျ မှန်ကန်မှု ရှိ မရှိ စစ်ဆေးခြင်း၊ ပုံမှန်အခြေအနေတွင် နေ့စဉ်နံနက်  (၆) နာရီ၊ နေ့လည် (၁၂) နာရီနှင့် ညနေ(၆)နာရီ တစ်နေ့လျှင်(၃)ကြိမ်ရေမှတ်များ မှတ်သားခြင်း၊ သတ်မှတ်ထားသည့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိပါက (၂၄)နာရီ နာရီစဉ်ရေမှတ်ဖတ်ခြင်းများအား ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများပူးပေါင်း ပါဝင်သည့် ရေကင်းစောင့်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ရေကြီးရေလျှံမှု အရေးပေါ် အခြေအနေများတွင် တုံ့ပြန်ကာကွယ်ဆောင်ရွက်မှုများ အဆင်သင့်ဖြစ်စေရန်အတွက်လည်း မိုးရာသီတွင် ဒေသစိတ်များအလိုက် ရေကင်းစခန်းများတွင် အရေးပေါ် တည်ဆောက်ရေးပစ္စည်းများ ကြိုတင်စုဆောင်းထားခြင်း၊ တည်ဆောက်ရေးယာဉ် စက်ယန္တရားများ၊ အလုပ်သမားများ ကြိုတင် ပြင်ဆင်ထားခြင်း၊ အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက တာတမံတစ်လျှောက် ဒေသစိတ်အလိုက် အနီးရှိကျေးရွာများမှ ရရှိနိုင်မည့် အရေးပေါ်ပစ္စည်းများ၊ သယ်ပို့ယာဉ်၊ ရေယာဉ်နှင့် လူအင်အား စာရင်းတို့ကိုလည်း ကြိုတင်ပြင်ဆင်ဆက်သွယ်ထားခြင်း ၊ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားပါက ကယ်ဆယ်ရေးလမ်းကြောင်းနှင့် ကယ်ဆယ်ရေးစခန်းများ အရေးပေါ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများအား ပူးပေါင်းကူညီခြင်း၊ ရေလှောင်တမံနှင့် ရေဘေးကာကွယ်ရေး တာများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအမံ (Emergency Preparedness Plan, EPP) ပြင်ဆင်ထားခြင်း၊ အများပြည်သူများသို့လည်းသတင်းစာ၊ ဌာန Website စာမျက်နှာများမှ တစ်ဆင့် အသိပေးမျှဝေခြင်းတို့အား ဆောင်ရွက်ထားရှိပါသည်။

တာတမံနိမ့်သောနေရာများတွင် ကန်သင်းဆင့်ခြင်း၊ သဲအိတ်ချခြင်း၊ တာအိတာလျောသော နေရာများတွင် တုတ်တန်းရိုက် သဲအိတ်ချကာကွယ်ခြင်း၊ သဲဗွက်ထခြင်းနှင့်ရေပေါက်(ထူးပေါက်) ပေါက်သောနေရာများတွင် အရေးပေါ်ရေခွေ ခွေခြင်းတို့အား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင်ရေဘေးကာကွယ်ရေးအတွက် ဒေသခံပြည်သူများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့် မြို့နယ်အလိုက် သရုပ်ပြပွဲ ဟောပြောပွဲများအား ကျင်းပ၍ ရေဘေးကာကွယ်ရေးနည်းလမ်းများ ပညာပေးမျှဝေခြင်း၊ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအမံ (Emergency Preparedness Plan, EPP)အားရှင်းလင်းတင်ပြခြင်း၊ ရေဘေးကာကွယ်ရေး နည်းလမ်းများ လက်တွေ့သရုပ်ပြခြင်းများအား ဆောင်ရွက်လျက်ရှိပါသည်။

 အရေးပေါ်အခြေအနေ အဆင့်အတန်းသတ်မှတ်ခြင်း

အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအမံ (Emergency Preparedness Plan, EPP) အရ ရေဘေးကာကွယ်ရေးတာတမံများ၏ ထူးခြားသောအခြေအနေများအား ဒေသခံပြည်သူများသို့ အသိပေးကြေညာရာတွင်အရေးပေါ်အခြေအနေ အဆင့် (၃) ဆင့်ဖြင့် ပိုင်းခြား သတ်မှတ်ထားပါသည်။

(က) အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု (အဆင့် - ၁) သတ်မှတ်ခြင်း

