ဆည်ရေပံ့ပိုး ဆီထွက်တိုးစေမည်(ဆောင်းပါး)
  • Fri, 7 June 2024

ဆည်ရေပံ့ပိုး ဆီထွက်တိုးစေမည်(ဆောင်းပါး)


    ကျော်ကျော်

    နေပြည်တော် ဇွန် ၇

    သန်စွမ်းစိမ်းစိုနေသည့် နွေနှမ်းစိုက်ခင်းများသည် တစ်မျှော်တစ်ခေါ် ရှုမဆုံး တော့သည်။ စိုက်ပျိုးရန် မြေပြင်ခြင်း၊ မျိုးစေ့ချခြင်းတို့အပြင် စိုက်ပျိုးနည်းစနစ် အဆင့်ဆင့် တို့ကို စနစ်တကျလုပ်ဆောင်ခဲ့ပြီး ၄၅ရက်သားခန့်ရရှိ နေချိန်တွင် ယခုကဲ့သို့ တွေ့မြင်ရခြင်း ဖြစ်သည်။
    စိုက်ပျိုးရေးတွင် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် စိုက်ပျိုးရေကို ချောင်းပိတ် ဆည်များမှ ရရှိသည့် မိုးစပါးအပြင် နွေစပါး၊ ပဲတီစိမ်း၊ နွေနှမ်း၊ဆောင်းသီးနှံ မတ်ပဲ၊ ကုလားပဲ၊ နေကြာအစရှိသည့် သီးနှံများကို သီးထပ်သီးညှပ် များဖြင့်  နှစ်သီးစားမှ သုံးသီးစား အထိ တိုးမြှင့်စိုက်ပျိုးလာနိုင်ခဲ့သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်(၂၀၂၃-၂၀၂၄) ခုနှစ်၌ ယာယီချောင်းပိတ်ဆည် ၁၁ခု တည်ဆောက်နိုင်ခဲ့ပြီး နွေသီးနှံရာသီအတွက် အကျိုးပြု ဧက ၁၂၃၈ ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိသည်။
ယာယီရေထိန်းဆည်များ တည်ဆောက်
    အရှေ့ရိုးမနှင့် အလယ်ရိုးမအကြား၌ တည်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပေါင်းလောင်း(စစ်တောင်းမြစ်)၊ ငလိုက်ချောင်း၊ ဆင်သေချောင်း အပါ အဝင် ချောင်း၊ မြောင်းများနှင့် ရေလှောင်တမံ၊ ဆည်နှင့် ကန်စု စုပေါင်း ၃၂ခု တည်ရှိနေသည်။ ဆင်သေချောင်း၊ နဝင်းချောင်း၊ မဒန်းချောင်း၊ ပုလွေးချောင်းများသည် တစ်နှစ်ပတ်လုံး ရေစီးဆင်းလျက်ရှိသဖြင့် တစ်ပိုင်တစ်နိုင် ယာယီရေထိန်းဆည်များ တည်ဆောက်ပြီး လျှပ်စစ်ရေတင်၊ ဆိုလာ ရေတင်များဖြင့် နွေသီးနှံစိုက်ပျိုးနိုင်ရေး ရေပေးဝေလျက်ရှိသည်။
    “အရင်က အဝီစိတွင်းကနေ စက်သုံးဆီနဲ့ရေတင်ပြီး တစ်ပိုင်တစ်နိုင် နှစ်ဧက လောက်စိုက်ပါတယ်။ စက်သုံးဆီဈေးကြီးတဲ့အတွက် ကိုယ်ပိုင်စက်တွေနဲ့ ရေတင်ပြီး နွေသီးနှံစိုက်ပျိုးနိုင်ဖို့က တောင်သူတွေအတွက် အိမ်မက် တစ် ခုဖြစ်လာတယ်။ မိုးမျှော်ပြီး စိုက်ပျိုးရတာဆိုတော့ နွေကာလ မိုးမရရင်ဘာမှမစိုက်နိုင်ဘူး။ အခုလို ယာယီချောင်း ပိတ်ဆည်တွေ ပြုလုပ်ပေးတဲ့အတွက် ကျွန်တေ်တို့အဖို့ စက်သုံးဆီဖိုးငွေကုန်ကျမှု မရှိတော့ဘူး။ အခုတော့ နွေအ ခါမှာ ချောင်းပိတ်တမံတွေကနေ လိုအပ်တဲ့အချိန် လိုသလောက် စိုက်ပျိုးရေရပြီဆိုတော့ အတော်အားကိုးရသွားပြီ။ စိုက်ချင်သလောက်စိုက် လို့ရပြီ။”ဟု ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ ကျေးရွာမှ တောင်သူတစ်ဦးကပြောသည်။
