ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းက မိုးသီးနှံစိုက်ပျိုးရေများ စတင်ပေးဝေ
  • Sun, 23 June 2024

ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းက မိုးသီးနှံစိုက်ပျိုးရေများ စတင်ပေးဝေ


    မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း စိုက်ပျိုး ဧရိယာအတွင်းရှိ မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက် စပါးပျိုးထောင်ရေနှင့် မြေပြင်ဆောင်ရွက် နိုင်ရေးအတွက် စိုက်ပျိုးရေများကို ပေးလွှတ်လျက်ရှိပါသည်။
    ၂၀၂၄ ခုနှစ် မိုးသီးနှံအတွက် ဆိပ်ဖြူအောက်ဆိပ်မြစ်ရေတင်စီမံကိန်းတွင် မိုးစပါး ၅၅၅ ဧက၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ အစရှိသော အခြားသီးနှံ ၉၄၅ ဧက စုစုပေါင်း ဧက ၁၅၀၀ စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိပါ သည်။ မြစ်ရေတင် စိုက်ပျိုးဧရိယာအတွင်းရှိ ဒေသခံတောင်သူများ၏ မိုးသီးနှံများစိုက်ပျိုးချိန်အမီ မိုးစပါးပျိုးထောင်ရေနှင့် စိုက်ပျိုးမြေပြင်လုပ်ငန်းများအတွက် စိုက်ပျိုးရေကို ဇွန် ၁၅ ရက်မှ စတင်၍ပေးဝေလျက်ရှိပါသည်။     မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် သီးနှံအထွက်တိုး မျိုးကောင်း မျိုးသန့်များ ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးနည်းစနစ်၊ သွင်းအား စုနှင့် သီးနှံများတွင် ကျ ရောက်တတ်သော ပိုးမွှားအန္တရာယ်အကြောင်း အသိပညာပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
    အောက်ဆိပ်မြစ်ရေတင်စီမံကိန်း၏ မိုးသီးနှံစိုက်ဧက ၁၅၀၀ အတွက် ဧရာဝတီမြစ်မှ ရေကို ရေတင်စက် သုံးခုဖြင့် ရေတင်ကာ ပင်မမြောင်းနှင့် လက်တံမြောင်း ၁၀ တို့မှတစ်ဆင့် စိုက်ပျိုးရေ ပြည့်ဝစွာရရှိရေးအတွက် ဆောင်ရွက် လျက်ရှိပါသည်။