မြစ်ရေမှတ်သည် တာတမံတစ်ခုချင်းအလိုက် သတ်မှတ်ထားသော စိုးရိမ်ရေမှတ်သို့ ရောက်ရှိခြင်း၊ တာတမံကိုယ်ထည်၏ အောက်ဘက် (Downstream) ပိုင်းမှရေစိမ့်ထွက်ခြင်း နှင့် ရေပေါက်(ထူးပေါက်)များဖြစ်ပေါ်ခြင်း၊ သဲပွက်များဖြစ်ပေါ်လာခြင်း၊ တာတမံကိုယ်ထည်တွင် ရေစိမ့်ထွက်မှုမရှိသေးသည့် အက်ကြောင်းများဖြစ်ပေါ်လာခြင်း၊ တာတမံထိပ်မျက်နှာပြင်နိမ့်ကျခြင်း၊ တာတမံဘေးလျှောစောက်များလျှောကျခြင်း၊ တာတမံ၏  အနီးပတ်ဝန်းကျင်ဧရိယာအတွင်းတွင် ငလျင်လှုပ်ခတ်ခြင်း၊ တာတမံ၏ကြံ့ခိုင်မှုအား စိုးရိမ်ဖွယ်မရှိသည့် အဖျက်အမှောင့်လုပ်ငန်းတစ်ခုခု ဖြစ်ပေါ်ခြင်း (ဉပမာ-ဗုံးဖောက်ခွဲခြင်း)။

တာတမံ၏စိုးရိမ်ရေမှတ်သို့ရောက်ရှိခြင်း၊ မရောက်ရှိသေးသော်လည်း တာတမံတွင် ထူးခြားသည့် အခြေအနေများများဖြစ်ပေါ်ပါက အရေးပေါ်အခြေအနေ အဆင့်-၁ အဖြစ် သတ်မှတ်၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှတစ်ဆင့် ပြည်သူလူထုအား ဆက်သွယ်အသိပေးပြီး အများပြည်သူမြင်သာသောနေရာများ နှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် အစိမ်းရောင်အလံအား လွှင့်ထူထားမည် ဖြစ်ပါသည်။ 

(ခ) အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု (အဆင့် - ၂) သတ်မှတ်ခြင်း

မြစ်ရေမှတ်သည်တာတမံ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်ကျော်လွန် မြင့်တက်လာပြီး လက်ရှိ တာထိပ်(Existing Crest Level – ECL) သို့ ရောက်ရှိရန် (၁) ပေခန့်သာလိုပြီး ဆက်လက်မြင့် တက်လာမည့်အခြေအနေရှိခြင်း၊အရေးပေါ်အခြေအနေ အဆင့်-၁တွင် ဖော်ပြထားသော တာတမံ ကိုယ်ထည်ထိခိုက်မှုများ ပိုမိုပြင်းထန်လာပြီး ရေစိမ့်ထွက်မှုများပြားလာခြင်းနှင့် ရေနောက်များ ထွက်လာခြင်း။

ဤအခြေအနေတွင် အရေးပေါ်အခြေအနေ အဆင့်-၂ အဖြစ် သတ်မှတ်၍ ပြည်သူလူထုအား ဆက်သွယ်အသိပေးပြီး အများပြည်သူမြင်သာသောနေရာများနှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် အဝါရောင်အလံအား လွှင့်ထူထားမည်ဖြစ်ပါသည်။ အသံချဲ့စက်များဖြင့်လည်း လှည့်လည်ကြေညာမည်ဖြစ်ပါသည်။

(ဂ) အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု (အဆင့် - ၃) သတ်မှတ်ခြင်း

မြစ်ရေမှတ်သည် ဆက်လက်မြင့်တက်လာပြီး တာတမံကိုယ်ထည်ပေါ် ရေကျော်၍ တာတမံကျိုးပေါက်နိုင်မည့် အခြေအနေရှိခြင်း၊ တမံကိုယ်ထည်အောက်ဘက်ပိုင်း ရေစိမ့်မှုသည် ထိန်းချုပ်မရသည်အထိပိုမိုများပြားလာခြင်း၊ အရေးပေါ်အခြေအနေအဆင့်-၂တွင် ဖော်ပြထားသော တာတမံကိုယ်ထည်ထိခိုက်မှုများ ပိုမိုပြင်းထန်လာပြီး ရေစိမ့်ထွက်မှု လွန်စွာများပြားလာခြင်းနှင့် တာတမံကျိုးပေါက်နိုင်မည့် အခြေအနေရှိလာခြင်း။

