ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး တပ်ဆင်နေမှု ကြည့်ရှုစစ်ဆေး
  • Thu, 20 June 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး တပ်ဆင်နေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော် ဇွန် ၁၉        
   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် စက်စက်ယို ဆည်ရေသောက် ဧရိယာ၌ ပုဂ္ဂလိက မျိုးစေ့ထုတ်ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည့် ဝါနှင့် နှမ်းသီးနှံမျိုးစေ့ထုတ် စိုက်ကွင်း၏ ဖြစ်ထွန်းအောင်မြင်နေမှုနှင့် မျိုးစေ့သန့်စင်ထုပ်ပိုးခြင်းလုပ် ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မျိုးစေ့ထုတ်လုပ်ငန်းမှ ရင်းနှီး မြှပ်နှံမှုနှင့် ထိုက်တန်သည့် ပုဂ္ဂလိက အကျိုးအမြတ်ရရှိရေးနှင့် တောင်သူ့ အကျိုးဖြစ်ထွန်းစေရေးအတွက် မျှတစွာ စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရီမြို့နယ်ရှိ ပေါင်းလောင်း ရေလှောင်တမံရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက စီမံကိန်းအဆင့်လိုက် ဆောင်ရွက်နေမှု နှင့် လုပ်ငန်းပြီးစီးမှု၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးမြောက်စေရန် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ တမံနှင့်ရေပိုလွှဲကို စောင့်ကြည့်ထိန်းချုပ်ခြင်းကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ တိုက်ရိုက် ဆောင်ရွက်နိုင်ရန်နှင့် တမံတွင် အလှည့်ကျ တာဝန်ချထားဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြပါသည်။
    တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်ဝစွာ ဆောင်ရွက်ပြီးစီး ရေး၊ တမံအတွင်း ရေသိုလှောင်မှုနှင့် ရေအားလျှပ်စစ် ထုတ်ယူခြင်းလုပ်ငန်း အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး HED တပ်ဆင် သည့် အင်ဂျင်နီယာ ပညာရှင် အဖွဲ့အတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၏ ညှိနှိုင်း အဆိုပြုချက်အရ နှစ်စဉ် ရေအားလျှပ်စစ် ယူနစ် (၉၁၁)သန်း ထုတ်လုပ်လျက်ရှိပြီး ပေါင်းလောင်း တမံ၏ ရေပိုလွှဲတွင် အလျား ၁၄ ဒသမ ၅ မီတာ၊ ၁ ဒသမ ၅ မီတာ အမြင့် ဟိုက်ဒရောလစ်ရေမြှင့် ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ပြီး မူလကန်ရေပြည့် ရေလှောင်ပမာဏ ၅ ဒသမ၄၉ သိန်း ဧကပေမှ သိန်းဧကပေ ၅ ဒသမ ၇၀အထိ ရေ လှောင် ပမာဏ ဧကပေ ၂၁၀၀၀ ခန့် ပိုမို သိုလှောင်၍ နှစ်စဉ် ယူနစ် ရှစ်သန်း ပိုမိုထုတ်လုပ်ကာ စုစုပေါင်းရေအားလျှပ်စစ်ယူနစ် ၉၁၉ သန်း ထုတ်လုပ်နိုင်ရေးအတွက် ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ် တွင် စီမံကိန်း လုပ်ငန်းပြီးစီးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျည်တောင်ကန် ကျေးရွာအုပ်စုတွင် မိုးစပါး စိုက်ပျိုးနေကြသည့် တောင်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဆည်ရေသောက်ဧရိယာ ပြင်ပရှိ စိုက်ပျိုးမြေများတွင် ဆောင်းသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြေအောက်ရေကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ထုတ်ယူ အသုံးပြုနိုင်ရေးအတွက် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေး ပြောကြား ခဲ့ပါသည်။