ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် စွန်ရဲအင်းဒေသ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နို့စားနွားမွေးမြူရေးဇုန်ကို ကြည့်ရှုစစ်ဆေး
  • Tue, 11 June 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် စွန်ရဲအင်းဒေသ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နို့စားနွားမွေးမြူရေးဇုန်ကို ကြည့်ရှုစစ်ဆေး


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စွန်ရဲအင်းဒေသ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နို့စားနွားမွေးမြူရေး ဇုန်ကို ကြည့်ရှုစစ်ဆေးသည်။
ဆွေးနွေးပြောကြား
    ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် မွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်း ရှင်များအတွက် နည်းပညာအပါအဝင် လိုအပ်ချက်များကို ကူညီပံ့ပိုးပေး လျက်ရှိရာ လုပ်ငန်းဆိုင်ရာ သဘောတူညီမှုစည်းကမ်းချက်များနှင့်အညီ ပုဂ္ဂလိကအကျိုးစီးပွားဖြစ်ထွန်း စေရေးနှင့် သတ်မှတ်ကာလအတွင်း စီမံကိန်း လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းစေလိုကြောင်း ဆွေးနွေးပြောကြားပြီး နို့စားနွားမွေးမြူရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် တအုံကျေးရွာအုပ်စု ဆောက်အင်း ကျေးရွာအနီး တည်ဆောက်ပြီးစီးသည့် ဆောက်အင်းလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်၌ ရေသောက်ဧရိယာအတွင်းမှ တောင် သူများဖြင့် ဖွဲ့စည်းထားသော ရေအသုံးချသူများ (WUG)အဖွဲ့ဝင် များအား တွေ့ဆုံပြီး စပါးသီးနှံအခြေခံ၍ တစ်နှစ်သုံးသီး စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးကြကာ မြစ်ရေတင် လုပ် ငန်းများမှ စိုက်ပျိုးရေပေးဝေနေမှုနှင့် တောင်သူများ၏ စိုက်ခင်းများကို ကြည့်ရှုအားပေးသည်။
    ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်ခဲ့သည့် ဆောက်အင်းလျှပ်စစ်မြစ်ရေတင်စီမံကိန်းသည် ပင်မလျှပ်စစ်ဓာတ်အားနှင့် ဆိုလာစွမ်းအင်ကို တွဲဖက် အသုံးပြု၍ ဒုဋ္ဌဝတီမြစ်ရေကို တင် ယူပြီး ကွန်ပျူတက္ကသိုလ်(မန္တလေး)အနီးရှိ တအုံ၊ ဧည့်ပြ၊ တလိုင်း ကန်စိုက်ကွင်းများမှ စိုက်ပျိုးမြေဧက ၁၀၀၀ အား နွေ၊ မိုး၊ ဆောင်း တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ယခုနှစ် နွေသီးနှံစိုက်ပျိုး ရာသီတွင် နွေစပါး၊ နှမ်း၊ နေကြာအပါအဝင် ဧက ၆၅၀ စိုက်ပျိုးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေး
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် ဆည်ရွာကျေးရွာအနီးရှိ မန္တလေး တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် ပုသိမ်ကြီးမြို့နယ် ကြူးဝန်းရှိ အသားတိုး နွား၊ မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့် သရုပ်ပြခြံ၏ လုပ် ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်ခွဲခန်းပညာရပ် များကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းမျှဝေပေးပြီး ဓာတ်ခွဲခန်းပညာရှင် ခါးဆက်မပြတ်စေရေးနှင့် ထူးချွန်သူများ ပေါ်ထွန်းလာရေး အားပေးချီးမြှောက် ရန် လိုအပ်ချက်များ၊ ဘဏ္ဍာနှစ်အလိုက် သတ်မှတ် ထားသောလုပ်ငန်းများ လျာထားချက် ပြည့်မီစွာဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။