ဤပြင်းထန်သောအခြေအနေတွင် အရေးပေါ်အခြေအနေ အဆင့်-၃ အဖြစ် သတ်မှတ်၍ ပြည်သူလူထုအားဆက်သွယ်အသိပေးပြီးအများပြည်သူမြင်သာသောနေရာများနှင့်ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် အနီရောင်အလံအား လွှင့်ထူထားမည်ဖြစ်ပါသည်။ အသံချဲ့စက်များဖြင့် လည်း လှည့်လည်ကြေညာမည်ဖြစ်ပါသည်။

အရေးပေါ်အခြေအနေများအလိုက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှတဆင့် ပြည်သူများအားအချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အသိပေးခြင်းနှင့် ကြိုတင်ရွေးချယ်စီမံထားသော ရေလွတ်ရာကုန်းမြင့်ဒေသများသို့  ရှောင်တိမ်းနေထိုင်ရန် သတိပေးနှိုးဆော်ခြင်းများအား အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

တာတမံကြံ့ခိုင်မှုအတွက် အရေးပေါ်ကာကွယ်ဆောင်ရွက်ရမည့်အစီအမံများ (ဥပမာ - ရေခွေခွေခြင်း၊ မိုးကာစဖုံးအုပ်ခြင်း၊ တမံကိုယ်ထည် ၏ အနောက်ဘက်မှ အရေးပေါ် တုတ်တန်းရိုက်၍ မြေဖို့ခြင်း စသည်ဖြင့် ……) ကို အချိန်နှင့် တစ်ပြေးညီ စီမံဆောင်ရွက်ခြင်း၊ ဆောင်ရွက်မည့်အစီအမံများကို သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊အခြားဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ အရေးပေါ် တုန့်ပြန်ကယ်ဆယ် ရေးလုပ်ငန်းများအတွက် ကြိုတင်ပူးပေါင်းပြင်ဆင်ဆောင်ရွက်ခြင်းများအား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ရာတွင် ဤသို့အရေးပေါ်အခြေအနေအစီအမံများ ဖော်ပြခြင်းသည် ရေကြီးရေလှျံမှု အရေးပေါ်အခြေအနေများတွင် တုံ့ပြန်ဆောင်ရွက်မှုများ အဆင်သင့်ဖြစ်စေရန်နှင့် ဒေသခံပြည်သူ လူထုအားဆက်သွယ်အသိပေးရန် ဌာန၏ကြိုတင်ပြင်ဆင်ထားမှုအား ရှင်းလင်းသိရှိစေရန် မျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။ တာတမံများကျိုးပေါက်ခြင်း ပြင်းထန်သောအခြေအနေများသည် ဖြစ်တန်စွမ်းနည်းပါးသည့် အခြေအနေများဖြစ်၍ ပြည်သူများအနေဖြင့် တာတမံများကျိုးပေါက်ခြင်း နှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှု များစွာမကြီးကြပါရန်လည်း အသိပေးတင်ပြအပ်ပါသည်။ 

ရေဘေးအန္တရာယ်များအား ရင်ဆိုင်ရာတွင် များစွာလျှော့တွက်ခြင်း၊ လွန်စွာကြိုတင်စိုးရိမ် ပူပန်ခြင်းဟူသည့် အစွန်းနှစ်ဖက်ကို ရှောင်၍ သတင်းများစောင့်ကြည့်လေ့လာခြင်း၊ ဘေးအန္တရာယ် သတိပေးချက်များလိုက်နာခြင်း၊ လိုအပ်လာသည့်အချိန်တွင်  အရေးပေါ်ဆေးဝါး အစားအသောက် များပြင်ဆင်ထားခြင်း စသည်ဖြင့် လက်တွေ့ကျသောတုံ့ပြန်ကာကွယ်မှုများဖြင့် ရင်ဆိုင်သင့်ပါသည်။ 

သဘာဝဘေးအန္တရာယ်များအား ရင်ဆိုင်တုံ့ပြန်ရာတွင် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်း များ၏ ကြိုတင်စီမံခန့်ခွဲမှုနှင့် အလျင်အမြန် တုံ့ပြန်ကူညီဆောင်ရွက်နိုင်မှု၊  ပြည်သူလူထု၏ သတင်းအချက်အလက် နားထောင်၍ အချင်းချင်းမျှဝေတတ်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ဗဟုသုတ ပြည့်စုံမှုတို့သည်သာ ပျက်စီးဆုံးရှုံးမှုကို လျှော့ချနိုင်သည့် အရေးကြီးညွှန်းကိန်းများ ဖြစ်ရာ သတိနှင့်ဉာဏ်ပညာယှဉ်သော စိုးရိမ်ရင်ဆိုင်ဆောင်ရွက်မှုများဖြင့် ရေဘေးအန္တရာယ် ထိခိုက်မှုများမှ လျော့ပါးသက်သာကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။