လူသားတိုင်းဘဝ အေးမြလှပဖို့ ရေကိုအကျိုးရှိရှိ ချွေတာသုံးစွဲကြပါစို့(ဆောင်းပါး)
  • Wed, 8 May 2024

လူသားတိုင်းဘဝ အေးမြလှပဖို့ ရေကိုအကျိုးရှိရှိ ချွေတာသုံးစွဲကြပါစို့(ဆောင်းပါး)



    ကျွန်ုပ်တို့နေထိုင်ရာ ဤမြေကမ္ဘာ၏ စိမ်းမြလတ်ဆတ်မှုအတွက်လည်းကောင်း၊ လူ သတ္တဝါအားလုံးတို့၏ အသက်သွေးကြော ရှင်သန်စီးဆင်းရာအတွက်လည်းကောင်း၊ ရေသည် တုပြိုင်ကင်းသောရင်းမြစ်ဖြစ်ပါသည်။ “ထမင်း အသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက်” ၊ “ရွှေကိုမလို ရေကိုသာလိုသည်” ဟူသော စကားပုံများကဲ့သို့ပင် ရေရရှိမှု မရှိပါက အသက်ခန္ဓာများလည်း တည်မြဲမည်မဟုတ်၊ စည်းစိမ်ဥစ္စာတို့လည်း အရေး ကြီးမည် မဟုတ်၊ ငြိမ်း ချမ်းအေးမြလှပသော လူ့အဖွဲ့အစည်းကိုလည်း တည်ဆောက်နိုင်မည်မဟုတ်ပါ။

    ရေသည် လူသားများ၏ အခြေခံကျသော ရပိုင်ခွင့်ဖြစ်ပါသည်။ ထို့အတူ ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း လူသားအားလုံး၏တာဝန်ဖြစ်ရာ နိုင်ငံတောင်အစိုးရနှင့်အတူ ကျွန်ုပ်တို့ပြည်သူများကလည်း ရေကိုအကျိုးရှိစွာ စီမံခန့်ခွဲချွေတာအသုံးချရေးတွင် ကိုယ်စွမ်း နိုင်သမျှ တက်အားသရွေ့ ပါဝင်ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ ကျွန်ုပ်တို့မြန်မာလူမျိုး အများစုသည် ရေ၏တန်ဖိုးကို သိသော်လည်း မိခင်သဘာဝတရားကပေးသော သယံဇာတ လက်ဆောင်များအရ မြန်မာ့ဒေသအများစုသည် ရေပေါများသောကြောင့် ရေကို စနစ်တကျ စုဆောင်းချွေတာသုံးစွဲရန် အမှုမဲ့အမှတ်မဲ့ဖြစ်တက်ကြသည်မှာ အပြစ်မဆိုသာသော သဘာဝ ဖြစ်ပါသည်။
    သို့ရာတွင် ယခုနှစ်ဖြစ်ပွားသည့် အယ်နီညိုကဲ့သို့သော ရာသီဥတုဖောက်ပြန်မှုများနှင့် ကမ္ဘာကြီး တဖြည်းဖြည်းပူနွေးလာမှု စသည်တို့ကို စနစ်တကျရင်ဆိုင်ရန်အတွက် ကျွန်ုပ်တို့ ပြည်သူတစ်ဦးချင်းစီ၏ ရေစီမံခန့်ခွဲမှု အသိ အမြင်နှင့် ရေကိုစနစ်တကျ အသုံးချတက်မှုတို့ သည် လွန်စွာ အခြေခံကျ အရေးကြီးလာသော အရည်အသွေးတစ်ခုဖြစ်ပါသည်။
    နိုင်ငံတော်အစိုးရ၏ ရေဆိုင်ရာ မဟာဗျူဟာများသည် အဆောက်အအုံကြီးတစ်ခုဖြစ် ပါက ကျွန်ုပ်တို့ပြည်သူတစ်ဦးချင်းစီ၏ ရေစီမံခန့်ခွဲမှုအရည်အသွေးသည် ထိုအဆောက်အအုံ တည်ဆောက်ထားသော အခြေခံအုပ်ချပ် အုတ်မြစ်များ ဖြစ်ကြပါလိမ့်မည်။ ထို့ကြောင့် ရေကို အကျိုးရှိရှိ စီမံခန့်ခွဲ ချွေတာသုံးစွဲခြင်းသည် မိမိတို့၏စိတ်နှလုံးအေးချမ်းမှု၊ ကျန်းမာရေး ကောင်းမွန်မှု ၊ စီးပွားရေးဖွံ့ဖြိုးမှု၊ မိမိဒေသ၏ စိမ်းလန်းစိုပြေအေးချမ်းမှု၊ မိမိနိုင်ငံ၏ စည်ပင် ငြိမ်းချမ်းမှုတို့အတွက် လွန်စွာ အကျိုးရှိမွန်မြတ်သော အလေ့အထ ကောင်းတစ်ခု ဖြစ်ပါ သည်။