    ကမ္ဘာနှင့် တစ်ဝန်းပြောင်းလဲလာသည့် ရာသီဉတုဖြစ်စဉ်များကြောင့် မိုးရွာ သွန်းမှု လျော့နည်းလာပြီး စိုက်ပျိုးရေလုံလောက်စွာ ရရှိနိုင်ရေးမှာ တောင်သူတို့အတွက် စိန်ခေါ်မှုအသွင်ဖြင့် ရင်ဆိုင်နေကြရသဖြင့် နိုင်ငံတော်က စိုက်ပျိုးရေရရှိရေးကို နည်းလမ်း မျိုးစုံဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။
    နေပြည်တော်ကောင်စီနယ်မြေသည် စတုရန်းမိုင်(၂၇၂၄)မိုင်ရှိပြီး စိုက်ပျိုးမြေ ဧရိယာဧက စုစုပေါင်း (၃၂၀၀၀၀)ကျော်ရှိသည်။ မြေဆီမြေနှစ် ကောင်းမွန်သဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခြေအနေ ကောင်းများရှိပြီး နိုင်ငံတော်၏ အုပ်ချုပ် ရေးမြို့တော်ဖြစ်သည်နှင့်အညီ Clean City, Green City, Smart City ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
    “နေပြည်တော်ကို Green City, Clean City, Smart City ဖြစ်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားတာရှိပါတယ်။ မိုးရာသီကာလမှာ ဆည်ရေ မိုးရေတွေနဲ့ စိုက်ပျိုးရေလုံလောက်ပေမဲ့ နွေကာလမှာ သီးထပ်တွေ စိုက်ပျိုးဖို့ ခက် ခဲပါတယ်။ ဒါကြောင့် သီးထပ်စိုက်နိုင်အောင် မိုးတွင်းမှာ စီးလာတဲ့ ချောင်းရေတွေကို ဆုံးရှုံးမသွားအောင် ယာယီချောင်းပိတ်ဆည်တွေ၊ လျှိုပိတ်တမံတွေ တည်ဆောက်ပြီး ရေသိုလှောင်ထားဖို့ ဆောင်ရွက်ပါတယ်။ သဲချောင်းတွေ မှာဆိုရင် သဲထဲမှာရှိတဲ့ရေတွေကို မြေအောက်တမံတွေနဲ့ ပိတ်ပြီး အပေါ်တက်လာတဲ့ရေကို ထုတ်လို့ရအောင် ယာယီရေတားတမံတွေတည်ဆောက်ပြီး ရေပေးဝေနိုင်ရေးကို နည်းလမ်းအမျိုးမျိုးနဲ့ဆောင်ရွက်နေပါတယ်။ နေပြည် တော်ဒေသ တစ်ခုလုံး စိမ်းလန်းစိုပြည်သာယာဖို့အတွက် စိုက်ပျိုးရေလုံလောက်အောင် ဘက်ပေါင်းစုံ ရှုတောင့်ပေါင်းစုံကနေ ရေအရင်းအမြစ်အသစ်တွေကို ကြိုးပမ်းရှာဖွေဆောင်ရွက်လျက်ရှိ ပါတယ်”ဟု နေပြည်တော် ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးကပြောသည်။
နွေသီးနှံစိုက်ပျိုးရန် စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းများဆောင်ရွက်
    မိုးရာသီအကုန်တွင် ချောင်းများ၊ မြောင်းများမှ တစ်ဆင့် ပင်လယ်သမုဒ္ဒရာ အထိ စီးဆင်းသွားမည့်ရေများကို အလဟဿမဖြစ်စေရေးအတွက် ချောင်းများ၊ မြောင်းများ ပေါ်တွင် မိုးရေများကို သဲအိတ်များ၊မျော၊ ဝါးကပ်၊ မိုးကာ စသည်တို့ဖြင့် ယာယီချောင်းပိတ် ဆည်များ ပြုလုပ်၍ နွေရာသီတွင် နွေသီးနှံ စိုက်ပျိုးရန် စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိသည်။
