မင်းဘူးခရိုင် မိုးစပါးဧက ၈၀၀၀၀ကျော်အတွက် မဲဇလီရေလွှဲဆည်မှ ပျိုးထောင်ရေများ စတင်ပေးဝေ
  • Mon, 1 July 2024

မင်းဘူးခရိုင် မိုးစပါးဧက ၈၀၀၀၀ကျော်အတွက် မဲဇလီရေလွှဲဆည်မှ ပျိုးထောင်ရေများ စတင်ပေးဝေ


   ဇူလိုင် ၁ ရက်

    မဲဇလီရေလွှဲဆည်သည် မကွေးတိုင်းဒေသကြီး၏ ဆန်အိုးကြီးဟု တင်စားခေါ်ဝေါ်သော မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၌ တည်ရှိပြီး နှစ်ပေါင်း ၁၁၀ကျော် သက်တမ်းရှိကာ တောင်သူ အကျိုးပြု အားကိုးအားထားပြုရသော အဓိကဆည်ကြီးတစ်ခုဖြစ်ပါသည်။ မဲဇလီ ရေလွှဲဆည်မှ ဆည်ရေများကို မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူ မြို့နယ်နှင့် စလင်းမြို့နယ်တို့မှ ဒေသခံ တောင်သူ များအတွက် နွေမိုးဆောင်း သီးနှံစိုက်ပျိုးချိန် ရာသီအလိုက်ဖြန့်ဝေပေးလျက်ရှိပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် စိုက်ပျိုးရေများကို ဇွန်(၂၀)ရက်မှ စတင်ဖြန့်ဝေပေးလျက်ရှိပါ သည်။

    ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မဲဇလီဆည်ရေ သောက် ဧရိယာအတွင်း၌ ဆည်ရေ စနစ်ကျ စီမံခန့်ခွဲတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် နှင့် လယ်လုပ်ငန်းခွင် မစတင်မီ ကြိုတင် ဆောင်ရွက်တတ်စေရန်အတွက်  လက်တံ မြောင်း၊ လယ်ကြားမြောင်းများ တူးဖော်ရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ပေါင်းမြက်ရှင်းလင်း ရေး၊ ရေမြောင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို တောင်သူအသိပညာပေးခြင်း အစီအစဉ် များဖြင့်  သီးနှံစိုက်ပျိုးမှု ရာသီချိန်အလိုက် ကွင်းဆင်းဆောင်ရွက်လျက် ရှိပါသည်။ 

    ထို့ပြင် မဲဇလီဆည်ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများအနေဖြင့်လည်း  ဆည်ရေ အလေအလွင့် ဆုံးရှုံးမှုများပြားသည့် မိရိုးဖလာ (ကွက်ဆင့်သောက်) ရေသွင်းစနစ်အား မကျင့် သုံးဘဲ လယ်ကြားမြောင်းများ တူးဖော်ဆောင်ရွက်ခြင်းဖြင့် ဆည်ရေကို လိုအပ်သော အချိန် လိုအပ်သော နေရာ၌ စနစ်တကျ ရယူသုံးစွဲနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဆည်ရေ ပေးဝေမှုကို စနစ်တကျ အလှည့်ကျစနစ်ဖြင့်  ဆည်ရေရယူရန် လယ်ကြား မြောင်းများအား ကျေးရွာအလိုက် ရေအသုံးချသူများအဖွဲ့ (WUG)များ ဖွဲ့စည်းပြီး သက်ဆိုင်ရာ ဌာန၊ တောင်သူ အကျိုးဆောင် အဖွဲ့အစည်းများ ပူးပေါင်း၍ အကောင်အထည်ဖော်မည်ဆိုပါက စိုက်ပျိုးရေကို ထိရောက် အကျိုးရှိစွာ ရယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။ 

    ယခုအခါ မိုးစပါးများ စိုက်ပျိုးရန် ပျိုးထောင်ရေများ စတင်ပေးဝေနေပြီဖြစ်ကာ၂၀၂၄ -၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါးဧကပေါင်း ၈၀၀၀၀ ကျော်အတွက် စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေသွားမည်ဖြစ်ပါသည်။