    ရေကိုအကျိူးရှိရှိစနစ်ကျစွာ အသုံးပြုရန်အတွက် သိပ္ပံနည်းလမ်းများ၊ အသုံးချသုတေ သနစာတမ်းများ၊ တိုက်တွန်းအကြံပေးချက်များ များစွာရှိသည့်အနက်မှ ကျွန်ုပ်တို့နေ့စဉ်လူ နေမှုဘဝ အလေ့အကျင့်များနှင့် အဆင်ပြေ လိုက်လျော ညီထွေဖြစ်နိုင်မည့် နည်းလမ်း အချို့ကို အောက်ပါအတိုင်း မျှဝေဖော်ပြပေးလိုပါသည်-
(က) မိုးရေတွေကို သိုလှောင်ထိန်းသိမ်းခြင်း
    မြန်မာလူမျိုးတို့သည် ရှေးယခင်ကပင် ရွာသွန်းသော မိုးရေသယံဇာတတို့အား စနစ် တကျ ထိန်းသိမ်းသိုလှောင်အသုံးချတတ်သော အလေ့အထကောင်းများ ပိုင်ဆိုင်ကြပြီးဖြစ်ပါ သည်။  မိုးရွာတုန်းရေခံ ဟူသော စကားပုံ ကဲ့ သို့ပင် ရွာသွန်းသောမိုးရေအား ဆည်မြောင်း တာတမံများဆောက်၍သိုလှောင်ခြင်း၊ ကျေးရွာသုံးရေကန်များ၊ တစ်နိုင်တစ်ပိုင် ရေကန် ရေ စည်များဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်လေ့ရှိကြသည်။ မိုးရေကို အကျိုးရှိစွာ သို လှောင်ခြင်းသည် မြေအောက်ရေကို ချွေတာနိုင်ခြင်း၊ ရေများ ပင်လယ်သို့ အလဟဿစီးဆင်းသွားခြင်းအားကာကွယ်နိုင်ခြင်း၊ သန့်ရှင်းသော သောက်သုံး ရေအဖြစ် အလွယ်တကူသုံးစွဲနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင် သည်။ တစ်နိုင် တစ်ပိုင်သုံး ရေကန်ငယ်များအဖြစ် မြေတူး၍ မိုးကာစများ ခင်းကာထားခြင်းဖြင့် ယာယီ ရေကန်ငယ်များအဖြစ် သိုလှောင်ခြင်းများအားလည်း တွေ့မြင်ရလေ့ရှိသည်။ ထိုအလေ့ အကျင့်များအား ထိန်းသိမ်း၍ ပိုမို ကောင်းမွန်လာစေရန် ကြံတွေးဆောင်ရွက်ကာ နောင်မျိုး ဆက်သစ်များအား မျှဝေလက်ဆင့်ကမ်းပေးသင့်သည်။
(ခ) မြေအောက်ရေကို တက်နိုင်သမျှ ချွေတာသုံးစွဲခြင်း
    လူသားတို့သည် မြေပေါ်ရေ သိုလှောင်ခြင်းနှင့်စာလျှင် ပိုမိုလွယ်ကူသော အချိန်အခါ မရွေးရရှိသော မြေအောက်ရေကို (အထူးသဖြင့်) မြို့ပြများတွင် ပိုမိုသုံးစွဲလာကြသည်။ လွန်ခဲ့ သည့် ၁၀ နှစ်အတွင်း မြေအောက်ရေပမာဏ သည် ကမ္ဘာပေါ်တွင် သိသိသာသာကျဆင်း၍ ရေတွင်းအများစု လျော့နည်းခန်းခြောက်ကာ စာရေးရိက္ခာ သီနှံစိုက်ပျိုးဖြစ်ထွန်းလာမှုများ ပျက်ယွင်းလာသည်။ ထို့ကြောင့် မြေအောက်ရေကို တက်နိုင်သမျှ ချွေတာသင့်ပါသည်။ သို့ ရာတွင် မဖြစ်မနေ သုံးစွဲရန်လိုအပ်သည့် ဒေသနှင့် အခြေအနေတို့တွင်မူ စနစ်တကျနည်းလမ်း များဖြင့် ထုတ်ယူသုံးစွဲရန်လိုအပ်ပါသည်။
(ဂ) အင်းအိုင်ကန်ချောင်းများအား ထိန်းသိမ်းခြင်း
