ဖြူးချောင်းရေလှောင်တမံ လက်ဝဲတူးမြောင်းမကြီးတူးဖော်ခြင်း စီမံကိန်းပြီးစီးပါက လယ်မြေဧက ၂၉၁၀၀ ကို အကျိုးပြုနိုင်မည်
  • Sun, 19 May 2024

ဖြူးချောင်းရေလှောင်တမံ လက်ဝဲတူးမြောင်းမကြီးတူးဖော်ခြင်း စီမံကိန်းပြီးစီးပါက လယ်မြေဧက ၂၉၁၀၀ ကို အကျိုးပြုနိုင်မည်



    စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင် ကြီးသည် (၁၈-၅-၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၁၁၄) အ နောက်ဘက် ငါးမိုင်အကွာတွင် တည်ရှိသည့် ဖြူးချောင်း ရေလှောင်တမံ၏ လက်ဝဲတူးမြောင်းမကြီးတူးဖော်ခြင်းစီမံကိန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆွေးနွေးမှာကြား
    ဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြူးချောင်း ရေလှောင် တမံ၏ နှစ်အလိုက် ဝင်ရေသိုလှောင်နိုင်မှု၊ ရေအားလျှပ်စစ်ထုတ်လုပ်နေမှုနှင့် စိုက်ပျိုးရေပေးဝေနိုင်မှု၊ လက်ဝဲတူးမြောင်းမကြီး တူး ဖော်ခြင်း စီမံကိန်းဆောင်ရွက်နေမှုနှင့် စီမံကိန်းပြီးစီးပါက စိုက်ပျိုးရေ တိုးတက်ပေးဝေနိုင်မည့် ရေသောက်ဧရိယာအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စိုက်ပျိုးရေရရှိရေးလုပ်ငန်းများနှင့်အတူ စိုက်ပျိုးရေ စီမံခန့်ခွဲရေးနှင့် သီးနှံအလိုက် ရေကို အကျိုးရှိစွာ သုံးစွဲရန် လိုအပ်ချက် နည်းပညာ၊ အသိပညာပေးလုပ်ငန်းများကို တပါတည်း ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားခဲ့ပါသည်။
ဧက ၂၉၁၀၀ ကို အကျိုးပြုနိုင်
    ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းကို အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ် အတွင်း ရှိ လယ်မြေများကို စိုက်ပျိုးရေပေးဝေနိုင်ရေးနှင့် ရေအားလျှပ်စစ်တပ်ဆင် အင်အား ၂၀ မဂ္ဂါဝပ် နှစ်လုံး ဖြင့် နှစ်စဉ်ပျှမ်းမျှ ကီလိုဝပ် နာရီ သန်း ၁၂၀ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ (၂၀၂၄-၂၀၂၅)ခုနှစ်တွင် လျာထားရန်ပုံငွေဖြင့် တူးမြောင်းမြေကြီးလုပ်ငန်း၊ တူးမြောင်းအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ကျောက်ပြားလိုင်နင်စီခြင်း၊ ရေလွှဲဆည် ရေမြှင့်ရေတံခါးရွက်များ ပြောင်းလဲ တပ်ဆင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက လယ်မြေဧက ၈၀၀ ကို စိုက်ပျိုး ရေတိုးတက်ပေးဝေနိုင်မည်ဖြစ်၍ စုစုပေါင်းလယ်မြေဧက ၂၉၁၀၀ ကို အ ကျိုးပြုနိုင်မည်ဖြစ်ပါသည်။
    ယင်းနောက် ဒုတိယဝန်ကြီးသည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၁)က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖြူးချောင်းရေလှောင်တမံ လက်ဝဲတူး မြောင်းမကြီး တူးဖော်ခြင်း စီမံကိန်း လုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ပါသည်။