လယ်ယာထွက်စွန့်ပစ်ပစ္စည်းများမှ စီးပွားဖြစ် သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေး နည်းပညာပေးသရုပ်ပြပွဲကို ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့ တက်ရောက်
  • Wed, 9 August 2023

လယ်ယာထွက်စွန့်ပစ်ပစ္စည်းများမှ စီးပွားဖြစ် သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေး နည်းပညာပေးသရုပ်ပြပွဲကို ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့ တက်ရောက်


         






လယ်ယာထွက်သီးနှံအကြွင်းအကျန်များ၊ စားဖိုဆောင်စွန့်ပစ်ပစ္စည်းများမှ စီပွားဖြစ် သဘာဝမြေဩဇာ ပြုလုပ်ခြင်း သရုပ်ပြပွဲကို (၆.၈.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ၌ ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွဋ်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိ သူများ၊ တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနားနှင့် ဇမ္ဗူသီရိမြို့နယ်များမှ  တောင်သူများ တက်ရောက်ခဲ့ကြ သည်။
အခမ်းအနား၌ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်မှ ဝန်ကြီးဌာနနှင့်တောင်သူများ ပူးပေါင်းကာ သုတေသနများ လုပ်ဆောင်၍ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အလားတူစားဖိုဆောင်မှ ထွက်ရှိသော ဆွေးမြေ့နိုင်သည့် အကြွင်းအကျန် အမှိုက်များကိုလည်း သဘာဝမြေဆွေး(Compost)ပြုလုပ်၍ သုံးစွဲနေကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် လေမှုတ်စနစ်ပါရှိသော မြေဆွေးပြုလုပ်နည်းပညာများကို အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းရှင်များ အလွယ်တကူထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ထားရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ တောင်သူများ အချိတ်အဆက်မိမိဆောင်ရွက်ရန်နှင့် လက်လှမ်းတမီ သုတေသနပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် သက်ဆိုင်သူအားလုံးတို့က ညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်မှ ရေအသုံးချသူများအဖွဲ့ (WUG)များ ဖွဲ့စည်းပေးထားပြီဖြစ်၍ ဌာနနှင့် တောင်သူများပူးပေါင်း၍ မိုးသီးနှံအောင်ရေရရှိ၍ နွေသီးနှံစိုက်ပျိုးနိုင် ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဖြေရှင်းကြရမည်ဖြစ်ပါကြောင်း၊ ရေအသုံးချသူများအဖွဲ့ (WUG) အစုအဖွဲ့ များမှ ရေအသုံးချသူများအသင်း (WUA) အဖြစ် တိုးချဲ့ဖွဲ့စည်း၍ ရေသောက်ဒေသတစ်ခုချင်း၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်အောင်မြင်ရေး ပူးပေါင်းကြိုးပမ်းသွာကြရန် ပြောကြားခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်မှ နိုင်ငံတကာတွင် လူထုအခြေပြု သဘာဝမြေဆွေး ထုတ်လုပ်နေမှုနှင့် မြေဆွေးထုတ်လုပ်မှု နည်းစနစ် Video မှတ်တမ်းကို ပြသ၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် သုတေသနပြုထုတ်လုပ်ထားရှိသော လေပေး စနစ်ဖြင့် ကောက်ရိုးများ၊ သစ်ရွက်စိမ်းများ၊ နွားချေးများအား သဘာဝမြေဆွေး ပြုလုပ်သည့် မြေဆွေး ထုတ်လုပ်မှုစနစ်ကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ငလိုက်ဆည်ရေသောက်စနစ် ရေပေးမြောင်းတစ်လျှောက် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များ ကို ဆွေးနွေးမှာကြားခဲ့သည်။
ငလိုက်ရေလှောင်တမံဆည်ရေသောက်စနစ်ရှိ လယ်မြေ (၈၉၈၄) ဧက ကို အပြည့်အဝ စိုက်ပျိုးရေပေးဝေနိုင်ရေး လျာထားချက်အတိုင်း ပေးဝေလျက်ရှိပြီး ရေဝင်ရောက်မှုအခြေအနေပေါ် မူတည်၍ ကျန်ရှိဧကအားဖြည့်စွက်ပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။