    မြန်မာနိုင်ငံတွင် အင်းတော်ကြီးကန်၊ အင်းလေးကန်တို့မှစ၍ ကျေးရွာသုံး ရေကန် များအထိ အင်းအိုင်ကန်ချောင်းများစွာရှိသည်။ သို့သော်မြို့ပြဖွံ့ဖြိုးလာခြင်းနှင့် နှစ်ကာလ ကြာမြင့်စွာ နုန်းမြေပို့ချလာခြင်းကြောင့် အချို့ကန် များမှာ တဖြည်းဖြည်း တိမ်ကောလာကြ၍ ရေသိုလှောင်နိုင်မှုပမာဏ လျေိာ့နည်းလာကြသည်။ ထို့ကြောင့် နုန်းမြေပို့ချမှုလျော့နည်းရန် ဆောင်ရွက်ခြင်းနှင့် ပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုပါမည်။ မြစ် လက်တက်၊ ချောင်းလက်တက်ငယ်များသည်လည်း ရေစီးဆင်းမှုအတွက် အစပျိူးရာဖြစ်သော ကြောင့် တိမ်ကောပျက်စီးသွားခြင်းမှ ကာကွယ်ရမည်ဖြစ်သည်။ ယခုအခါတွင် ပုဂံရှိ ရှေးဟောင်း ရေကန်များအား ဌာနအဖွဲ့ အစည်း များနှင့် ပြည်သူပူးပေါင်း၍ စနစ်တကျ ပြန်လည်တူးဖော်နေကြောင်း ကြားသိရသည်မှာ စိတ်ချမ်းမြေ့ဖွယ် ဖြစ်ပါသည်။
(ဃ) ကန်ရေများ အလျင်အမြန် မခန်းခြောက်စေရန် ထိန်းသိမ်းခြင်း
    မြန်မာနိုင်ငံအပူပိုင်း ရပ်ဝန်းရှိ ရေကန်အများစုမှာ မိုးရာသီတွင် ရေသိုလှောင်ထား သော်လည်း မြင့်မားသော အပူချိန်ကြောင့် ရေငွေ့ပျံမှုများ၍ လျင်မြန်စွာ ခန်းခြောက် သွားလေ့ရှိပါသည်။ ထိုအခက်အခဲ သက်သာစေရန် အ တွက် ရေကန်ပတ်လည်တွင် အရိပ်ရ ပင်များစိုက်ခြင်း၊ ရေမျက်နှာပြင်ပေါ်တွင် ဝါးတန်းနှင့် ရေပေါ်ပေါ်သည့်ရေပုံး၊ ဗောခွေများ အသုံးပြု၍ အပူခံအစိမ်းစများ အုပ်မိုးခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ရေသိုလှောင်သည့် နေအိမ် သုံး ကျောက်စည်ရေကန်များ အားလည်း အရိပ်ရအေးမြသော နေရာများတွင် ထားရှိ အသုံးပြုသင့်ပါသည်။
(င) ဆည်ရေ စိုက်ပျိုးရေကို စနစ်တကျ သုံးစွဲခြင်း
    တောင်သူနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့်စနစ်ဖြင့် ဆည်ရေပေးမြောင်းများ ထိန်းသိမ်းခြင်း၊ ဆည်ရေကို အကျိုးရှိစွာ ခွဲဝေအသုံးချခြင်းများကို  ပူးပေါင်းဆောင်ရွက်သင့် ပါသည်။ မြောင်းရင်းမှ မြောင်းဖျားအထိ စိုက် ပျိုးမြေအားလုံး လိုအပ်သော ရေရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့်မျှဝေတာဝန်ယူတတ်မှုတို့သည် အလွန်အဓိကကျပါသည်။ သစ်သီး ဝလံစိုက်ခင်းများတွင် ရေအသုံးပြုရမှု သက်သာစေသည့် ရေဖျန်းစနစ်ဖြင့် ရေပေးဝေ ခြင်း (Sprinkler Irrigation System)ကဲ့သို့သော ခေတ်မီနည်းစနစ်သစ်များကိုလည်း စမ်းသပ် အသုံးပြုသင့်ပါသည်။
(စ) သုံးစွဲပြီးရေကို ပြန်လည်အသုံးပြုခြင်း
    ရေအကျိုးရှိစွာ အသုံးပြုခြင်းများတွင် သုံးစွဲပြီးရေကို ပြန်လည်အသုံးပြုခြင်း (Reuse) သည် အလွန်အသုံးဝင်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဉပမာအားဖြင့် - ရေအားလျှပ်စစ် စက်ရုံများမှ ထုတ်လွှတ်ရေများအား စိုက်ပျိုး ရေအဖြစ် ပြန်လည်အသုံးပြုခြင်း၊ ရေချိုးပြီး ရေများကို ရေမြောင်းဖောက်၍ အပင်များ ကြီးထွားရန် ရေသွင်းခြင်း စသည်တို့ဖြစ်ပါသည်။ အခြား နည်းလမ်းတစ်ခုမှာ သုံးစွဲပြီးရေများကို