ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ နောက်ခံသမိုင်းမှာ မြန်မာနိုင်ငံရှိ ဆည်မြောင်းလုပ်ငန်းများအပေါ် အခြေခံ၍ အစဉ်တစိုက် ဖြစ်ပေါ်တိုးတက်ခဲ့ခြင်း ဖြစ်ပါသည်။ သမိုင်းအထောက်အထားများအရ မြန်မာနိုင်ငံတွင် ဆည်မြောင်းလုပ်ငန်းများကို ပုဂံခေတ်မတိုင်မီ ပျူခေတ်ကတည်းကပင် စတင်ခဲ့ပါသည်။ မိတ္ထီလာကန်၊ ကျောက်ဆည်ဒေသမှ ကင်းတား၊ ငပြောင် စသည့်ရေလွှဲဆည်များနှင့် ရွှေဘိုဒေသမှ မူးတူးမြောင်းဟောင်း၊ မဟာနန္ဒာကန်စသည့် ဆည်မြောင်းများသည် ထင်ရှားသော သာဓကများ ဖြစ်ပါသည်။ ကိုလိုနီခေတ် (၁၈၆၁) ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအောက်ပိုင်း၌ ပြည်သူ့လုပ်ငန်းများ ထိန်းသိမ်းခြင်းနှင့် တည်ဆောက်ခြင်းလုပ်ဆောင်ရန် ပြည်သူ့လုပ်ငန်းဌာနကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုဌာနကို အင်ဂျင်နီယာချုပ်တစ်ဦးတည်းကသာ ဌာနအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထိုစဉ်က ဆည်မြောင်းဌာနဟု သီးခြားမရှိခဲ့ပါ။ ပြည်သူ့လုပ်ငန်းဌာနကသာ ဆည်မြောင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် လမ်းအဆောက်အအုံများနှင့် ဆည်မြောင်းလုပ်ငန်းများမှာ တဖြည်းဖြည်းနှင့် တိုးတက်ကျယ်ပြန့်လာခဲ့ရာ ရွှေဘိုတူးမြောင်း၊ မန္တလေးတူးမြောင်းနှင့် မုန်း၊ မန်း၊ စလင်း တူးမြောင်းများကဲ့သို့သော ဆည်မြောင်းသီးသန့်လုပ်ငန်းကြီးများ၊ (၁၈၈၁ ခုနှစ်မှ ၁၉၁၇ ခုနှစ်အထိ) ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ တာတမံများကဲ့သို့ တာတမံတည်ဆောက်ထိန်းသိမ်းခြင်းလုပ်ငန်းများ မြန်မာပြည်အနှံ့အပြားတွင် ပေါ်ပေါက်ခဲ့သည့်အပြင် ဆည်မြောင်းလုပ်ငန်းဆိုင်ရာ ပညာရပ်များဖြစ်သည့် ရေနှင့်သက်ဆိုင်သော ဇလဗေဒသိပ္ပံ၊ ဟိုက်ဒရောလစ်သိပ္ပံနှင့် ဆည်မြောင်းအင်ဂျင်နီယာသိပ္ပံပညာရပ်များမှာတစ်နေ့တစ်ခြားပိုမိုတိုးတက် ထွန်းကားကျယ်ပြန့်လာခဲ့ပါသည်။(၁၉၁၇)ခုနှစ်ခန့်တွင်ပြည်သူ့လုပ်ငန်းဌာနကိုအဆောက်အအုံနှင့် လမ်းဌာနခွဲ၊ ဆည်မြောင်းဌာနခွဲဟူ၍ သီးခြားဌာနခွဲများဖွဲ့စည်းခဲ့ပြီး ဌာနခွဲတစ်ခုစီကို အင်ဂျင်နီယာချုပ်တစ်ဦးစီက အုပ်ချုပ်ခဲ့ပါသည်။ (၁၉၂၉) ခုနှစ်တွင် ပြည်သူ့လုပ်ငန်းဌာနနှင့် ဆည်မြောင်းဌာနတို့သည် သီးခြားရုံးများ ဖွင့်လှစ်တည်ထောင်ကြသဖြင့် ဆည်မြောင်းဌာနအနေနှင့် ထိုအချိန်မှစ၍ သီးသန့်ဌာနအဖြစ် ပေါ်ပေါက်ခဲ့ပါသည်။