    နေပြည်တော်နယ်မြေအတွင်းရှိ စိုက်ပျိုးမြေများကို တစ်နှစ်ပတ်လုံး သီးနှံများ စိုက်ပျိုးပြီး စိမ်းလန်းစိုပြည်ကာ Green City ဖြစ်စေရေးနှင့် တစ်နှစ်လျှင် သုံးသီး စိုက်ပျိုးကာ သီးထပ်စွမ်းအား တိုးတက်မြင့်မားရေးအတွက် အဓိ ကလိုအပ်သည့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
    ထိုသို့ဆောင်ရွက်လျက်ရှိရာ လက်ရှိရေအရင်းအမြစ်သယံဇာတများကို သက်ဆိုင်ရာ ဆက်စပ်ဌာနများ၊ ရေအသုံးချသူအဖွဲ့ (WUG) တောင်သူများနှင့် ပူးပေါင်း၍ အလေအလွင့်မရှိ စနစ်တကျချွေတာအသုံးပြုလျက်ရှိသလို ထပ် မံရရှိနိုင်သော ရေအရင်း အမြစ်အသစ်များကို စူးစမ်းလေ့လာ၍ ဖော်ထုတ်အသုံးချနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် စီမံ ဆောင်ရွက်လျက်ရှိသည်။
    “စိုက်ပျိုးရေ လုံလောက်စေဖို့ ရှားစေးဖိုလျှပ်စစ်ရေတင်က ရေဆင်း ဆည်ရေ သောက်ဧရိယာ၊ သာစည်ကျေးရွာအနီး ရုံးပင်ချောင်း ယာယီရေထိန်းဆည်က မဒန်း ရေသောက်ဧရိယာနှင့် ဒိုးနွယ်ကျေးရွာအနီး ပုလွေးချောင်း ယာ ယီရေထိန်းဆည်က ဆင်အုံကန်ကို ရေကူပြီး ချောင်းမငယ်ရေသောက်ဧရိယာကို ရေကူပေးဝေလျက်ရှိပါတယ်။” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
စိုက်ပျိုးစရိတ်ကုန်ကျမှု လျော့နည်းသက်သာ
    ယာယီချောင်းပိတ်ဆည်များ တည်ဆောက်လိုက်သည့်အတွက် ယခင်က ရေထိပ်အမြင့်သည် ၁၅ပေခန့်ရှိခဲ့ရာမှ ယခုအခါ ရေထိပ်အမြင့် ငါးပေအထိရရှိလာခဲ့သည်။ ထိုသို့ ချောင်းပိတ်ဆည်များမှ ရေများကို ဆိုလာစနစ်၊ လျှပ် စစ်ရေတင်စနစ်များဖြင့် ရေစုပ်ယူ ဖြန့်ဝေပေးလျက်ရှိသဖြင့် စိုက်ပျိုးစရိတ်ကုန်ကျမှု လျော့နည်းသက်သာလာခဲ့သည်။
    “အခုဆောင်ရွက်ပေးနေတဲ့ ချောင်းပိတ်ဆည်တွေက ကုန်ကျစရိတ်နည်းနည်းနဲ့ အကျိုးအမြတ်များတဲ့ Quick Win လုပ်ငန်းတွေဖြစ်ပါတယ်။ ဆောင်ရွက်ပေးခဲ့တဲ့နေရာ တွေက အရင်က မိုးစပါးတစ်သီးတောင် ရာသီဉတု ဖောက်ပြန်ရင် စပါးအရနည်းတဲ့ နေရာ တွေပါ။ အခုလို ချောင်းပိတ်ဆည်တွေ ဆောင်ရွက်ပေးလိုက်တဲ့အတွက် မိုးစပါး အောင်ရေ၊ ဆောင်းသီးနှံအောင်ရေ၊ နွေသီးနှံ စိုက်ပျိုးရေသာမက ပင်ဖြစ်ရေ၊ အောင်ရေတွေပါ ရေပေးဝေ နိုင် တာကြောင့် တောင်သူတွေအနေနဲ့ အကျိုးအမြတ်အများအပြားရရှိနေပါတယ် ” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ဆီထွက်သီးနှံများ တိုးမြှင့် စိုက်ပျိုး