ပြန်လည်သန့်စင် အသုံးပြုခြင်း နည်းလမ်း (Recycle) ဖြစ်ပါသည်။ အချို့ရေရှားသော နိုင်ငံများတွင် နေအိမ်များမှ ထုတ်လွှတ်ရေများ၊ စက်မှုလုပ်ငန်းသုံး ရေများကို စက်ရုံးများတွင် ပြန်လည်သန့်စင်၍ အသုံးပြုချခြင်း လုပ်ငန်း များရှိရာ အတုယူသင့်သည့် နည်းလမ်း ကောင်းများ ဖြစ်ပါသည်။  ကားရေဆေးခြင်း၊ သစ်ပင်ပန်းပင်ရေလောင်းခြင်းများ ပြုလုပ်ရာတွင်လည်း ရေပိုက် များ အသုံးပြုခြင်းအစား ရေကုန်ကျသုံးစွဲမှု သက်သာစေသည့် ရေပုံး၊ ရေခွက်များ အသုံးပြုသင့်သည်။ မျက်နှာသစ် သွားတိုက်ရာတွင်လည်း ရေပိုက်ခေါင်းကို အဆက် မပြတ်ဖွင့်ထားခြင်းမပြုဘဲ လိုအပ်သလောက်သာ အသုံးပြုသင့်ပါသည်။
(ဆ)ကြည်လင်သန့်ရှင်းရောဂါကင်း
    မြို့ပြရေညစ်ညမ်းမှုအတွက် စက်မှုလုပ်ငန်းများ၊ မြို့ပြချဲ့ထွင်မှုများကို စနစ်တကျ ဥပဒေများဖြင့် ထိန်းသိမ်းကြပ်မတ်ရမည်။ ကျေးလက်ဒေသများတွင်လည်း သောက်သုံး ရေကန်များတွင် အဝတ်မလျှော်ရ၊ ရေမချိုးရ စသည် ဖြင့် စနစ်တကျ ထိန်းသိမ်းရမည်။ ကျေးလက်ရေထုညစ်နွမ်းမှုတွင် ကျန်းမာရေးနှင့် ညီညွတ်သော မိလ္လာစနစ်မရှိခြင်းနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများလည်း ပါဝင်ပါသည်။ ရေချွေတာမှု အရေးကြီးသကဲ့သို့ သောက်သုံးရေ၊ စိုက်ပျိုးရေ အရည်အသွေး ထိန်းသိမ်းခြင်းသည်လည်း လွန်စွာအရေးကြီး ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနများအနေဖြင့် အသိပညာ ဗဟုသုတ မျှဝေခြင်း၊ စည်းရုံးဆောင်ရွက်ခြင်းများကို ဆောင်ရွက်သင့်ပါ သည်။ ထို့ပြင် ရေစီမံခန့်ခွဲမှု၊ သိုလှောင်အသုံးချမှုတို့နှင့် ဆက်စပ်၍ ဒေသအလိုက် ထူးခြားသော အလေ့အထများလည်း ရှိတတ်ကြသေးသည်ဖြစ်ရာ မိမိသိရှိသော ဗဟုသုတများကို မိမိပတ်ဝန်းကျင်၊ မိမိအသိုက် အဝန်းသို့ တက် အားသမျှ ဝေမျှပေးခြင်းသည်လည်း ကောင်းမွန်သော အလေ့အထကောင်း တစ်ခု ဖြစ်ပါသည်။
    နိဂုံးချုပ်အနေဖြင့် ရေသည် လူသားအားလုံး၏ ရပိုင်ခွင့်ဖြစ်သကဲ့သို့ ရေကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးသည်လည်း လူသားတစ်ဉီးချင်းစီတိုင်း၏ တာဝန်ဖြစ်ပါသည်။ ကျွန်ုပ်တို့တစ်ဉီး ချင်းစီ၏ အမှတ်တမဲ့ အကျိုးရှိစွာ မသုံးလိုက် နိုင်သော ရေစက် အနည်းငယ်သည် တခြား ကမ္ဘာ့ တစ်နေရာတွင် စပါးတစ်ခင်း၊  သောက်ရေတစ်အိုး၊ လျှပ်စစ်မီးတစ်ပွင့်၊ လူ့အသက် တစ်ချောင်းအတွက် အသုံးဝင်ကောင်းဝင်နေနိုင်ပါ လိမ့်မည်။ ထို့ကြောင့်ကျွန်ုပ်တို့လူသား အားလုံး၏နေ့စဉ်လူနေမှုဘဝများ အေးမြလှပရန် အတွက် ရေကိုသတိရှိရှိဖြင့် အကျိုးရှိစွာ စနစ်တကျ ချွေတာသုံးစွဲကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                          အေးမြင့်ဆွေ(ဆည်/ရေ)