ပထမကမ္ဘာစစ်ကြီးပြီးစအချိန်ကာလတွင် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းပမာဏနှင့် လိုက်လျောညီစွာ ဆည်မြောင်းဌာနသည် အထက်မြန်မာပြည် ဆည်မြောင်းတိုင်း (၂) တိုင်းနှင့် အောက် မြန်မာ ပြည်ဆည်မြောင်းတိုင်း(၂)တိုင်း၊ စုစုပေါင်း(၄)တိုင်းအထိ တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ သို့ရာတွင် ၁၉၃၀ – ၁၉၃၁ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြီး ဆိုက်ရောက်ချိန်၌ ကိုလိုနီစနစ်အုပ်ချုပ်မှု ယန္တရား အောက်တွင် ဆည်မြောင်း တိုင်း(၄)တိုင်းကို အထက်မြန်မာပြည်တွင် ဆည်မြောင်းတိုင်းဟူ၍ လည်းကောင်း၊ အောက်မြန်မာပြည်တွင် မြစ်ဝကျွန်းပေါ်တိုင်းဟူ၍လည်းကောင်း၊တိုင်း(၂)တိုင်းထိလျော့ချပြီး စုစုပေါင်းဆည်မြောင်းခရိုင် ( ၉ ) ခရိုင် ဖြင့် ဆည်မြောင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံမှ ဗြိတိသျှတို့ဆုတ်ခွာသွားစဉ် မြန်မာအစိုးရအဖွဲ့ကို အိန္ဒိယတွင်ထားရှိချိန်၌ ဆည်မြောင်းဌာနခွဲကို လယ်ယာနှင့်ကျေးလက်စီးပွားရေးဌာနအောက်တွင် ထားရှိခဲ့ပါသည်။

၁၉၆၃ ခုနှစ်တွင်ကချင်၊ကယားနှင့် ရှမ်းပြည်နယ်များရှိဆည်မြောင်းလုပ်ငန်းများနှင့် ဝန်ထမ်းအဖွဲ့အစည်းများကို ဆည်မြောင်းဌာနအောက်သို့ လွှဲပြောင်းပေးပြီး လုပ်ငန်းများကို လုပ်ဆောင်စေခဲ့ပါသည်။ ၁၉၆၆ခုနှစ်တွင် လယ်ယာလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လက်ရှိဆည်မြောင်း တာတမံများကို ပြုပြင်ထိန်းသိမ်းခြင်းသာမက မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လုပ်ငန်းသစ်များကိုလည်း စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်စေသဖြင့် ဆည်မြောင်းဌာန၏ ဝန်ထမ်းအင်အားကိုလည်း တိုးချဲ့ခဲ့ပါသည်။

၁၉၇၂ ခုနှစ်တွင်လယ်ယာနှင့်သစ်တောဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့် ကော်ပိုရေးရှင်းများကို ပြန်လည်ဖွဲ့စည်းရာ၌ မြေယာကျေးလက်တိုးတက်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းနှင့် လယ်ယာမြေတိုးချဲ့ရေးဌာနစုကို ဆည်မြောင်းဌာနခွဲနှင့် ပူးပေါင်းဖွဲ့စည်းပြီး ဆည်မြောင်းဦးစီးဌာနဟု အမည်ပေး၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

၁၉၈၃ ခုနှစ်၊ မေလ ( ၁၅ ) ရက်နေ့တွင် လယ်ယာနှင့် သစ်တောဝန်ကြီးဌာနကို လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂) ခုခွဲကာ ဖွဲ့စည်းခဲ့ ပါသည်။ ၁၉၉၂ ခုနှစ်၊ မတ်လ ( ၅ )ရက်နေ့တွင် နိုင်ငံတော်၏ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လယ်ယာနှင့်သစ်တောဝန်ကြီးဌာနကို လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် သစ်တောရေးရာဝန်ကြီးဌာနဟူ၍ ခွဲခြားဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ၁၉၉၆ ခုနှစ်၊ သြဂုတ်လ ( ၇ ) ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ဌာနပေါင်း (၁၁) ခု ဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိကအရေးပါသောဌာနတစ်ခုအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ဆည်မြောင်းဦးစီးဌာန(ရုံးချုပ်)တွင် စီမံရေးရာဌာနခွဲ၊ စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲ၊ ဖြည့်တင်းရေးဌာနခွဲ၊ ငွေစာရင်းဌာနခွဲ၊ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ၊ လုပ်ငန်းစစ်ဆေးရေးဌာနခွဲဟူ၍ အဓိကဌာနခွဲ (၆) ခု နှင့် ဆက်စပ်ဌာနခွဲများဖြစ်သည့် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ၊ ဘူမိဗေဒဌာနခွဲ၊ ဇလဗေဒဌာနခွဲ၊ စူးစမ်းလေ့လာရေးဌာနခွဲ၊ လွန်တူးနှင့်မိုင်းဌာနခွဲ၊ စက်မှုဌာနခွဲ၊ ရေအားလျှပ်စစ်ဌာနခွဲ စသည့် ဌာနခွဲ (၇) ခုဖြင့် ဖွဲ့စည်းထားရှိပြီး ညွှန်ကြားရေးမှူးချုပ်၏ ဦးဆောင်မှုဖြင့် ဆည်မြောင်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်ကြီးများတွင် ဆည်မြောင်းဦးစီးဌာန ထိန်းသိမ်းရေးရုံး (၁၄) ခု အပြင် နေပြည်တော်ကောင်စီနယ်မြေတွင် ထိန်းသိမ်းရေးရုံးတစ်ရုံးနှင့် ရှမ်းပြည်နယ်တွင် ရှမ်း (အရှေ့)ထိန်းသိမ်းရေးရုံးနှင့်ရှမ်း(မြောက်)ထိန်းသိမ်းရေးရုံးတို့ထပ်မံတိုးချဲ့ ဖွဲ့စည်းထားရှိသဖြင့်စုစုပေါင်း ဆည်မြောင်းထိန်းသိမ်းရေးရုံး (၁၇) ခုရှိပြီး ညွှန်ကြားရေးမှူး (၁၁)ဦး၊ ဒုတိယညွှန်ကြားရေးမှူး( ၆ )ဦးမှ တာဝန်ယူ၍ ဆည်မြောင်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