    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း စားသုံးဆီ ဖူလုံရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးမြှင့်ရေးအစီအမံများ ချမှတ်ပြီး ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ) ဇုန်အလိုက် စိုက်ပျိုး မည့်စီမံချက်ကို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်လျက်ရှိရာ ချောင်းပိတ်ဆည်များမှ ဆည်ရေရယူကာ နွေကာလတွင် ဆီထွက်သီးနှံများကို တိုးမြှင့် စိုက်ပျိုးနိုင်ခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုလာတော့မည်ဖြစ်သည်။
    “နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုဖြစ်တဲ့ ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် နွေစပါးစိုက်ပျိုးတဲ့အပြင်ဘက် ဆည်ရေသောက်ဧရိယာတွေမှ နွေသီးနှံဖြစ်တဲ့ နွေနှမ်းတိုးချဲ့စိုက်ပျိုးဖို့ တောင်သူတွေကို တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်။ ယခုနွေသီးနှံ မှာ နွေနှမ်းကို အဓိကထား စိုက်ပျိုးလာတဲ့အတွက် နိုင်ငံတော်ရဲ့ စားသုံးဆီဖူလုံမှုကို အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်”ဟု ၎င်းက ရပါသည်။ဆက်ပြောကြားသည်။
    ထို့ပြင် စိုက်ပျိုးရေးသာမက သောက်ရေသုံးရေပါ အသုံးပြုနိုင်သည့်အပြင် ရေရှိသည့်အတွက် သစ်ပင်များ အောင်မြင်ဖြစ်ထွန်းကာ ရပ်ရွာဒေသစိမ်းလန်းစိုပြည်လာပြီး သစ်ပင်သစ်တောများကြောင့် ရာသီဉတုဖောက်ပြန်မှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင် လာမည်ဖြစ်ပါသည်။
    နွေရာသီရေရှားပါးမှုကို လျော့ပါးသက်သာစေပြီး ရေကိုလိုအပ်သည့်အချိန် လိုသလိုရယူနိုင်သည့်အတွက် တောင်သူများအနေဖြင့်လည်း နှစ်သီးမှ သုံးသီးအထိ တိုးတက် စိုက်ပျိုးနိုင်လာကာ ဝင်ငွေတိုးတက်ရရှိ လာမည်ဖြစ် သည်။
    ထို့ပြင် ဒေသအတွင်းထွက်ရှိသည့် သီးနှံများကို Dry Food များ၊ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ ရောင်းချခြင်း ဖြင့် ဒေသခံတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ စွာကို ဖော်ဆောင်ပေး နိုင်တော့မည် ဖြစ်သည်။
    ထို့ကြောင့် ချောင်းပိတ်ဆည်များ တည်ဆောက်နိုင်ခြင်းအပါအဝင် ရေအရင်း အမြစ်အသစ်များ ဖော်ထုတ်အသုံးပြုခြင်းသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးကို အထောက်အကူဖြစ်စေမည့်အပြင် တစ် ဦးချင်း ဝင်ငွေမှသည် တိုင်းပြည် ဝင်ငွေများ တိုးတက်ရရှိလာကာ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။