ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် ရေအရင်းအမြစ်စီမံမှုများ စာတမ်းဖတ်ပွဲကျင်းပ
  • Wed, 10 April 2024

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် ရေအရင်းအမြစ်စီမံမှုများ စာတမ်းဖတ်ပွဲကျင်းပ



    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် ရေအရင်း အမြစ်စီမံမှုများ စာတမ်းဖတ်ပွဲ၊ ဖွင့်ပွဲ အခမ်း အနားကို (၈-၄-၂၀၂၄)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခ ချုပ်များ၊ စာတမ်းရှင်များနှင့် လေ့လာသူများ တတ်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ စာတမ်းရှင်များနှင့် လေ့လာသူများက အွန်လိုင်းမှ တတ်ရောက်ကြသည်။
ရေစီမံခန့်ခွဲမှုများကို ဂရုပြုဆောင်ရွက်
    ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် လယ်ယာ ကဏ္ဍကို အခြေခံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးသီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြေယာကို အကျိုးရှိစွာ အသုံးချနိုင်ရေး ရေရရှိရေးနှင့် စနစ်တကျသုံးစွဲ ရေး၊ သီးနှံအမျိုးအစားအလိုက် ဒေသများနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်အသုံး ပြုနိုင်ရေး၊ ဒေသအလိုက် လိုက်လျောညီထွေရှိမည့် ခေတ်မီနည်း   ပညာများ သုံးစွဲနိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိအောင် ဆောင်ရွက်နိုင်ရေးတို့ကို စီမံဆောင်ရွက်ရန် လိုအပ် မည်ဖြစ်ကြောင်း၊ သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းသည် ရာသီဥတုအပေါ် များစွာ တည်မီနေ သဖြင့် ယနေ့တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို သတိချပ်ကာ ရေစီမံခန့်ခွဲမှုများကို ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
    မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်သော လယ်ယာကဏ္ဍဖော်ဆောင်နိုင်ရေးအတွက် Myanmar Climate Smart Agriculture Strategy ကို ပြုစုထုတ်ပြန်ထားပြီးဖြစ်၍ သွေဖည်မှု မရှိစေဘဲ စီမံဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယခုအခါ ကမ္ဘာ တစ်ဝန်းလုံးတွင် အယ်နီညို သက်ရောက်မှုများနှင့် လာနီညာ သက်ရောက်မှုများ ကြုံတွေ့ရလျက်ရှိရာ လယ်ယာစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ ကြို တင်စီမံဆောင်ရွက်နိုင်မှသာ နိုင်ငံနှင့် ဒေသခံတောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရာရောက်မည်ဖြစ်ပါကြောင်း။စိုက်ပျိုးရေးပေးဝေမှုကဏ္ဍများတွင်လည်း ရေအလေအလွင့် နည်းပါးစွာ စီမံဆောင်ရွက်၍ ရေ  အသုံးချသူ တောင်သူလယ်သမားများ ပါဝင်သည့် “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်” အကောင်အထည်ဖော်မှု ကဏ္ဍများကိုလည်း အရှိန်အဟုန်မပြတ်ဆောင်ရွက်သွားရန် တိုက်တွန်း အပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အောက်ရှိ ဌာနများတွင် နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ စာတမ်းဖတ်ပွဲများ စကားဝိုင်းဆွေးနွေးပွဲများ အခါအားလျော်စွာ ဆောင်ရွက် လျက်ရှိရာ ဆည်မြောင်း ကဏ္ဍတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော အင်ဂျင်နီယာများ၊အတတ် ပညာရှင်များနှင့် ဝန်ထမ်း များအနေဖြင့်လည်း မိမိတို့ တတ်ကျွမ်းရမည့် နည်းပညာများကို လေ့လာသင်ယူ၍ ယနေ့ဖြစ်ပေါ် နေသော အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် လက်တွေ့အသုံးချရန်ကိုလည်း တိုက်တွန်း ပြောကြားလိုပါကြောင်း ပြောကြားသည်။
    ထို့နောက် “ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် ရေအရင်းအမြစ်စီမံမှုများ ” စာတမ်းဖတ်ပွဲကို ကျင်းပရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာတမ်းဖတ်ပွဲ၏ ရည်ရွယ် ချက်ကို ရှင်းလင်းဆွေးနွေးသည်။
စာတမ်း(၁၂)စောင် ဖတ်ကြားဆွေးနွေး
    ဆက်လက်၍ စာတမ်းဖတ်ပွဲကို ကျင်းပရာ (၈-၄-၂၀၂၄)ရက်နေ့တွင် စာတမ်း(၁၂)စောင် ဖတ်ကြားဆွေးနွေးခဲ့ကြပြီး (၉-၄-၂၀၂၄)ရက်နေ့တွင် စာတမ်း(၁၂)စောင် ဖတ်ကြား ဆွေးနွေးခဲ့ ကြပါသည်။
    (၂)ရက်ကြာကျင်းပသည့် စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများ တတ်ရောက်အားပေးကြပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်း စာတမ်းရှင်များက မြို့ပြ၊ စက်မှု၊ လျှပ်စစ်၊ ဘူမိ၊ ဇလ၊ မြေအောက်ရေနှင့် အခြားဆက်စပ်ကဏ္ဍ အသီးသီးမှ စာတမ်း(၂၄)စောင်ကို တင်သွင်းဖတ်ကြားကာ အဆိုပါစာတမ်းများနှင့် စာတမ်းဖတ်ပွဲ တက်ရောက်လာကြသူများ၏ ဆွေးနွေးချက် သုံးသပ်ချက်နှင့် အကြံပြုချက် များကို ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရေး ဦးစီးဌာနအနေဖြင့် စနစ်တကျ ထည့်သွင်းစီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။