ထို့အပြင် ဆည်မြောင်းဦးစီးဌာန အုပ်ချုပ်မှုအောက်တွင် တည်ဆောက်ရေးရုံး ( ၉ )ခု ဖွဲ့စည်းထားရှိပြီး လှည်းကူး၊ ပြည်၊ မကွေး၊ရွှေဘို၊ ပျဉ်းမနား၊ ရန်ကုန်၊ မိတ္ထီလာမြို့ကြီးများတွင် တည်ဆောက်ရေး အခြေစိုက်ရုံးများဖွင့်လှစ်ကာ ဆည်မြောင်းတည်ဆောက်ရေးလုပ်ငန်းများကို ညွှန်ကြားရေးမှူးများမှ တာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ထိုနည်းတူစွာ နေပြည်တော်ရှိ အင်ဂျင်နီယာချုပ် (စက်မှု) အုပ်ချုပ်မှုအောက်တွင် ရန်ကုန်၊ တောင်ငူ၊ မကွေးနှင့်မန္တလေးမြို့ကြီးများ၌ စက်မှုတိုင်းဌာနကြီးများ၏ အခြေစိုက်ရုံးများဖွင့်လှစ်ပြီး ညွှန်ကြားရေးမှူး ( စက်မှု )များမှ မိမိတို့သက်ဆိုင်ရာ တည်ဆောက်ရေး၊ ထိန်းသိမ်းရေးလုပ်ငန်းများ အလိုက် စက်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ( ၁၅ )ရက်တွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အုပ်ချုပ်မှုအောက်၌ ဆည်မြောင်းဦးစီးဌာနနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ ဌာန (၂) ခုတို့ကို ပူးပေါင်း၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ထို့နောက် ၂၀၁၆ ခုနှစ်၊ ဧပြီလ ( ၁ )ရက်နေ့မှစတင်၍ ယခင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအား သမဝါယမဝန်ကြီးဌာန၊ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းလျက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ဝန်ကြီးရုံး(၃)ရုံးအား ဝန်ကြီးရုံး (၁)ရုံးအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး ဝန်ကြီးရုံးအောက်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အပါအဝင်ဌာန(၁၃) ခု ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နိုင်ငံအဝှမ်းတွင် တည်ဆောက် ထိန်းသိမ်းထားရှိသော ရေအားအဆောက်အဉီများမှာ (၂၀၂၀)ခုနှစ် ဒီဇင်ဘာလထိ ရေလှောင်တမံ (၂၃၅)ခု၊ ရေလွှဲဆည် (၁၀၇)ခု၊ ကန် (၇၁)ခု၊ ရေတံခါး (၁၆၈)ခု နှင့် မြစ်ရေတင်လုပ်ငန်း (၂၁၀)ခုရှိပြီး စိုက်ပျိုးရေပေးဝေခြင်း၊ သောက်သုံးရေပေးဝေခြင်းနှင့် အချို့ရေလှောင်တမံများမှ ရေအားလျှပ်စစ်ထုတ် လွှတ်ပေးခြင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မြို့ပြကျေးရွာများနှင့် စိုက်ပျိုးမြေများရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခြင်းကင်း ဝေးစေရန် တည်ဆောက်ထိန်းသိမ်းထားရှိသော ရေဘေးကာကွယ်ရေးတာနှင့် ရေငန်တားတာ စုစုပေါင်း (၂၂၁)ခုနှင့် အလျားမိုင်ပေါင်း (၂၄၆၆)မိုင်ခန့်ရှိပြီး မြေဧရိယာဧက နှစ်ဆယ့်ခြောက်သိန်းကျော်ကို ရေဘေးကာကွယ်ပေးလျက်ရှိပါသည်။

သို့ဖြစ်ပါ၍စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေဖူလုံစွာရရှိစေ ရေး နှင့် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်မှ လျော့ပါးသက်သာစေရေးလုပ်ငန်းများကို ဦးဆောင် အခန်းကဏ္ဍ မှ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။